တောင်တရုတ်ပင်လယ်တွင် ငြိမ်းချမ်းရေးထိန်းသိမ်းရန်အတွက် တရုတ်နှင့်ဗီယက်နမ်တို့ ကတိပြု

တောင်တရုတ်ပင်လယ်တွင် ငြိမ်းချမ်းရေးထိန်းသိမ်းရန်အတွက် တရုတ်နှင့်ဗီယက်နမ်တို့ ကတိပြု
Published 3 April 2018

ဧပြီ ၁ ရက်က ဟနွိုင်းရှိ အစိုးရဧည့်ဂေဟာတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီ (ဝဲ) အား ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီး ဖမ်ဘင်မင်းက နှုတ်ဆက်နေစဉ် (Photo - AFP)

ဗီယက်နမ်နှင့် ၎င်းင်း၏ အိမ်နီးချင်း သြဇာကြီး ကွန်မြူနစ်တရုတ်တို့အကြား တင်းမာမှုရင်းမြစ်တစ်ခုအဖြစ် ကာလရှည်ကြာ တည်ရှိလာခဲ့သည့် ရင်းမြစ်ကြွယ်ဝသော တောင်တရုတ်ပင်လယ်တွင် ငြိမ်းချမ်းရေးကို ထိန်းသိမ်းထားရန် တရုတ်နှင့်ဗီယက်နမ်တို့က ဧပြီ ၁ ရက်တွင် ကတိပြုခဲ့ကြသည်။ ရေနံနှင့် သဘာဝဓာတ်ငွေ့သိုက်များ ပေါကြွယ်ဝပြီး ကုန်သွယ်ရေးနှင့် ကာကွယ်ရေးအတွက် အလွန်အမင်း မဟာဗျူဟာမြောက်သည်ဟု ယူဆရသော ပိုင်ဆိုင်မှုအငြင်းပွားနေသည့် ထိုပင်လယ်၏ တစ်ခုလုံးနီးပါးကို ပိုင်ဆိုင်သည်ဟု တရုတ်က အခိုင်အမာဆိုထားသည်။

တရုတ်သည် မကြာသေးမီနှစ်များအတွင်း စစ်ဘက်သုံးအဆောက်အအုံများကို ထားရှိနိုင်သော ကျွန်းတုများအား တည်ဆောက်ခဲ့ရာ ဗီယက်နမ်ကဲ့သို့ ပိုင်ဆိုင်မှု အငြင်းပွားနေသော နိုင်ငံများက ဒေါသထွက်ခဲ့ကြသည်။

ထိုအငြင်းပွားမှုများအား ငြိမ်းချမ်းသော နည်းဖြင့် ဖြေရှင်းကြရန် တရုတ်နှင့် ဗီယက်နမ်တို့မှ နိုင်ငံခြားရေးဝန်ကြီးများက ဧပြီ ၁ ရက်တွင် ကတိပြုခဲ့ကြသည်။ နှစ်ဖက်စလုံးသည် ရေကြောင်းပြဿနာများအား ဖြေရှင်းမှုတွင် အခြေခံမူများကို လိုက်နာသင့်ကြောင်း၊ အခြေအနေကို ရှုပ်ထွေးစေမည့် တစ်ဖက်သတ်လုပ်ဆောင်ချက်များအား နှစ်ဖက်စလုံးက မလုပ်ဆောင်သင့်ကြောင်း  တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယီက ဗီယက်နမ်သို့ သွားရောက်စဉ် ဟနွိုင်း၌ သတင်းထောက်များကို ပြောကြားခဲ့သည်။

ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီး ဖမ်ဘင်မင်းကလည်း ပေါ်ပေါက်နေသော အကြောင်းအရာများအား တရုတ်နှင့်လက်တွဲ ၍ဖြေရှင်းရန် ၎င်းတို့က အသင့်ရှိနေကြောင်း ပြောကြားခဲ့သည်။ နှစ်ဖက်စလုံးသည် သဘောထားကွဲလွဲမှုများအား စနစ်တကျစီ မံခန့်ခွဲသင့်ပြီး အငြင်းပွားမှုများအား မချဲ့ထွင်သင့်ကြောင်း၊ အပြည်ပြည်ဆိုင်ရာ ဥပဒေများအရ အခြားတစ်ဖက်၏ တရားဝင် အခွင့်အရေးများနှင့် အကျိုးစီးပွားများအား လေးစားသင့်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

ရေပိုင်နက်အငြင်းပွားမှုနှင့်ပတ်သက်၍ ပေကျင်းနှင့် ဟနွိုင်းတို့အကြား အငြင်းပွားမှုသည် အများအားဖြင့် တံခါးပိတ်ဆွေးနွေးမှုများဖြင့် ပြီးဆုံးခဲ့သည်။ သို့သော် ပေကျင်းက ဗီယက်နမ်ပိုင်ဆိုင်သည်ဟု အခိုင်အမာ ဆိုထားသောနယ်မြေထဲသို့ ၂၀၁၄ ခုနှစ်၌ ရေနံတူးစင်တစ်ခုအား ရွှေ့ပြောင်းခဲ့ပြီးနောက် ဗီယက်နမ်တွင် တရုတ်ဆန့်ကျင်သည့် ဆန္ဒပြမှုများ အပြင်းအထန်ဖြစ်ပွားခဲ့သည်။

ပေကျင်းနှင့်တင်းမာမှု မြင့်တက်နေစဉ် ဗီယက်နမ်သည် မကြာသေးမီသီတင်းပတ်များအတွင်း အမေရိကန်နှင့် လုံခြုံရေးဆိုင်ရာ ဆက်ဆံမှုများကို တိုးမြှင့်ခဲ့သည်။ ၁၉၇၅ ခုနှစ်၌ ဗီယက်နမ်စစ်ပွဲ အဆုံးသတ်ခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ယခုလ အစောပိုင်းတွင် အမေရိကန်လေယာဉ်တင် သင်္ဘောတစ်စင်းသည် ဗီယက်နမ်သို့သမိုင်းဝင် ဆိုက်ကပ်မှုပြုလုပ်ခဲ့ပြီး ပြီးခဲ့သော သီတင်းပတ်တွင်လည်း ဝါရှင်တန်က ဟနွိုင်း ထံ စုစုပေါင်း ဒေါ်လာသန်း ၂၀ တန်ဖိုးရှိ ကင်းလှည့်ရေယာဉ်ခြောက်စင်းနှင့်  အသုံးအဆောင်များအား ပေးအပ်ခဲ့သည်။

ဗီယက်နမ်ခေါင်းဆောင်များနှင့် မတွေ့ဆုံမီ ဝမ်ယီသည် ဗီယက်နမ်တွင် ဒေသဆိုင်ရာ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုထိပ်သီးသို့ တက်ရောက်ခဲ့ပြီး လွတ်လပ်သော ကုန်သွယ်ရေးပြုလုပ်ရန် တောင်းဆိုခဲ့ပြီး ကိုယ်ကျိုးစီးပွား ကာကွယ်မှုများကိုလည်း ပြက်ရယ်ပြုခဲ့သည်။

Ref; AFP