အီတလီတွင် ကားပေါ်မှ သေနတ်နှင့် ပစ်ခတ်မှုဖြစ်ပေါ်ခဲ့ရာ အာဖရိကန် ခြောက်ဦး ဒဏ်ရာရ

အီတလီတွင် ကားပေါ်မှ သေနတ်နှင့် ပစ်ခတ်မှုဖြစ်ပေါ်ခဲ့ရာ အာဖရိကန် ခြောက်ဦး ဒဏ်ရာရ
Published 5 February 2018

ဖေဖော်ဝါရီ ၃ ရက်က နိုင်ငံခြားသားများကို ကားပေါ်မှ သေနတ်နှင့် ပစ်ခတ်ခဲ့သည်ဟု သံသယရှိသော အသက် ၂၈ နှစ်အရွယ် လက်ယာစွန်းဝါဒီအမျိုးသား (Photo- AFP)

အီတလီနိုင်ငံအလယ်ပိုင်းတွင် ဖေဖော်ဝါရီ ၃ ရက်က မောင်းနေသည့် ကားတစ်စင်းပေါ်မှနေ၍ ပေါ်ပေါ်ထင်ထင် သေနတ်နှင့် ပစ်ခတ်သွားမှုများ ဖြစ်ပွားခဲ့သည်။ အာဖရိကန်ခြောက်ဦး ဒဏ်ရာရသွားခဲ့သည့် ထိုပစ်ခတ်မှုကို ကတုံးတုံးထားသော လက်ယာစွန်း ဝါဒီထောက်ခံသူတစ်ဦးက လုပ်ဆောင်ခဲ့သည်ဟု ယူဆရသည်။ အီတလီပြည်ထဲရေးဝန်ကြီးက လူမျိုးစွဲအမုန်းတရားက ယခုကဲ့သို့ တိုက်ခိုက်မှုဖြစ်လာစေရန် လှုံ့ဆော်ပေးခဲ့သည်ဟု ပြောကြားခဲ့သည်။

ထိုပစ်ခတ်မှုမှာ မာစီရာတာမြို့၌ နံနက်ပိုင်းအချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ယင်းနောက် သေနတ်သမားဟု သံသယရှိသူမှာ အီတလီအလံကို ပုခုံးပေါ်တွင်ခြုံလျက် ကားထဲမှထွက်လာပြီး ဖက်ဆစ်အလေးပြုမှုတစ်ခုကို လုပ်ဆောင်ခဲ့ပြီး ‘ဗီဗာအီတလီယာ’ သို့မဟုတ် ‘အီတလီ ရေရှည်တည်တံ့ပါစေ’ သို့မဟုတ် ‘အီတလီနိုင်ငံဟာ အီတလီတွေအတွက် ပဲဖြစ်တယ်’ ဟူ၍ အော်ခဲ့သည်ဟု မီဒီယာများတွင် ဖော်ပြခဲ့သည်။

ထိုတိုက်ခိုက်မှုအတွင်း ဂါနာ၊ မာလီ၊ နိုင်ဂျီးရီးယားတို့မှဖြစ်သော အမျိုးသား ငါးဦးနှင့် အမျိုးသမီး တစ်ဦးတို့ ဒဏ်ရာရသွားခဲ့ကြသည်။

ထိုမြို့မှာပင် ဆယ်ကျော်သက် အီတလီ မိန်းကလေးတစ်ဦးကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့မှုဖြင့် နိုင်ဂျီးရီးယားအမျိုးသားတစ်ဦး ဖမ်းဆီးခံခဲ့ရပြီး တစ်ရက်အကြာတွင် ယခုပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းလည်း ဖြစ်သည်။

ထိုသေနတ်နှင့် ပစ်ခတ်တိုက်ခိုက်မှုသည် ဖက်ဆစ်၊ နာဇီတို့ကို ရှင်းရှင်းလင်းလင်း ရည်ညွှန်းသော လက်ယာယိမ်း အစွန်းရောက်တို့၏ ဓလေ့တစ်စိတ်တစ်ပိုင်းဖြစ်သည်ဟု ပြည်ထဲရေးဝန်ကြီး မာကိုမန်နီတီက ပြောကြားခဲ့သည်။ တိုက်ခိုက်မှု၏ တစ်ခုတည်းသော ဆက်နွှယ်မှုမှာ ဒဏ်ရာရခဲ့ရသူများသည် အသားအရောင်ရှိမှုတစ်ခုတည်းသာ ဖြစ်နေပြီး ကြိုတင်ကြံစည်သည့် ရာဇဝတ်မှုတစ်ခုဖြစ်ကြောင်း ဝန်ကြီးက ပြောသွားခဲ့သည်။

