နျူကလီးယား သဘောတူညီချက်မှ အမေရိကန် နုတ်ထွက်ပါက ယူရေနီယံသန့်စင်ရေးကို အားကောင်းကောင်းဖြင့် ပြန်စမည်ဟု အီရန် ခြိမ်းခြောက်

နျူကလီးယား သဘောတူညီချက်မှ အမေရိကန် နုတ်ထွက်ပါက ယူရေနီယံသန့်စင်ရေးကို အားကောင်းကောင်းဖြင့် ပြန်စမည်ဟု အီရန် ခြိမ်းခြောက်
Published 23 April 2018

ဧပြီ ၁၈ ရက်က တီဟီရန်တွင် ပြုလုပ်ခဲ့သော စစ်ရေးပြအခမ်းအနား တစ်ခုအတွင်း အီရန် စစ်တပ်ထရပ်ကားတစ်စီးက မြေပြင်-ဝေဟင်ပစ် ဒုံးကျည်များအား သယ်ဆောင်လာသည်ကို တွေ့ရစဉ် (Photo: AFP)

၂၀၁၅ ခုနှစ်က ရရှိခဲ့သည့် နျူကလီးယားသဘောတူညီချက်ကို အမေရိကန်က စွန့်ပစ်လိုက်ပါက အီရန်သည် ယူရေနီယံသန့်စင်ရေးလုပ်ငန်းများကို အားကောင်းကောင်းနှင့် ပြန်လည်စတင်ရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်း အီရန်က ဧပြီ ၂၁ ရက်တွင် သတိပေးခဲ့သည်။ အမေရိကန်၏ နုတ်ထွက်ခြင်းကို တုံ့ပြန်သည့်အနေနှင့် အီရန်သည် ပြင်းထန်သည့် အခြားသော လုပ်ဆောင်ချက်များ လုပ်ဆောင်ရေးအတွက်လည်း စဉ်းစားနေသည်ဟု သိရသည်။

အမေရိကန်၏ နုတ်ထွက်မှုကို တုံ့ပြန်ရန်အတွက် အီရန်သည် နျူကလီးယားဗုံးတစ်လုံး ထုတ်ရန် ကြိုးပမ်းမည်မဟုတ်သော်လည်း သန့်စင်သော ယူရေနီယံထုတ်လုပ်မှုများကို ပြန်စမည်ဖြစ်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဂျာဗာဇာရစ်က နယူးယောက်တွင် သတင်းထောက်များကို ပြောကြားခဲ့ခြင်းဖြစ်သည်။ သန့်စင်သော ယူရေနီယံများသည် နျူကလီးယားဗုံးလုပ်ရန် အဓိကပါဝင်ပစ္စည်းဖြစ်သည်။

၂၀၁၅ ခုနှစ်ကရရှိခဲ့သည့် နျူကလီးယား သဘောတူညီချက်ကြောင့် အီရန်သည် ၎င်း၏နျူကလီးယားစီမံကိန်းကို ထိန်းချုပ်လိုက်ပြီး အပြန်အလှန်အနေနှင့် နိုင်ငံတကာ၏ ပိတ်ဆို့အရေးယူမှု လျှော့ချပေးခြင်းကို ရရှိခဲ့သည်။ သို့သော် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ထို ၂၀၁၅ ခုနှစ် သဘောတူညီချက်ကို မေ ၁၂ ရက် နောက်ဆုံးထား၌ ပြန်ပြင်ရန် ဥရောပနိုင်ငံတို့ကို အချိန်သတ်မှတ်ပေးထားသည်။

အီရန်နိုင်ငံခြားရေးဝန်ကြီး ဇာရစ်၏ ပြောကြားချက်သည် အီရန်ဘက်မှ ပိုမိုတင်းမာလာသော သတိပေးမှုများ၏ နောက်ဆုံးတစ်ခုလည်းဖြစ်လာခဲ့သည်။ ယခုလအစောပိုင်းကလည်း အီရန်သမ္မတ ဟတ်ဆန်ရိုဟာနီက အမေရိကန်သည် နျူသဘောတူညီချက်မှ နုတ်ထွက်ပါက နောင်တရမည်ဖြစ်ပြီး အီရန်သည် သီတင်းတစ်ပတ်အတွင်းမှာပင် ပြန်လည်တုံ့ပြန်မည်ဟု သတိပေးခဲ့သည်။

ဧပြီ ၂၃ ရက်တွင် ပြင်သစ်သမ္မတ အီမန်နျူယယ်မက်ခရွန်၏ အမေရိကန်ခရီးစဉ်ထဲ၌ အီရန်နျူကလီးယား သဘောတူညီချက်ကိစ္စသည် အဓိကဆွေးနွေးမည့် အကြောင်းအရာဖြစ်သည်။ ထို့ပြင် အဆိုပါကိစ္စအတွက် ဆွေးနွေးရန်ပင် ဂျာမနီဝန်ကြီးချုပ် အိန်ဂျလာမာကယ်သည် ဝါရှင်တန်သို့ ဧပြီ ၂၈ ရက်တွင် လာဦးမည်ဖြစ်သည်။

အကယ်၍ အမေရိကန်က နုတ်ထွက်လိုက်ပါက အီရန်သည် သဘောတူညီချက်၌ ပါဝင်လက်မှတ်ထိုးထားသည့် အခြားနိုင်ငံများဖြစ်ကြသော ဗြိတိန်၊ တရုတ်၊ ပြင်သစ်၊ ဂျာမနီ၊ ရုရှားတို့နှင့်အတူ သဘောတူညီချက်ထဲတွင် ဆက်ရှိနေမည်မှာ ဖြစ်နိုင်ခြေ အလွန်နည်းကြောင်းလည်း နိုင်ငံခြားရေးဝန်ကြီး ဇာရစ်က ပြောကြားခဲ့သည်။