အိန္ဒိယဆယ်ကျော်သက်အား မုဒိမ်းကျင့်ခဲ့မှုဖြင့် ထင်ရှားသောဂုရုတစ်ဦး ထောင်ဒဏ်တစ်သက် ချမှတ်ခံခဲ့ရ

အိန္ဒိယဆယ်ကျော်သက်အား မုဒိမ်းကျင့်ခဲ့မှုဖြင့် ထင်ရှားသောဂုရုတစ်ဦး ထောင်ဒဏ်တစ်သက် ချမှတ်ခံခဲ့ရ
Published 26 April 2018

၂၀၁၃ ခုနှစ် အောက်တိုဘာ ၂၄ ရက်က Jodhpur မြို့တွင် စွပ်စွဲခံရသူ အာသရမ်ဘာပူ(လယ်)ကို ရဲများက စောင့်ကြပ်ခေါ်ဆောင်လာစဉ် (Photo - AFP)

ဆယ်ကျော်သက် သက်ဝင်ယုံကြည်သူ တစ်ဦးအား မကောင်းဆိုးဝါးများအား ဖယ်ရှားပေးမည်ဟု အကြောင်းပြလျက် မုဒိမ်းကျင့်ခဲ့မှုဖြင့် ထင်ရှားသော အိန္ဒိယဘာသာရေး ဂုရုတစ်ဦးသည် ဧပြီ ၂၅ ရက်တွင် ထောင်ဒဏ်တစ် သက်ချမှတ်ခံခဲ့ရကြောင်း ၎င်း၏ ရှေ့နေက ပြောကြားခဲ့သည်။ သြဇာတိက္ကမ အကြီးဆုံးနှင့် အငြင်းပွားဖွယ်နတ်အလား  ယုံကြည်ခံခဲ့ရသူတစ်ဦးဖြစ်သော အာသရမ်ဘာပူသည် ရာဂျက်စတန်ပြည်နယ်တွင် ပိတ်လှောင်ထားသော အကျဉ်းခန်း၌ ကြားနာမှုတွင် အမြင့်ဆုံးထောင်ဒဏ် ချမှတ်ခံခဲ့ရသည်။

အာသရမ်သည် သေသည်အထိ ထောင်ဒဏ်တစ်သက် ကျခံခဲ့ရကြောင်း ၎င်း၏ ရှေ့နေအဖွဲ့မှ ရှေ့နေရာဂျင်ဒရာဆင်းက နိုင်ငံအနောက်ပိုင်း Jodhpur မြို့ရှိ တရားရုံးအပြင်ဘက်၌ ပြောကြားခဲ့သည်။ ကာမဂုဏ်များမှ လွတ်မြောက်ရာဘဝတွင် နေထိုင်ရန် နောက်လိုက်များအား တိုက်တွန်းသော အသက် ၇၇ နှစ်ရှိပြီဖြစ်သော အာသရမ်က ၂၀၁၃ ခုနှစ်တွင် Jodhpur မြို့၌ ဘာသာရေး ရိပ်သာတစ်ခုတွင် အသက် ၁၆ နှစ်ရှိ ဆယ်ကျော်သက် အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်ခဲ့ကြောင်း စွပ်စွဲချက်များကို အကြိမ်ကြိမ် ငြင်းဆိုထားသည်။ ယခုပြစ်ဒဏ်ကို အယူခံဝင်မည်ဟု ၎င်း၏ရှေ့နေက ပြောကြားသည်။

