မြောက်ကိုရီးယားနှင့် ကုန်သွယ်ရေးဆိုင်ရာ ပြဿနာများအတွက် ဒေါ်နယ်ထရန့်နှင့် ရှင်ဇိုအာဘေးတို့ တွေ့ဆုံ

မြောက်ကိုရီးယားနှင့် ကုန်သွယ်ရေးဆိုင်ရာ ပြဿနာများအတွက် ဒေါ်နယ်ထရန့်နှင့် ရှင်ဇိုအာဘေးတို့ တွေ့ဆုံ
Published 18 April 2018

သမ္မတထရန့်နှင့် တွေ့ဆုံရန် အမေရိကန်သို့သွားမည့် ဂျပန်ဝန်ကြီးချုပ် အာဘေးနှင့်ဇနီးတို့အား ဧပြီ ၁၇ ရက်က တိုကျိုလေဆိပ်၌ လေယာဉ်မထွက်ခွာမီ နှုတ်ဆက်နေကြသည်ကို တွေ့ရစဉ် (Photo: AFP)

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် သူ၏ မာရာလာဂို အပန်းဖြေစခန်းတွင် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးကို ဧပြီ ၁၇ ရက်က လက်ခံတွေ့ဆုံခဲ့သည်။ အာဘေးသည် ဖလော်ရီဒါပြည်နယ်ရှိ ထရန့်၏ အပန်းဖြေစခန်းသို့ ဒုတိယအကြိမ်မြောက် သွားရောက်ခြင်းလည်းဖြစ်သည်။ အာဘေးနှင့် ထရန့်တို့သည် ကုန်သွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ ပြဿနာများကို အဓိကထား ဆွေးနွေးကြမည်ဖြစ်သည်။ ယမန်နှစ်က ထရန့်နှင့် အာဘေးတို့သည် Palm Beach တွင် ဂေါက်ကစားခဲ့ကြပြီး တိုကျိုတွင်လည်း ဒုတိယအကြိမ် ထပ်မံတွေ့ဆုံခဲ့ကြသည်။

သို့သော်လည်း ယခုတစ်ကြိမ်တွင် အာဘေးသည် လူထုထောက်ခံမှုနှုန်း ထိုးကျမှုနှင့် ကြုံနေရပြီး ထရန့်သည်လည်း အကျပ်အတည်းများ၊ အငြင်းပွားမှုများနှင့် ရင်ဆိုင်နေရချိန်ဖြစ်သည်။ ထရန့်သည် ယခုနှစ် မေ သို့မဟုတ် ဇွန်လတွင် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်နှင့် ထိပ်သီးဆွေးနွေးပွဲ ကျင်းပရန် စီစဉ်ထားပြီး ယင်းထိပ်သီး ဆွေးနွေးပွဲကို အာဘေးနှင့် တိုင်ပင်ခဲ့ခြင်းမရှိဘဲ ကြေညာခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ထရန့်နှင့် ကင်ဂျုံအွန်တို့၏ ထိပ်သီးဆွေးနွေးပွဲကို တောင်ကိုရီးယား တာဝန်ရှိသူတစ်ဦးက ကြေညာခဲ့ခြင်းဖြစ်သည်။

ထိုနောက်ပိုင်းမှစပြီး ထိပ်သီးဆွေးနွေးပွဲအတွက် တောင်ကိုရီးယားနှင့် တရုတ်တို့က တိုက်ရိုက်ဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ချိန်တွင် ဂျပန်က ၎င်း၏ အခန်းကဏ္ဍမှေးမှိန်ခြင်း အတွက် မသက်မသာ ဖြစ်နေခဲ့သည်။ ဂျပန်၏တည်ရှိမှုအတွက် အခက်အခဲဖြစ်စေသော မြောက်ကိုရီးယား နျူကလီးယား အကျပ်အတည်းအတွက် ဆွေးနွေးဖြေရှင်းမှုများတွင် ဂျပန်၏ လွှွမ်းမိုးမှုက ပျောက်ဆုံးနေခြင်းဖြစ်သည်။ ပြုံယမ်းသည် ဂျပန်ပင်လယ်ကိုကျော်၍ ဒုံးကျည်များ စမ်းသပ်ထားပြီး မြောက်ကိုရီးယားတို့က ဂျပန်နိုင်ငံသားများကို ပြန်ပေးဆွဲမှုများသည်လည်း ဂျပန်ပြည်တွင်းရေးတွင် အရေးကြီးသော ကိစ္စများအဖြစ် ရှိနေဆဲဖြစ်သည်။

ဂျပန်မှ ထွက်ခွာသွားချိန်တွင် အာဘေးက ပြုံယမ်းကို အမြင့်ဆုံး ဖိအားပေးသည့် မူဝါဒအား တိုကျိုက ဆက်လက်ကိုင်စွဲသွားမည်ဖြစ်ကြောင်း သတင်းထောက်များကို ပြောကြားခဲ့သည်။ ထို့ပြင် ဂျပန်နိုင်ငံသားများ ပြန်ပေးဆွဲခံရမှုကို ဖြေရှင်းရေးသည်လည်း အရေးကြီးသော အကြောင်းအရာဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဂျပန်နှင့် ကုန်သွယ်ရေးဆိုင်ရာ စေ့စပ်ညှိနှိုင်းမှုများ လမ်းပွင့်သွားဖွယ်ရှိမှုအတွက် ထရန့်က အာဘေးနှင့် တွေ့ဆုံမှုကို နိုင်ငံရေးဆိုင်ရာ အောင်ပွဲအဖြစ် အသုံးချဖွယ်ရှိသည်။ ဂျပန်တွင် အမေရိကန်စစ်စခန်း တည်ရှိမှုကို ဆန့်ကျင်မှုများ မြင့်တက်လာနေခြင်းကို ငြိမ်သက်ရန် ထရန့်က ကြိုးပမ်းနေရသည်။

အင်ဒို-ပစိဖိတ်ဒေသတွင် လွတ်လပ်၍ မျှတသော ကုန်သွယ်မှုမှတစ်ဆင့် ဂျပန်နှင့် အမေရိကန်တို့သည် စီးပွားရေးတိုးတက်မှုကို ဦးဆောင်မည်ဟု အတူတကွ လက်ခံထားမှုအား အခြေခံပြီး အတွေးအမြင်များ ဖလှယ်သွားမည်ဖြစ်ကြောင်းသာ အာဘေးက ခရီးစဉ်မတိုင်မီ ပြောကြားထားသည်။

Ref: AFP