ထရန့်က မက္ကဆီကိုနယ်စပ်တွင် တည်ဆောက်မည့် တံတိုင်းရှေ့ပြေးပုံစံများကို သွားရောက်စစ်ဆေး

ထရန့်က မက္ကဆီကိုနယ်စပ်တွင် တည်ဆောက်မည့် တံတိုင်းရှေ့ပြေးပုံစံများကို သွားရောက်စစ်ဆေး
Published 15 March 2018

မတ် ၁၃ ရက်က ကယ်လီဖိုးနီးယားတွင် နယ်စပ်တံတိုင်း ရှေ့ပြေးပုံစံများအား သမ္မတထရန့်က သွားရောက်စစ်ဆေးနေစဉ် (Photo: AFP)

အမေရိကန်-မက္ကဆီကိုနယ်စပ်တွင် တည်ဆောက်ရန် ကာလရှည်ကြာကတည်း က ၎င်းကကြိုးပမ်းခဲ့သည့် အစီအစဉ်အတွက် တံတိုင်းရှေ့ပြေးပုံစံရှစ်မျိုးကို အမေရိကန်သမ္မတ ထရန့်က မတ် ၁၃ ရက်တွင် စိတ်အားထက်သန်စွာ သွားရောက်စစ်ဆေးခဲ့သည်။ ထို့ပြင် တရားမဝင် ရွှေ့ပြောင်းအခြေချများအား ပြင်းပြင်းထန်ထန် တုံ့ပြန်အရေးယူရန် ငြင်းဆန်ခဲ့ခြင်းဖြင့် ကယ်လီဖိုးနီးယားပြည်နယ်သည် တစ်နိုင်ငံလုံးအား အန္တရာယ်ဖြစ်စေခဲ့သည်ဟုလည်း ၎င်းက စွပ်စွဲခဲ့သည်။

အမေရိကန်သမ္မတအဖြစ် ကယ်လီဖိုးနီးယားသို့ ပထမဆုံးအကြိမ် သွားရောက်ခဲ့သော ထရန့်က ကုတ်တက်ရန် အခက်ခဲဆုံးဖြစ်သည့် ကွန်ကရစ်တံတိုင်းများကို ပိုမိုနှစ်သက်ကြောင်း၊ သို့သော် ဖောက်ထွင်းမြင်နိုင်ရန်လည်း လိုအပ်ကြောင်း မတ် ၁၃ ရက်တွင် ပြောကြားခဲ့သည်။ ၎င်းတို့တွင် လတ်တလော၌ အသုံးမကျသောတံတိုင်းရှိနေသော်လည်း ရာခိုင်နှုန်း ၉၀ မှ ၉၅ ရာခိုင်နှုန်းထက်မနည်းကို ကာကွယ်ပေးနိုင်ကြောင်း၊ သို့သော် စစ်မှန်သောတံတိုင်းတည်ဆောက်လျှင် ၉၉ ရာခိုင်နှုန်းအထိနှင့် ယင်းထက်ပို၍ ဟန့်တားပေးနိုင်မည်ဖြစ်ကြောင်း ထရန့်က ပြောကြားခဲ့သည်။

ထရန့်၏ခရီးစဉ်အတွင်း အဆိုပါတံတိုင်း တည်ဆောက်မည့်အစီအစဉ်များအား ဆန့်ကျင်သူနှင့် ထောက်ခံသူများ၏ ဆန္ဒပြမှုများကို ကြုံတွေ့ခဲ့ရသည်။ အမေရိကန်သို့ တရားမဝင် ဝင်ရောက်လာသူများအား ထိန်းသိမ်းနိုင်ရန်အတွက် ဖက်ဒရယ်အေးဂျင့်များကို ကူညီရန် ငြင်းဆန်ခဲ့သည့် လစ်ဘရယ်ဆန်သော ကယ်လီဖိုးနီးယားပြည်နယ်နှင့် ဗဟိုအစိုးရတို့အကြား တင်းမာမှုအရှိန်မြင့်တက်နေချိန်တွင် ထရန့်၏ခရီးစဉ် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

ထရန့်သည် တံတိုင်းတည်ဆောက်ရေးအတွက် ကွန်ဂရက်ထံမှ ဒေါ်လာ ၂၅ ဘီလျံ တောင်းခံထားသော်လည်း ဒီမိုကရက်ခေါင်းဆောင်များက ပယ်ချခဲ့သည်။

အမေရိကန်တွင် တရားမဝင်နေထိုင်သူများအား ကာကွယ်ပေးရန် ရေးဆွဲထားသော ကယ်လီဖိုးနီးယား ဥပဒေသုံးခုကို ပိတ်ဆို့ရန် တရားရေးဌာနက ပြီးခဲ့သောသီတင်းပတ်တွင် တရားစွဲခဲ့သည်။ ကယ်လီဖိုးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူး ဒီမိုကရက်အမတ် ဂျယ်ရီဘရောင်းက နိုင်ငံတော်ရှေ့နေချုပ် ဂျက်ဆက်ရှင်းသည် ထရန့်အား နှစ်သိမ့်ရန် ကယ်လီဖိုးနီးယားနှင့် ရန်ဖြစ်နေသည်ဟု စွပ်စွဲခဲ့သည်။

နယ်စပ်တံတိုင်းပုံစံများအား စစ်ဆေးခဲ့ပြီးနောက် ထရန့်သည် မီရာမာရှိ အမေရိကန် မရိန်းတပ်ဖွဲ့ဝင်များနှင့် သွားရောက်တွေ့ဆုံခဲ့ပြီး တစ်ချိန်ချိန်တွင် အမေရိကန်စစ်ဘက်အဖွဲ့ခွဲများနှင့်အတူ အာကာသတပ်ဖွဲ့တစ်ခုကလည်း လက်တွဲတိုက်ခိုက်နိုင်ခြေရှိကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် ထရန့်သည် လော့စ်အိန်ဂျလိစ်အနီး ကျင်းပခဲ့သောရန်ပုံငွေ ရှာဖွေပွဲသို့ တက်ရောက်ခဲ့သည်။ Tampa Bay Buccaneers ၏ ပူးတွဲဥက္ကဋ္ဌ အက်ဂလက်ဇာ၏အိမ်ဖြစ်သော Beverly Hills ၌ကျင်းပခဲ့သော ယင်းပွဲသို့တက်ရောက်ရန် ဧည့်သည့်များသည် ဒေါ်လာ ၂၅၀၀၀၀ ပေးခဲ့ရကြောင်း သိရသည်။

ယင်းပွဲမှရသောငွေများအား ၂၀၂၀ ပြည့်နှစ်တွင် ထရန့်က ပြန်လည်ရွေးကောက်ခံနိုင်ရန်နှင့် ရီပက်ဘလီကင် အမျိုးသားကော်မတီတို့ကို အကျိုးပြုစေမည့် ပူးတွဲရန်ပုံငွေရှာဖွေရေးကော်မတီသို့ ပေးအပ်မည်ဖြစ်သည်။

Most Read

Most Recent