အတိုက်အခံခေါင်းဆောင်အား လွှတ်ပေးပြီး လွတ်လပ်သော ရွေးကောက်ပွဲ ကျင်းပရန် နိုင်ငံ ၄၅ နိုင်ငံက ကမ္ဘောဒီးယားကို တောင်းဆို

အတိုက်အခံခေါင်းဆောင်အား လွှတ်ပေးပြီး လွတ်လပ်သော ရွေးကောက်ပွဲ ကျင်းပရန် နိုင်ငံ ၄၅ နိုင်ငံက ကမ္ဘောဒီးယားကို တောင်းဆို
Published 23 March 2018

မတ် ၁၃ ရက်က ဖနွမ်းပင်တွင် ကမ္ဘောဒီးယားပြည်သူတို့နှင့် ဓာတ်ပုံရိုက်နေသော ဝန်ကြီးချုပ်ဟွန်ဆန်ကို တွေ့ရစဉ် (Photo: AFP)

ကမ္ဘောဒီးယားအစိုးရသည် အဓိကအတိုက်အခံပါတီအား ပြန်လည်ခွင့်ပြုရန်၊ ထောင်ဒဏ်ချမှတ်ထားသော အတိုက်အခံ ခေါင်းဆောင်အား ပြန်လွှတ်ပေးရန်နှင့် ဇူလိုင်တွင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတမှုရှိစေရန်အတွက် လုပ်ဆောင်ရန် နိုင်ငံပေါင်း ၄၅ နိုင်ငံက မတ် ၂၁ ရက်တွင် တောင်းဆိုခဲ့ကြသည်။ ယခင်က အကောင်းမြင်ထားခဲ့ရာမှ ကမ္ဘောဒီးယားတွင် အရပ်ဘက်နှင့် နိုင်ငံရေးဆိုင်ရာ အခွင့်အရေးများ ကျဆင်းမှုနှင့်ပတ်သက်၍ အလွန်အမင်း စိုးရိမ်လာခဲ့ရကြောင်း အမေရိကန်၊ ဂျာမနီ၊ သြစတြေးလျနှင့် ဗြိတိန်တို့ အပါအဝင် နိုင်ငံပေါင်း ၄၅ နိုင်ငံပါသော အဖွဲ့ကိုယ်စား နယူးဇီလန်က ကမ္ဘောဒီးယား၏ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ ကြေညာချက်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ဂျီနီဗာရှိ ကုလသမဂ္ဂလူ့အခွင့်အရေး ကောင်စီတွင် ဖတ်ကြားခဲ့သော ယင်းကြေညာချက်က ကမ္ဘောဒီးယား အဓိကအတိုက်အခံဖြစ်သော ကမ္ဘောဒီးယား အမျိုးသားကယ်တင်ရေးပါတီ (CNRP) နှင့် ၎င်း၏ရွေးကောက်ခံ အမတ်အားလုံးကို ပြန်လည်ခွင့်ပြုရန် အစိုးရကို တိုက်တွန်းခဲ့သည်။ ကမ္ဘောဒီးယား တရားရုံးချုပ်က CNRP ပါတီအား ပြီးခဲ့သောနှစ်တွင် ဖျက်သိမ်းခဲ့သည်။

CNRP ပါတီခေါင်းဆောင် ကမ်ဆိုခသည် ကမ္ဘောဒီးယားအစိုးရအား ဖြုတ်ချနိုင်ရန် အမေရိကန်နှင့် လျှို့ဝှက်ပူးပေါင်းကြံစည်နေသည်ဟု စွပ်စွဲခံခဲ့ရပြီး နိုင်ငံတော်သစ္စာဖောက်မှုစွဲချက်ဖြင့် ပြီးခဲ့သောနှစ် စက်တင်ဘာတွင် ဖမ်းဆီးခံခဲ့ရပြီးနောက် CNRP ပါတီလည်း ဖျက်သိမ်းခံခဲ့ရသည်။

ကမ်ဆိုခက ထိုစွဲချက်များအား ငြင်းဆိုခဲ့ပြီး ဖနွမ်းပင်ရှိ အမေရိကန်သံရုံးကလည်း ယင်းစွပ်စွဲချက်များကို ငြင်းဆိုခဲ့သည်။ ယင်းစွဲချက်တွင် ပြစ်မှုထင်ရှားပါက ကမ်ဆိုခသည် ထောင်ဒဏ်နှစ် ၃၀ ကျခံရနိုင်သည်။

ကမ္ဘောဒီးယား အစိုးရပြောခွင့်ရပုဂ္ဂိုလ် ဖေဆီဖန်က ကမ္ဘောဒီးယားသည် ပြည်ပနိုင်ငံများ၏ တောင်းဆိုမှုများအား လိုက်နာမည် မဟုတ်ကြောင်း၊ ၎င်းတို့သည် ကုလသမဂ္ဂတွင် သာတူညီမျှသော အဖွဲ့ဝင်နိုင်ငံများဖြစ်ပြီး ယခုတောင်းဆိုမှုသည် ကမ္ဘောဒီးယား အချုပ်အခြာအာဏာကို ချိုးဖောက်မှုဖြစ်ကြောင်း ပြောကြားခဲ့သည်။

Ref: Reuters