မက္ကဆီကို အနောက်တောင်ပိုင်းတွင် ပြင်းအား ၇ ဒသမ ၂ ရှိ ငလျင်လှုပ်ခဲ့

မက္ကဆီကို အနောက်တောင်ပိုင်းတွင် ပြင်းအား ၇ ဒသမ ၂ ရှိ ငလျင်လှုပ်ခဲ့
Published 18 February 2018

ဖေဖော်ဝါရီ ၁၆ ရက်က အင်အားပြင်းငလျင်အပြီး မက္ကကိုစီးတီးရှိ လမ်းတစ်လမ်းတွင် လူများစုဝေးနေမှုကို တွေ့ရစဉ် (Photo- AP)

လူအမြောက်အမြား သေဆုံးခဲ့သည့် ပြင်းထန်သော မြေငလျင်နှစ်ကြိမ်လှုပ်ခဲ့ပြီး နောက်ခြောက်လခန့်အကြာတွင် မက္ကဆီကို တောင်ပိုင်းနှင့် အလယ်ပိုင်း၌ ဖေဖော်ဝါရီ ၁၇ ရက်က အင်အားပြင်းငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီး ကြောက်လန့်တကြား ဖြစ်ခဲ့ကြရသည်။ အဆောက်အအုံများ ပြိုလဲသွားခြင်း မရှိဟု အစောပိုင်းသတင်းများက ဖော်ပြခဲ့သည်။

သို့သော်လည်း ငလျင်ဗဟိုချက်တောင် ပိုင်းပြည်နယ် အိုအာရှာကာအနီးမှ မြို့နှစ်မြို့တွင် ပျက်စီးဆုံးရှုံးမှုရှိခဲ့သည်ဟု သတင်းထုတ်ပြန်ခဲ့ပြီး အရေးပေါ်ကယ်ဆယ်ရေးစခန်းများကို ဖွင့်လှစ်ပေးခဲ့ကြောင်း ပြည်နယ်အာဏာပိုင်များက ပြောကြားခဲ့သည်။ ထိုနေ့နှောင်းပိုင်းတွင် ပြည်ထဲရေးဝန်ကြီးနှင့် အိုအာရှာ ကာပြည်နယ်အုပ်ချုပ်ရေးမှူးတို့သည် ငလျင်ဖြစ်ပွားခဲ့သည့်နေရာသို့ ရဟတ်ယာဉ်ဖြင့် သွားရောက်ခဲ့ရာ ထိုရဟတ်ယာဉ်ပျက်ကျခဲ့ပြီး လေယာဉ်ပေါ် လိုက်ပါလာသည့် ခရီးသည်အားလုံး အသက်ရှင် လွတ်မြောက်ခဲ့သော်လည်း မြေပြင်ပေါ်မှ လူနှစ်ဦး သေဆုံးခဲ့သည်။  စစ်ရဟတ်ယာဉ်သည် မြေပြင်မှ အထက် ပေ ၁၃၀ တွင် ထိန်းချုပ်မရဖြစ်ခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီး အယ်လ်ဖော်ဆိုနာဗာရက်က ပြောကြားခဲ့သည်။

မက္ကဆီကို အမျိုးသားငလျင်ဌာနနှင့် အမေရိကန် ဘူမိလေ့လာရေးဌာနတို့က မြေငလျင်ပြင်းအားကို ၇ ဒသမ ၂ ရှိသည်ဟု သတ်မှတ်ခဲ့ကြသည်။ ယင်းငလျင်ကြောင့်  ၂၁၇ မိုင်ဝေးသော မြို့တော်မက္ကဆီကိုစီးတီးတွင် ငလျင်အချက်ပြသတိပေးစနစ် လည်ပတ်ခဲ့ပြီး မြို့တော်ရှိ အဆောက်အအုံများကို ယိမ်းယိုင်သွားခဲ့သည်။ ငလျင်ကြောင့် အထိတ်တလန့်ဖြစ်နေသော ဒေသခံများက လမ်းမများပေါ်သို့ စုပြုံရောက်ရှိခဲ့ပြီး ယမန်နှစ် စက်တင်ဘာက လှုပ်ခဲ့သော ငလျင်ကြီး နှစ်ခုမျိုး ထပ်မံဖြစ်ပွားမည်ကို စိုးရိမ်ခဲ့ကြသည်။

လွန်ခဲ့သော စက်တင်ဘာက ငလျင်နှစ်ကြိမ် လှုပ်ခဲ့ပြီးနောက် အဆောက်အအုံများ ပြိုလဲခဲ့ပြီး လူ ၄၆၅ ဦး သေဆုံးခဲ့သည်။ ငလျင်သည်အနက်၂၇ ဒသမ ၇ ကီလို မီတာတွင် လှုပ်သွားခဲ့ခြင်းဖြစ်သည်ဟု အမေရိကန် ဘူမိလေ့လာရေးဌာနကပြောကြားခဲ့ပြီး ငလျင်ဗဟိုချက်သည် အိုအာရှာကာပြည်နယ်၏ အရှေ့မြောက်ဘက်၃၇ ကီလိုမီတာ (၂၂မိုင်) တွင်ဖြစ်သည်ဟုဆိုသည်။ ယင်းငလျင်အပြီး တစ်နာရီအကြာတွင် ပြင်းအား ၅ ဒသမ ၉ ရှိသော နောက်ဆက်တွဲငလျင်တစ်ခု လှုပ်သွားခဲ့သေးသည်။

လွန်ခဲ့သောနှစ် စက်တင်ဘာ ၇ ရက်တွင် ပြင်းအား ၈ ဒသမ ၂ ရှိသောငလျင်ကြောင့် မက္ကဆီကိုတွင် ၉၆ ဦး သေဆုံးသွားခဲ့ပြီး အများစုသည် အိုအာရှာကာနှင့် ချီယာပါ့စ်ပြည်နယ်တို့မှ ဖြစ်သည်။ ထို့နောက် လူပေါင်း ၁၀၀၀၀ ကို သေဆုံးစေခဲ့သည့် ၁၉၈၅ ငလျင်ကြီး၏ ၃၂ နှစ်မြောက်နှစ်ပတ် လည်နေ့ဖြစ်သော ၂၀၁၇ ခုနှစ် စက်တင်ဘာ ၁၉ ရက်တွင်လည်း ပြင်းအား ၇ ဒသမ ၁ ရှိ ငလျင်လှုပ်ခဲ့ရာ လူပေါင်း ၃၆၉ ဦး သေဆုံးခဲ့ရသည်။

မက္ကဆီကိုသည် ကမ္ဘာမြေ၏ အကြီးဆုံး မြေလွှာချပ်ကြီးသုံးခုပေါ်တွင်ရှိပြီး ပြတ်ရွေ့ကြောကြီး ငါးခုဆုံသည့်နေရာတွင်ရှိသောကြောင့် ငလျင်ဒဏ်ကို မကြာခဏခံရသည့် နိုင်ငံဖြစ်သည်။

Ref ; AFP