ဥရောပတွင် သဘောထား ကွဲလွဲမှုများသည် ပြည်တွင်းစစ်ကဲ့သို့ ဖြစ်လာနေကြောင်း ပြင်သစ်သမ္မတ မက်ခရွန် သတိပေး

ဥရောပတွင် သဘောထား ကွဲလွဲမှုများသည် ပြည်တွင်းစစ်ကဲ့သို့ ဖြစ်လာနေကြောင်း ပြင်သစ်သမ္မတ မက်ခရွန် သတိပေး
Published 18 April 2018

ဧပြီ ၁၇ ရက်က ဥရောပပါလီမန် အစည်းအဝေးတွင် မိန့်ခွန်းပြောကြားနေသော ပြင်သစ်သမ္မတ မက်ခရွန် (Photo: AFP)

ဥရောပတွင် ဒီမိုကရေစီနှင့် အာဏာရှင်ဆန်မှုတို့ကြား ကွဲလွဲမှုများသည် ပြည်တွင်းစစ်ကဲ့သို့ ဖြစ်လာနေကြောင်း ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်က ဧပြီ ၁၇ ရက်တွင် သတိပေးခဲ့သည်။ ပြင်သစ်အရှေ့ပိုင်း ဆထရက်ဘွန်းမြို့တွင် ကျင်းပသော ဥရောပပါလီမန် အစည်းအဝေးတွင် မိန့်ခွန်းပြောကြားခဲ့သော မက်ခရွန်က အမျိုးသားရေးဝါဒီတို့က ဆွဲဆောင်မှုကို ရည်ညွှန်းပြီး အတိတ်ကို မေ့လျော့ထားသော၊ အိပ်ပျော်နေစဉ် လမ်းလျှောက်သောမျိုးဆက်ကို မပိုင်ဆိုင်လိုကြောင်း ဥရောပသမဂ္ဂကို တိုက်တွန်းခဲ့သည်။

အများကြိုက်ဝါဒီ ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာအိုဘန်က အာဏာပြန်လည်ရရှိလာမှု၊ ဥရောပသမဂ္ဂနှင့် ပဋိပက္ခဖြစ်နေသော ပိုလန်လက်ယာယိမ်းအစိုးရအဖွဲ့ တို့ကဲ့သို့သော အစိုးရများကို ရည်ညွှန်း၍ ပြင်သစ်ခေါင်းဆောင်က ဥရောပသမဂ္ဂညီညွတ်ရေးကို တောင်းဆိုခဲ့သည်။

တိုက်ယူခဲ့ရသော ဥရောပအချုပ်အခြာ အာဏာကို ကာကွယ်မည့် မျိုးဆက်တစ်ခုကို ပိုင်ဆိုင်လိုကြောင်း အာဏာရှင်ဆန်မှုကို အလျှော့ပေးမည်မဟုတ်ကြောင်း မက်ခရွန်က ဥရောပပါလီမန်အမတ်များကို ပြောကြားခဲ့သည်။

“ကျွန်တော်တို့ရဲ့ ကွဲလွဲမှုတွေက ဥရောပ ပြည်တွင်းစစ်လိုပါပဲ။ ကမ္ဘာကြီးကို ညီညီညွတ်ညွတ် ရင်ဆိုင်ဖို့ထက် တစ်ခါတစ်ရံမှာ ကျွန်တော်တို့ရဲ့ ကိုယ်ကျိုးရှေ့တန်းတင်တဲ့ ဝါဒတွေက ပိုအရေးကြီးတယ်လို့ ထင်နေရပါတယ်” ဟု အသက် ၄၀ အရွယ် သမ္မတမက်ခရွန်က ပြောကြားခဲ့သည်။

မက်ခရွန်သည် ပြီးခဲ့သည့်နှစ်က လက်ယာစွန်းခေါင်းဆောင် မာရင်းလီပင်းကို ရွေးကောက်ပွဲတွင် အနိုင်ရခဲ့ပြီးနောက် ဥရောပတွင် အများကြိုက်ဝါဒီတို့ မြင့်တက်လာခြင်းကို ဟန့်တားနိုင်ခဲ့ပြီး ဥရောပလိုလားသူတို့ကြားတွင် ရှေ့တန်းခေါင်းဆောင်ဖြစ်လာခဲ့သည်။ ဥရောပသမဂ္ဂ ပြုပြင်ပြောင်းလဲရေးအတွက် သူ၏ ရည်မှန်းချက်ကို ထုတ်ဖော်ခဲ့သော မိန့်ခွန်းတွင် မက်ခရွန်က ဥရောပအရှေ့ပိုင်းနှင့် အနောက်ပိုင်းနိုင်ငံများအကြား ကွဲလွဲမှုများနှင့် သံသယကြီးထွားမှုတို့ကို စိုးရိမ်ကြောင်း ပြောကြားခဲ့သည်။ သို့သော်လည်း ဥရောပပြုပြင် ပြောင်းလဲရေးနှင့် ပတ်သက်၍ ၎င်း၏ အကြံပြုချက်များကို ဥရောပတစ်ဝန်းမှ ထောက်ခံမှုရရှိရန် မက်ခရွန်က ရုန်းကန်နေရသည်။

မက်ခရွန်သည် ယခုသီတင်းပတ်နှောင်းပိုင်းတွင် ဘာလင်သို့ သွားရောက်ပြီး ဂျာမနီဝန်ကြီးချုပ် အင်ဂျလာမာကယ်နှင့် တွေ့ဆုံကာ ယူရိုဇုန်အနာဂတ်အတွက် ၎င်း၏အစီအစဉ်များအား ဆွေးနွေးမည်ဖြစ်သည်။

အရပ်ဖက် လူ့အခွင့်အရေးများကို ဖိနှိပ်သည်ဟု စွပ်စွဲခံနေရသော ဥရောပအစိုးရများနှင့် ပတ်သက်၍ မက်ခရွန်က “ကျွန်တော်တို့ရဲ့ တုံ့ပြန်မှုဟာ ဒီမိုကရေစီအာဏာရှင် အနေနဲ့မဟုတ်ဘဲ ဒီမိုကရေစီရဲ့ အာဏာပိုင်မှုအနေနဲ့ ဆောင်ရွက်တာပါ” ဟု မက်ခရွန်က ထည့်သွင်းပြောကြားခဲ့သည်။

မက်ခရွန်၏ စကားလုံးများကို ဥရောပ ကော်မရှင်ဥက္ကဋ္ဌ ယန်းကလော်ဒီယန်ကာက ကြိုဆိုခဲ့ပြီး စစ်မှန်သော ပြင်သစ်သည် ပြန်လာပြီဟု ပြောကြားခဲ့သည်။

Ref: AFP