အာသရမ်သည် လိင်ပိုင်းဆိုင်ရာ ရာဇဝတ်မှုများအတွက် နောက်ဆုံးထောင်ဒဏ် ချမှတ်ခံခဲ့ရသော အထင်ရှားဆုံးဂုရုတစ်ဦး ဖြစ်လာခဲ့ပြီး အိန္ဒိယတွင် မကြာသေးမီ သီတင်းပတ်များအတွင်း ကလေးငယ်များအား မုဒိမ်းကျင့်မှုများကို နိုင်ငံတစ်ဝန်း၌ ဒေါသထွက်မှု မြင့်တက်နေစဉ် ယခုကဲ့သို့ ပြစ်ဒဏ်ချမှတ်ခံခဲ့ရခြင်း ဖြစ်သည်။ အာသရမ်နှင့်အတူ ပူးတွဲစွပ်စွဲခံခဲ့ရသည့် အမျိုးသမီးတစ်ဦးအပါအဝင် လေးဦးအနက် နှစ်ဦးသည် ပြစ်မှုထင်ရှားကြောင်း ဆုံးဖြတ်ခံခဲ့ရပြီး ထောင်ဒဏ်အနှစ် ၂၀ စီ ချမှတ်ခံခဲ့ရကာ အခြားနှစ်ဦးမှာမူ ပြစ်ဒဏ်မှ လွတ်မြောက်ခဲ့သည်။

ဘာပူဂျီသည် ပြစ်မှုထင်ရှားကြောင်း စီရင်ချက်ချမှတ်ခံခဲ့ရပါက ၎င်း၏နောက်လိုက်များက အဓိကရုဏ်းများ ဖန်တီးမည်ကို စိုးရိမ်မှုထွက်ပေါ်နေစဉ် ထိုကြားနာမှုအတွက် မီဒီယာကို ပိတ်ပင်ထားပြီး အကျဉ်းထောင်ကို လုံခြုံရေးတင်းကျပ်ထားခဲ့သည်။

ယခုအခါ အသက် ၂၁ နှစ်ရှိပြီဖြစ်သော ထိုမိန်းကလေးက အာသရမ်သည် မကောင်းသောအရာများအား နှင်ထုတ်ပေးမည်ဟု အကြောင်းပြလျက် ၎င်းအား မုဒိမ်းကျင့်ခဲ့ကြောင်း စွပ်စွဲခဲ့သည်။ စစ်ဆေးမေးမြန်းရန် ၂၀၁၃ ခုနှစ်ကတည်းက ထိန်းသိမ်းခံထားရသည့် ဂုရုက ထိုကြားနာစစ်ဆေးမှုသည် နိုင်ငံရေးအရ ပူးပေါင်းကြံစည်မှုဖြစ်ပြီး ရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးမှုတွင် ပူးပေါင်းပါဝင်ရန် ငြင်းဆိုခဲ့သည်။ အာသရမ်အား ထုတ်ဖော်စွပ်စွဲသူများကို ၎င်းင်းတို့၏စွပ်စွဲချက်များ ပြန်လည်ရုပ်သိမ်းရန်အတွက် ဂုရု၏နောက်လိုက်များက တိုက်ခိုက်ခြင်း သို့မဟုတ် ဖိအားပေးခြင်းတို့ လုပ်ဆောင်ခဲ့သည်ဟု စွပ်စွဲခံထားရသည်။ ဂုရုအားစွပ်စွဲရန် အဓိကမျက်မြင်သက်သေ နှစ်ဦးအဖြစ် ဆောင်ရွက်ခဲ့သည့် ၎င်း၏အနီးကပ် လက်ထောက်နှစ်ဦးသည် ၂၀၁၄ ခုနှစ် နှင့် ၂၀၁၅ ခုနှစ်တို့တွင် သတ်ဖြတ်ခံခဲ့ရသည်။

အာသရမ်သည် နောက်ထပ် နောက်လိုက်တစ်ဦးအား မုဒိမ်းကျင့်မှု၊ ၎င်း၏ နောက်ထပ်ဟိန္ဒူရိပ်သာတစ်ခုတွင် ကျောင်းသားနှစ်ဦး သေဆုံးခဲ့မှု၌ ပါဝင်ပတ်သက်မှုတို့အတွက် စွပ်စွဲခံထားရသည်။ ၎င်း၏သားသည်လည်း မုဒိမ်းကျင့်မှုစွဲချက်ဖြင့် ရုံးတင်စစ်ဆေးခံနေရသည်။

Ref ; AFP

Most Read

Most Recent