လူဦးရေ ၄၃,၀၀၀ နေထိုင်သည့် ပျင်းရိစာမာစီရာတာမြို့ငယ်တွင် ဖြစ်ပွားခဲ့သည့် နှစ်နာရီကြာ စိတ်လွတ်လက်လွတ် ပစ်ခတ်မှုဖြစ်စဉ်အတွင်း တိုက်ခိုက်သူသည် မြို့ထဲရှိနေရာ ရှစ်နေရာနှင့် ဗဟိုလက်ဝဲယိမ်း ဒီမိုကရက်တစ်ပါတီရုံးကို ပစ်မှတ်ထားခဲ့ကြောင်း သတင်းများထဲတွင် ဖော်ပြခဲ့သည်။

“လူခြောက်ဦး ဒဏ်ရာရခဲ့ပြီး ၎င်းတို့အားလုံးဟာ နိုင်ငံခြားသားတွေဖြစ်ကြပါတယ်” ဟု မြို့တော်ဝန် ရိုမာနိုကာရန်စီနီက ဆိုသည်။ ယင်းတို့အနက် တစ်ဦးမှာ ရင်ဘတ်တွင် ကျည်မှန်သွားခြင်းဖြစ်သဖြင့် စိုးရိမ်ရပြီး ကျန်ငါးဦးမှာမူ မစိုးရိမ်ရတော့ကြောင်း သိရသည်။

အမုန်းတရားဟာ ကျွန်တော်တို့ကို သွေးမကွဲစေပါဘူး

ထိုစဉ် အီတလီဝန်ကြီးချုပ် ပေါလိုဂျန်တီလိုနီက “အမုန်းတရားနဲ့ အကြမ်းဖက်မှုဟာ ကျွန်တော်တို့ကို သွေးမကွဲစေပါဘူး” ဟု ပြောကြားပြီး စည်းလုံးညီညွတ်မှုအတွက် အလေးပေးပြောသွားခဲ့သည်။

ယခုပစ်ခတ်မှုမတိုင်မီ တစ်ရက်က အသက် ၁၈ နှစ်အရွယ် အီတလီအမျိုးသမီးတစ်ဦးအား သတ်ကာ အပိုင်းပိုင်းဖြတ်၍ ခရီးဆောင်သေတ္တာထဲထည့်မှုဖြင့် မူးယစ်ဆေး မှောင်ခိုကူးသူတစ်ဦးဖြစ်သော အသက် ၂၉ နှစ်အရွယ် နိုင်ဂျီးရီးယားရွှေ့ပြောင်းအခြေချသူကို ဖမ်းဆီးလိုက်သည်။ သို့သော် ထိုအမှုနှင့် ယခုပစ်ခတ်မှုတွင် ခိုင်ခိုင်မာမာ ဆက်နွှယ်နေမှုမျိုးကို မတွေ့ရသေးပေ။

အီတလီတို့သည် လာမည့်လတွင် အမျိုးသားရွေးကောက်ပွဲများအတွက် မဲရုံများသို့ သွားရတော့မည်ဖြစ်သည်။ ထိုစဉ် လူဝင်မှုကြီးကြပ်ရေးကိစ္စမှာ အဓိကအကြောင်းအရာတစ်ခု ဖြစ်လာခဲ့သည်။

ပြီးခဲ့သည့်နှစ်က ဥရောပသမဂ္ဂနှင့် လစ်ဗျားတို့ကြားတွင် ရရှိခဲ့သည့် အငြင်းပွားစရာ သဘောတူညီချက်ကြောင့် အီတလီသို့ ဝင်ရောက်လာသည့် ရွှေ့ပြောင်းအခြေချသူ ဦးရေမှာ သိသိသာသာ ကျဆင်းသွားခဲ့သည်။

၂၀၁၇ ခုနှစ်က အီတလီသို့ ရောက်ရှိလာသည့် ရွှေ့ပြောင်းအခြေချသူ ၁၁၉,၀၀၀ ဦး ခန့်ရှိပြီး ယင်းပမာဏသည် ၂၀၁၆ ခုနှစ်က ထက် ၃၅ ရာခိုင်နှုန်း ကျဆင်းသွားခြင်း ဖြစ်သည်။

Ref ; AFP