ကင်ဂျုံအွန်၏ ပထမဆုံး နိုင်ငံခြားခရီးစဉ်၌ တရုတ်သမ္မတရှီနှင့် တွေ့ဆုံခဲ့

ကင်ဂျုံအွန်၏ ပထမဆုံး နိုင်ငံခြားခရီးစဉ်၌ တရုတ်သမ္မတရှီနှင့် တွေ့ဆုံခဲ့
Published 29 March 2018

တရုတ်အစိုးရမီဒီယာ ဆင်ဟွာတွင် မတ် ၂၈ ရက်တွင် ထုတ်ပြန်ခဲ့သည့် ဓာတ်ပုံ၌ ပေကျင်းရှိ ပြည်သူ့ခန်းမဆောင်တွင် တရုတ်သမ္မတ ရှီကျင်ပင်းနှင့်ဇနီး၊ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်နှင့်ဇနီးတို့ကို တွေ့ရစဉ် (Photo: AP)

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်သည် ၎င်း၏ လျှို့ဝှက်ပေကျင်းခရီးစဉ်အတွင်း တရုတ်သမ္မတရှီကျင်ပင်း၏ ခမ်းခမ်းနားနား ကြိုဆိုဧည့်ခံခြင်းနှင့် ကြုံတွေ့ခဲ့ရသည်။ သမိုင်းမှတ်တိုင်ဖြစ်လာမည့် တောင်ကိုရီးယား၊ အမေရိကန်တို့နှင့် ထိပ်သီးအစည်းအဝေးပွဲများ မပြုလုပ်မီ တရုတ်နှင့် မြောက်ကိုရီးယားသည် ၎င်းတို့၏ ကတောက်ကဆဖြစ်နေသော ဆက်ဆံရေးအား ပြန်လည်ပြင်ဆင်ရန် ကြိုးပမ်းနေစဉ် ယခုခရီးစဉ် ထွက်ပေါ်လာခြင်းလည်း ဖြစ်သည်။

ထို့ပြင် ယခုခရီးစဉ်သည် ကင်ဂျုံအွန်အတွက် ၎င်းအာဏာရပြီးသည့်နောက်ပိုင်း ပထမဆုံး နိုင်ငံခြားခရီးစဉ် သွားရောက်ခြင်းလည်းဖြစ်သည်။ ကင်နှင့် ဇနီးတို့အား ဂုဏ်ပြုတပ်ဖွဲ့နှင့် ကြိုဆိုကာ တရုတ်သမ္မတရှီကျင်ပင်းက ဂုဏ်ပြုညစာစားပွဲနှင့် တည်ခင်းဧည့်ခံခဲ့ကြောင်း အစိုးရမီဒီယာတွင် ဖော်ပြခဲ့သည်။ သို့သော် အစိုးရမီဒီယာများသည် ကင်က မြောက်ကိုရီးယားသို့ ပြန်သွားပြီး မတ် ၂၈ ရက်တွင်မှ ယခုခရီးစဉ်အကြောင်းကို အတည်ပြုခဲ့ကြခြင်းဖြစ်သည်။

ခေါင်းဆောင်နှစ်ဦးသည် ခမ်းနားထည်ဝါသော ပြည်သူ့ခန်းမဆောင်၌ ဆွေးနွေးပွဲများ ပြုလုပ်ခဲ့ကြပြီး နှစ်နိုင်ငံ၏ သမိုင်းတင် ဆက်ဆံရေးအပေါ် ချီးမွမ်းဂုဏ်ပြုခဲ့ကြသည်။ တရုတ်၏ ဆင်ဟွာသတင်းဌာနတွင် ဖော်ပြချက်အရ ကင်သည် ကိုရီးယားကျွန်းဆွယ် နျူကလီးယား ကင်းစင်စေရန် ဆုံးဖြတ်ပြီးပြီဟု ကတိပြုခဲ့ကြောင်း သိရသည်။

“ကျွန်တော်ရဲ့ ပထမဆုံး နိုင်ငံခြားခရီးစဉ်ဟာ တရုတ်မြို့တော်ဖြစ်လိမ့်မယ်ဆိုတာ မေးနေစရာတောင် မလိုပါဘူး” ဟု ကင်က ပြောကြားခဲ့သည်ဟု မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းဌာနတွင် ဖော်ပြခဲ့သည်။ “DPRK နဲ့ PRC ဆက်ဆံရေးကို မျိုးရိုးစဉ်ဆက် ဆက်လက်ထိန်းသိမ်းသွားသင့်တဲ့သူ တစ်ဦးဖြစ်တဲ့ ကျွန်တော်အတွက် ဒါဟာ လေးနက်တဲ့ တာဝန်တစ်ခုပါပဲ” ဟုလည်း ကင်က ပြောကြားခဲ့သည်။

