ဆီးရီးယားသူပုန်တို့က ရုရှားစစ်လေယာဉ်ကို ပစ်ချခဲ့ပြီး လေယာဉ်မှူး သေဆုံး

ဆီးရီးယားသူပုန်တို့က ရုရှားစစ်လေယာဉ်ကို ပစ်ချခဲ့ပြီး လေယာဉ်မှူး သေဆုံး
Published 5 February 2018

အီဒလစ်ပြည်နယ်တွင် ပစ်ချခံခဲ့ရသည့် ရုရှားစစ်လေယာဉ်၏ အကြွင်းအကျန်ကို ဖေဖော်ဝါရီ ၃ ရက်က တွေ့ရစဉ် (Photo - AFP)

ဆီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်းတွင် ဖြစ်ပွားသည့် တိုက်ပွဲအတွင်း ဖေဖော်ဝါ ရီ ၃ ရက်က အစ္စလာမ္မစ်တို့သည် ရုရှားစစ်လေယာဉ်တစ်စင်းကို ပစ်ချခဲ့မှုဖြစ်ပွားခဲ့သည်။ ထိုဖြစ်စဉ်အတွင်း ရုရှားလေယာဉ်မှူးမှာ အသက်ဆုံးရှုံးခဲ့ရကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနနှင့် စောင့်ကြည့်ရေးအဖွဲ့က ထုတ်ပြန်ခဲ့သည်။

ဂျီဟတ်တို့ ကြီးစိုးထားသည့် သြဇာကြီးမဟာမိတ်အဖွဲ့တစ်ခုဖြစ်သော Hayat Tahriral Sham (HTS) က ထိုစစ်လေယာဉ်ကို ၎င်းတို့ပစ်ချခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့နှင့် ဆက်နွှယ်သည့် မီဒီယာတစ်ခုမှတစ်ဆင့် ကြေညာခဲ့သည်။ သို့သော် လေယာဉ်မှူးနှင့် ပတ်သက်၍ တစ်စုံတစ်ရာမဖော်ပြခဲ့ပေ။ “ဒီနေ့ မွန်းလွဲပိုင်းက အီဒလစ်ထဲက ဆာရာကစ်ဒေသရဲ့ ဝေဟင်မှာရှိနေတဲ့ ရုရှားစစ်လေယာဉ်ကို ပုခုံးထမ်းဒုံးကျည်နဲ့ ကျွန်တော်တို့ ပစ်ချနိုင်ခဲ့ပါတယ်” ဟု HTS ၏ လေကြောင်းကာကွယ်ရေးတပ်ခွဲ၏ အကြီးအကဲဖြစ်သူ မာမွတ်အယ်တာ့မာနီက ပြောကြားခဲ့သည်။

အီဒလစ်ထဲမှ ရုရှား၏ ရက်စက်ကြမ်းကြုတ်လှသော ဗုံးကြဲမှုများအတွက် လက်တုံ့ပြန်သည့်အနေနှင့် ယခုကဲ့သို့ ပစ်ချခဲ့ခြင်းဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။

လေယာဉ်ပျက်ကျခဲ့သည့်နေရာသို့ ရောက်သွားခဲ့သည့် အေအက်ဖ်ပီသတင်းထောက်တစ်ဦးသည် ပျက်စီးနေသော လေယာဉ်အပိုင်းအစနှင့် တောင်ပံပေါ်မှ ကြယ်နီတစ်ပွင့်တို့ကို ထင်ရှားစွာ တွေ့မြင်ခဲ့ရသည်။

ရုရှားကာကွယ်ရေးဝန်ကြီးဌာနက Su - 25 လေယာဉ်သည် အီဒလစ်ပြည်နယ်ထဲတွင် ပစ်ချခံခဲ့ရပြီး လေယာဉ်မှူးမှာမူ အကြမ်းဖက်သမားများကို တိုက်ခိုက်ရန် အသက်ဆုံးရှုံးခဲ့သည်ဟု အတည်ပြုထုတ်ပြန်ခဲ့သည်။

အစောပိုင်းသတင်းများအရ ရုရှားလေယာဉ်ကို သယ်ဆောင်နိုင်သော လေယာဉ်ဖျက်ဒုံးဖြင့် ပစ်ခဲ့သည်ဟု ရုရှားဘက်မှ ထုတ်ပြန်ခဲ့သည်။ အမေရိကန်တို့ကမူ ထိုကဲ့သို့ လက်နက်အသုံးပြုနေမှုများအတွက် နက်နက်ရှိုင်းရှိုင်း စိုးရိမ်မိသည်ဟု ဆိုသည်။

ဆီးရီးယားသူပုန်တပ်ဖွဲ့များသည် ယခင်ကလည်း ဆီးရီးယားအစိုးရလေယာဉ်များကို ပစ်ချခဲ့ဖူးသော်လည်း ရုရှားလေယာဉ်များကို ပစ်ချမှုက ရှားပါးသည်။ ၂၀၁၆ ခုနှစ် သြဂုတ်တွင် ဆီးရီးယားဝေဟင်၌ ရုရှားရဟတ်ယာဉ်တစ်စင်း ပစ်ချခံရဖူးပြီး ရဟတ်ယာဉ်ပေါ်ပါသူ ငါးဦးစလုံး သေဆုံးခဲ့သည်။

Ref ; AFP