ဝေဖန်ခံနေရသော်လည်း တူရကီက ဆီးရီးယားတွင် ထိုးစစ်ဆင်မှုကို အရှိန်မြှင့်တင်

ဝေဖန်ခံနေရသော်လည်း တူရကီက ဆီးရီးယားတွင် ထိုးစစ်ဆင်မှုကို အရှိန်မြှင့်တင်
Published 2 February 2018

ဇန်နဝါရီ ၃၁ ရက်က ဆီးရီးယားမြောက်ပိုင်းရှိ အာဖရင်မြို့တွင် မီးခိုးလုံးများ ထွက်ပေါ်နေမှုအား ရိုက်ကူးထားသောဓာတ်ပုံ (Photo: AFP)

တူရကီက ကျောထောက်နောက်ခံပေးထားသော တပ်ဖွဲ့ဝင်များနှင့် ကာ့ဒ်ပြည်သူ့စစ်တို့အကြား ဆီးရီးယား၏ အာဖရင်ဒေသတွင် တိုက်ပွဲများ ပြင်းထန်နေပြီး တူရကီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားများ ထွက်ပြေးရမှုလည်း မြင့်တက်ခဲ့သည်။ အရပ်သားသေဆုံးမှု မြင့်တက်လာနေကြောင်း သတင်းများ ထွက်ပေါ်နေပြီး အပြည်ပြည်ဆိုင်ရာက စိုးရိမ်နေချိန်တွင် ကာ့ဒ်တို့ ထိန်းချုပ်ထားသော အာဖရင်ဒေသတွင် သံလွင်ခက် စစ်ဆင်ရေးကို တူရကီနှင့် မဟာမိတ်ဆီးရီးယားသူပုန်တို့က အရှိန်မြှင့်တင်နေသည်။

တူရကီနှင့် နယ်စပ်အနီး အာဖရင်ဒေသ၏ အနောက်ဘက်မှ ဂျန်ဒါအီရစ်နှင့် ရာဂျိုမြို့တို့တွင် တူရကီက လေကြောင်းတိုက်ခိုက်မှုများ ဆောင်ရွက်ခဲ့ကြောင်း ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့က ပြောကြားခဲ့သည်။ တူရကီက ကျောထောက်နောက်ခံ ပေးထားသော သူပုန်တပ်ဖွဲ့များသည် နယ်စပ်ကျေးရွာ ရှင်ကားကို ထိန်းချုပ်ခဲ့ကြောင်း ဗြိတိန်အခြေစိုက် စစ်ပွဲစောင့်ကြည့်ရေးအဖွဲ့က ပြောကြားခဲ့သည်။

တူရကီတပ်ဖွဲ့ဝင်များသည် အင်အားဖြည့်တင်းမှုများ ညလုံးပေါက်ပြုလုပ်ခဲ့ပြီး တိုက်ခိုက်ရေးသမားများနှင့် လက်နက်ကိရိယာများကို ရှင်ကားသို့ စေလွှတ်ခဲ့ကြောင်း လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ဥက္ကဋ္ဌ ရာမီအဗ္ဗဒယ်ရာမန်က ပြောကြားခဲ့သည်။

ကာ့ဒ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ (YPG) ကို ထိုးစစ်ဆင်သည့် သံလွင်ခက်စစ်ဆင်ရေးအား ဇန်နဝါရီ ၂၀ ရက်တွင် တူရကီနှင့် မဟာမိတ်ဆီးရီးယားသူပုန်တို့က စတင်ခဲ့သည်။ YPG သည် IS နှိမ်နင်းရေးတွင် အမေရိကန်၏ အဓိက မဟာမိတ်ဖြစ်သော်လည်း တူရကီအစိုးရက ကာ့ဒ်အလုပ်သမားပါတီ၏ လက်နက်ကိုင်အကြမ်းဖက်အဖွဲ့ဟု YPG ကို သတ်မှတ်ထားသည်။

ဇန်နဝါရီ ၃၁ ရက်တွင် တူရကီစစ်တပ်သည် YPG ပစ်မှတ် ၂၂ နေရာကို ဖျက်ဆီးခဲ့ကြောင်း တူရကီက ပြောကြားခဲ့သည်။ စစ်ဆင်ရေးတွင် အရပ်သားများကို ထိမှန်ခဲ့ခြင်းနှင့် ပတ်သက်၍ တူရကီအစိုးရက ငြင်းဆိုထားသည်။ သို့သော်လည်း အရပ်သားများ သေဆုံးမှုနှင့် ဒဏ်ရာရမှုများကို နေ့စဉ်ကြုံတွေ့နေရကြောင်း အာဖရင်ရှိ ဆေးရုံများက ပြောကြားခဲ့သည်။

တူရကီ၏ လေကြောင်းစစ်ဆင်ရေးကြောင့် ကလေးတစ်ဦး သေဆုံးခဲ့ပြီး အရပ်သား ၁၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း YPG က ဇန်နဝါရီ ၃၁ ရက်တွင် ပြောကြားခဲ့သည်။ တူရကီသည် သံလွင်ခက် ထိုးစစ်စတင်ခဲ့ပြီးနောက်ပိုင်း မဟာဗျူဟာကျသော ဘာဆယာ တောင်ကုန်းနှင့် ရွာ ၁၁ ရွာကို သိမ်းပိုက်ထားနိုင်ခဲ့သည်။ ဘာဆယာသည် တူရကီနယ်စပ်ရှိ သူပုန်တို့ ထိန်းချုပ်ထားသော ဆီးရီးယားမြို့ အာဇက်နှင့် ကီလီမြို့နှစ်မြို့ကို အပေါ်စီးမှ စီးမိုးထားသည့် နေရာဖြစ်သည်။

အမေရိကန်နှင့် ပြင်သစ်တို့က တူရကီ၏ နယ်စပ်ဖြတ်ကျော် ထိုးစစ်ဆင်မှုအတွက် စိုးရိမ်ကြောင်း အကြိမ်ကြိမ် ပြောကြားထားသည်။ စစ်ဆင်ရေးကို တိုးချဲ့သွားမည်ဟု တူရကီသမ္မတ ရီဆပ်တေယစ်အာဒိုဂန်က ပြီးခဲ့သည့် သီတင်းပတ်တွင် ခြိမ်းခြောက်ထားခဲ့သည်။ IS နှိမ်နင်းရေး စစ်ဆင်ရေး တစ်စိတ်တစ်ပိုင်းအဖြစ် အမေရိကန်တပ်ဖွဲ့ဝင်များ တပ်ဖြန့်ထားသည့် အာဖရင်၏ အရှေ့ဘက်မှ သူပုန်တို့ ထိန်းချုပ်ထားသည့် မန်ဘစ်မြို့ကို ရှင်းလင်းပစ်မည်ဟု အာဒိုဂန်က ကြွေးကြော်ထားသည်။

၂၀၁၁ ခုနှစ်တွင် အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုများဖြင့် စတင်ခဲ့သော ဆီးရီးယား ပဋိပက္ခသည် စစ်ပွဲအသွင်ပြောင်းသွားခဲ့ပြီး သူပုန်များ၊ ဂျီဟတ်များ၊ ကာ့ဒ်များနှင့် အစိုးရတပ်ဖွဲ့ဝင်များသည် အပြန်အလှန် တိုက်ခိုက်နေကြသည်။

Ref : AFP