တရုတ်ဘီလျံနာ လီက မာစီးဒီးထုတ်သော Daimler ၏ အကြီးဆုံး ရှယ်ယာရှင်ဖြစ်လာ

တရုတ်ဘီလျံနာ လီက မာစီးဒီးထုတ်သော Daimler ၏ အကြီးဆုံး ရှယ်ယာရှင်ဖြစ်လာ
Published 25 February 2018

၂၀၁၇ ခုနှစ် ဇွန် ၂ ရက်၌ ဘရပ်ဆဲတွင် တရုတ်ဘီလျံနာ လီစူဖူးကို တွေ့ရစဉ် (Photo -AFP)

တရုတ်ဘီလျံနာ လီစူဖူးသည် မာစီဒီးဘင့်ဇ် ထုတ်လုပ်သည့် Daimler လုပ်ငန်း၏ ၁၀ ရာခိုင်နှုန်းနီးပါးကို ဝယ်ယူလိုက်ကြောင်း ဖေဖော်ဝါရီ ၂၃ ရက်က သတင်းများအရ သိရသည်။ ထို့ကြောင့် လီစူဖူးသည် ဂျာမန်အုပ်စု Daimler တွင် တစ်ဦးတည်း ရှယ်ယာအများဆုံးပိုင်ရှင် ဖြစ်လာခဲ့သည်။

ကားထုတ်လုပ်ရေးလုပ်ငန်းကြီး Geely အော်တိုမိုဘိုင်း၏ ဥက္ကဋ္ဌဖြစ်သူ လီသည်ဒေါ်လာ ၈ ဒသမ ၉ ဘီလျံတန်ဖိုးရှိသော Daimler ၏ရှယ်ယာ ၉ ဒသမ ၆၉ ရာခိုင်နှုန်းကို ဝယ်ယူခဲ့ခြင်းဖြစ်သည်။ လီပြီးလျှင် Daimler ထဲ၌ ရှယ်ယာ ၆ ဒသမ ၈ရာခိုင်နှုန်း ပိုင်သည့် ကူဝိတ်က ထိန်းချုပ်ထားသည့်  စတုဂတ်အခြေစိုက်အုပ်စုနှင့် ၃ ဒသမ ၁ ရာခိုင်နှုန်းပိုင်သော Renault Nissan တို့ မှာ အကြီးဆုံးရှယ်ယာရှင်များ ဖြစ်ကြသည်။

လီသည် ၂၀၁၀ ပြည့်နှစ်ကလည်း ဆွီဒင်မှ Volvo ကားထုတ်လုပ်ရေးလုပ်ငန်းကို ဝယ်ယူထားသဖြင့် ဥရောပကားဈေးကွက်နှင့် စိမ်းသူတစ်ဦးမဟုတ်ပေ။ တရုတ်ကား လုပ်ငန်းများ ဖွံ့ဖြိုးရေးအတွက် ဥရောပသည် အလွန်အရေးပါသော ကဏ္ဍမှ ပါဝင်နေကြောင်း လီက ဂျာမနီနိုင်ငံဘိုချန်တွင် ယခုလအစောပိုင်းက ကျင်းပခဲ့သည့် ကွန်ဖရင့်တစ်ခု၌ ပြောကြားခဲ့သည်။ သို့သော် လီသည် ထိုစဉ်က ီ Daimler ၏ရှယ်ယာများကို ဝယ်ယူမည့် အကြောင်းသတင်းများထွက် နေခြင်းအပေါ် တစ်စုံတစ်ရာမှတ်ချက် မပေးခဲ့ပေ။ အသက် ၅၄ နှစ်အရွယ်လီသည် ဖို့ဘ်စ်မဂ္ဂဇင်းတွင် ဖော်ပြခဲ့သည့် တရုတ်၏ အချမ်းသာဆုံးပုဂ္ဂိုလ်စာရင်းတွင် နံပါတ် ၁၀ တွင်ရှိပြီး တစ်ကမ္ဘာလုံးအတိုင်းအတာအရ နံပါတ်စဉ် ၂၀၉ တွင် ရှိသည်။ ၎င်း၏ စုစုပေါင်းပိုင်ဆိုင်မှုမှာ ဒေါ်လာ ၁၆ ဒသမ ၆ ဘီလျံ ဖြစ်သည်။

Ref; AFP