ထိုင်းပြည့်တန်ဆာဂိုဏ်းကို ဂျာမန်ရဲတပ်ဖွဲ့များ စီးနင်းဖြိုခွင်း

ထိုင်းပြည့်တန်ဆာဂိုဏ်းကို ဂျာမန်ရဲတပ်ဖွဲ့များ စီးနင်းဖြိုခွင်း
Published 20 April 2018

ဂျာမနီမြောက်ပိုင်း ဟမ်းဘတ်မြို့တွင် ဧပြီ ၁၈ က ဝင်ရောက်စီးနင်းခဲ့စဉ် ကားအတွင်း ဝင်နေသော အမျိုးသမီးတစ်ဦးအား စောင့်ကြည့်နေသည့် ဖက်ဒရယ်ရဲများ (Photo: AFP)

ပြည့်တန်ဆာလုပ်ငန်းအတွက် ထိုင်းနိုင်ငံမှ အမျိုးသမီးများနှင့် လိင်ပြောင်းထားသူ ရာပေါင်းများစွာကို မှောင်ခိုကူးနေသည့် ဂိုဏ်းတစ်ဂိုဏ်းအား ဧပြီ ၁၈ ရက်က သမိုင်းတစ်လျှောက် အကြီးမားဆုံး စီးနင်းမှုကို ဆောင်ရွက်ခဲ့ပြီး ဖြိုခွင်းခဲ့ကြောင်း ဂျာမန်ဖက်ဒရယ်ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

ရဲတပ်ဖွဲ့ဝင် ၁၅၀၀ ခန့်သည် ဂျာမနီ၏ ပြည်နယ် ၁၅ ခုအနက် ၁၂ ခုတွင် ပြည့်တန်ဆာအိမ်နှင့် အခန်း ၆၀ ကျော်ကို စီးနင်းခဲ့ကြောင်း ဖက်ဒရယ်ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။ ယင်းစီးနင်းမှုများတွင် မသင်္ကာသူ ၅၆ ဦးကို ဖမ်းဆီးခဲ့ပြီး ၄၁ ဦးသည် အမျိုးသမီးများဖြစ်ကြောင်း အစိုးရရှေ့နေများက ပြောကြားခဲ့သည်။ ဂျာမနီနိုင်ငံတွင်းသို့ ထိုင်းအမျိုးသမီးများနှင့် လိင်ပြောင်းထားသူများကို မှောင်ခိုကူးနေသည်ဟု သံသယရှိသူ ၁၇ ဦးအဖွဲ့သည် ပင်မအုပ်စုဖြစ်ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။

နိုင်ငံကူးလက်မှတ်မလိုဘဲ သွားလာနိုင်သည့် ရှင်ကျန်ဇုန်ကို အခွင့်ကောင်းယူ၍ ဂျာမနီနိုင်ငံတွင်းသို့ မှောင်ခိုကူးခံရသူများသည် အနှိပ်ခန်းဦးဆောင်သူများအား မှောင်ခိုကူးခအဖြစ် ၎င်းတို့၏လစာကို ရာနှုန်းပြည့် လွှဲပေးခဲ့ကြရကြောင်း ထိုပမာဏသည် ဒေါ်လာ ၂၅၀၀၀ မှ ၄၅၀၀၀ ကြားရှိကြောင်း ရဲတပ်ဖွဲ့၏ ကြေညာချက်က ဆိုသည်။ လူမှောင်ခိုကူးမှုအတွက် မသင်္ကာသူ ခုနစ်ဦးအနက် တစ်ဦးသည် ၅၉ နှစ်အရွယ် ထိုင်းအမျိုးသမီးဖြစ်ကြောင်း သိရသည်။

လူမှောင်ခိုကူးမှု၊ ပြည့်တန်ဆာအဖြစ် အတင်းအကျပ်စေခိုင်းမှု၊ လစာများ အနိုင်ကျင့်ယူမှုတို့အပြင် လူမှောင်ခိုဂိုဏ်းခေါင်းဆောင်များသည် အခွန်တိမ်းရှောင်မှု စွပ်စွဲချက်ကို ရင်ဆိုင်ရမည်ဖြစ်ကြောင်း ဖရန့်ဖတ် အစိုးရရှေ့နေရုံးမှ ပြောခွင့်ရသူတစ်ဦးက ပြောကြားခဲ့သည်။ အချို့ ဂိုဏ်းခေါင်းဆောင်များသည် ထောင် ၁၅ နှစ် ကျခံရနိုင်သည်ဟု ဆိုသည်။ ဖရန့်ဖတ် အစိုးရရှေ့နေများသည် ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီမှစပြီး လူမှောင်ခိုဂိုဏ်းဖြိုခွင်းရေးအတွက် ရဲတပ်ဖွဲ့နှင့်အတူ ပူူးပေါင်းဆောင်ရွက်ခဲ့သည်။ ယင်းလူမှောင်ခိုဂိုဏ်းသည် ဝင်ငွေ ယူရို တစ်သန်းကျော်ရှိကြောင်း အစိုးရရှေ့နေများက ခန့်မှန်းထားသည်။

Ref: AFP