ပြုံယမ်းသို့ လာရောက်ရန် ဖိတ်ခေါ်မှုကိုလည်း သမ္မတရှီက လက်ခံခဲ့သည်ဟု KCNA တွင် ဖော်ပြခဲ့သည်။ ထိုသို့သွားဖြစ်ပါက ယင်းခရီးစဉ်သည် ရှီအတွက် တရုတ်သမ္မတဖြစ်ပြီးနောက်ပိုင်း ပထမဆုံးမြောက်ကိုရီးယား ခရီးစဉ်ဖြစ်လာမည်ဖြစ်သည်။

၂၀၁၁ တွင် ဖခင်ဖြစ်သူ ကင်ဂျုံအီကွယ်လွန်ကာ ကင်ဂျုံအွန် အာဏာရလာပြီးကတည်းက ကင်နှင့် ရှီတို့က မတွေ့ကြရသေးပေ။ သို့သော် ရှီက နှစ်နိုင်ငံဆက်ဆံရေးတိုးတက်မှု၏ အရေးကြီးပုံကို အလေးထားခဲ့ပြီး ယင်းသည် မဟာဗျူဟာမြောက်သော ရွေးချယ်မှုနှင့် တစ်ခုတည်းသော မှန်ကန်သည့် ရွေးချယ်မှုဟု ပြောခဲ့ကြောင်း ဆင်ဟွာတွင် ဖော်ပြခဲ့သည်။

တရုတ်သမ္မတရှီက ယခုကဲ့သို့ အခြေအနေအသစ်တွင် ကင်နှင့် မကြာခဏ အဆက်အသွယ်ရှိစေရန် ထိန်းသိမ်းထားလိုသည်ဟု ပြောခဲ့ကြောင်း သိရသည်။

ရုပ်သံသတင်းများထဲတွင် အစိုးရ အရာရှိပေါင်းများစွာ ခြံရံထားသော ရှီနှင့် ကင်တို့ သည် ပြည်သူ့ခန်းမဆောင်ထဲမှ ရှည်လျားသည့် ညီလာခံစားပွဲ၏ တစ်ဖက်တစ်ချက်တွင် ထိုင်နေကြပုံ၊ ကင်သည်သေသေချာချာ မှတ်စုရေးမှတ်နေပုံတို့ကို တွေ့ရသည်။ ယင်းနောက်တွင် အနက်ရောင်ကားပေါ်တက်၍ ထွက်ခွာသွားသည့် ကင်တို့ ဇနီးမောင်နှံကို ရှီကျင်ပင်းနှင့် ဇနီးတို့က ပြုံး၍ လက်ပြနှုတ်ဆက်နေသည်ကိုလည်း တွေ့ရသည်။

“နှစ်နိုင်ငံဆက်ဆံရေးပိုပြီး ဆိုးရွားလာတာဟာ အန္တရာယ်ရှိတယ်ဆိုတာကို နှစ်ဘက်စလုံးက သုံးသပ်မိကြပုံပါပဲ” ဟု ဝါရှင်တန်အခြေစိုက် မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးဌာနမှ တရုတ်ရေးရာ ကျွမ်းကျင်သူ ဘွန်နီဂလေဆီယာက ပြောကြားခဲ့သည်။

ကင်သည် ၎င်းနိုင်ငံ၏လုံခြုံရေးအား ထရန့်က အာမခံပေးမှုကို သံသယရှိ နေဖွယ်ရှိသောကြောင့် မြောက်ကိုရီးယားအနေနှင့် အမေရိကန်နှင့် ထိပ်သီးမတိုင်မီ ၎င်း၏ မဟာမိတ်ဟောင်းထံသို့ ဦးလှည့်ရန် လိုအပ်သည်ဟု အမှီအခိုကင်းသော တရုတ်နိုင်ငံတကာ ဆက်ဆံရေးဆိုင်ရာ ပညာရှင်ဖြစ်သူ တိန့်ယွီဝင်က ဆိုသည်။

Ref: AFP