နျူကလီးယားဖျက်သိမ်းရေးအတွက် အမေရိကန်နှင့်ဆွေးနွေးရန် မြောက်ကိုရီးယားက အသင့်ရှိနေဟု သတင်းများက ဖော်ပြ

နျူကလီးယားဖျက်သိမ်းရေးအတွက် အမေရိကန်နှင့်ဆွေးနွေးရန် မြောက်ကိုရီးယားက အသင့်ရှိနေဟု သတင်းများက ဖော်ပြ
Published 10 April 2018

မတ် ၂၇ ရက်က ဆိုးလ်ရှိ ဘူတာရုံတွင် ထရန့် (ဝဲ)၊ ကင်ဂျုံအွန် (ယာ)တို့ပုံများပါသည့် သတင်းအစီအစဉ်ကို ကြည့်ရှုနေသူတစ်ဦး (Photo - AP)

နျူကလီးယားဖျက်သိမ်းရေးအတွက် အမေရိကန်နှင့်ဆွေးနွေးရန် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က အသင့်ရှိနေကြောင်း မြောက်ကိုရီးယားတာဝန်ရှိသူများက အမေရိကန်တာဝန်ရှိသူများအား ပြောကြားခဲ့ရာ အမေရိကန်သမ္မတဒေါ်နယ်ထရန့်နှင့် တွေ့ဆုံရန်စီစဉ်ထားမှုအတွက် လမ်းဖွင့်ပေးနိုင်သည့် အာမခံမှုတစ်ခုဖြစ်ကြောင်း သတင်းများက ဖော်ပြခဲ့သည်။ ထိပ်သီးကျင်းပရန်အတွက် တောင်ကိုရီးယား သံတမန်တစ်ဦးထံမှတစ်ဆင့် မြောက်ကိုရီးယားက ဖိတ်ကြားခဲ့ပြီးနောက် ယခုကဲ့သို့ အာမခံမှုသည် ပြုံယမ်းက ဝါရှင်တန်နှင့် တိုက်ရိုက်ထိပ်သီး ကျင်းပရန် ပထမဆုံးအကြိမ်ကမ်းလှမ်းခဲ့ခြင်း ဖြစ်သည်။

ကိုရီးယားကျွန်းဆွယ်တွင် နျူကလီးယားကင်းစင်ရေးအား ဆွေးနွေးရန် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က ဆန္ဒရှိနေဟု အမေရိကန်က အတည်ပြုခဲ့ကြောင်း ထရန့်အစိုးရတာဝန်ရှိသူတစ်ဦးက ဧပြီ ၈ ရက်တွင် ဝါရှင်တန်ပို့စ်နှင့် ဝေါစထရိဂျာနယ်တို့သို့ ပြောကြားခဲ့သည်။ ထရန်နှင့် ကင်တို့အကြား ပထမဆုံးအကြိမ် သမိုင်းဝင်ထိပ်သီးအား မေလကုန်နှောင်းပိုင်းတွင် ကျင်းပရန် သဘောတူခဲ့ကြောင်း ဝါရှင်တန်က ပြီးခဲ့သောလတွင် ကြေညာခဲ့ပြီး စောင့်ကြည့်လေ့လာသူများကို အံ့အားသင့်စေခဲ့သည်။

ပြုံယမ်းတွင် ကင်နှင့် တွေ့ဆုံခဲ့ပြီးနောက် အိမ်ဖြူတော်သို့ ထပ်မံသွားရောက်ခဲ့သည့် တောင်ကိုရီးယား အမျိုးသားလုံခြုံရေး အကြံပေး ချန်အီယန်းမှတစ်ဆင့်ကင်က ထရန့်နှင့် ထိပ်သီးကျင်းပရန် ကမ်းလှမ်းချက်ကို သတင်းစကားပါးခဲ့ခြင်း ဖြစ်သည်။ သို့သော် တောင်ကိုရီးယားနှင့် ပြန်လည်ရင်ကြားစေ့ရေးအတွက် သိသာထင်ရှားသော အရိပ်အယောင်များနှင့် အမေရိကန်နှင့် အပြောင်းအလဲ သင်္ကေတတစ်ခုရှိခဲ့ကြောင်းကိုသာ မြောက်ကိုရီးယား အစိုးရသတင်းအေဂျင်စီ KCNA က ဖော်ပြခဲ့ပြီး ထိပ်သီးအတွက် ကမ်းလှမ်းမှုအား မြောက်ကိုရီးယားက တရားဝင်အတည်မပြုခဲ့ပေ။ ယင်းကဲ့သို့ နှုတ်ဆိတ်မှုကြောင့် နျူကလီးယားလက်နက်များ ဖျက်သိမ်းရန်အတွက် ဆွေးနွေးရန် မြောက်ကိုရီးယား၏ဆန္ဒရှိမှုအား တောင်ကိုရီးယားက ပုံကြီးချဲ့မည်ကို အမေရိကန်က စိုးရိမ်ခဲ့သည်။

သို့သော် ထရန့်နှင့်ကင်တို့အကြား ထိပ်သီးသည် အောင်မြင်နိုင်ခြင်း ရှိ၊ မရှိကို လေ့လာသူအများအပြားက သံသယဝင်နေကြသည်။ ယင်းကဲ့သို့ ထိပ်သီးအတွက် ပုံမှန်ဆောင်ရွက်ရသည့် လနှင့်ချီကြာမြင့်သော အခြေခံအလုပ်များကို ဆောင်ရွက်ခဲ့ခြင်း မရှိဘဲ ထိုထိပ်သီးအား ကျင်းပရန်စီစဉ်ခဲ့ခြင်း ဖြစ်သည်။

ထိုထိပ်သီးအတွက် လမ်းပွင့်စေမည့် လျှို့ဝှက်၊ တိုက်ရိုက်ဆွေးနွေးမှုများသည် မြောက်ကိုရီးယားနှင့် အမေရိကန်ထောက် လှမ်းရေးတာဝန်ရှိသူများအကြား ပြုလုပ်နေကြသည်ဟု အမည်မဖော်သော အိမ်ဖြူတော် သတင်းရင်းမြစ်များအား ကိုးကားလျက် စီအင်န်အင်န်က ဧပြီ ၇ ရက်တွင် ဖော်ပြခဲ့သည်။

သို့သော် ထိုထိပ်သီးကျင်းပမည့်နေ့ရက်နှင့် နေရာအတွက် မွန်ဂိုလီးယား သို့မဟုတ် ဆွီဒင်ကဲ့သို့ တတိယနိုင်ငံ တစ်နိုင်ငံအား ထည့်သွင်းစဉ်းစားနေကြကြောင်း သတင်းရင်းမြစ်များစွာက ဖော်ပြခဲ့ကြသည်။

Ref ; AFP