ရုရှားရွေးကောက်ပွဲများကို သပိတ်မှောက်ရန် အစိုးရဆန့်ကျင်သူ ယူဒယ်ဆော့က တိုက်တွန်း

ရုရှားရွေးကောက်ပွဲများကို သပိတ်မှောက်ရန် အစိုးရဆန့်ကျင်သူ ယူဒယ်ဆော့က တိုက်တွန်း
Published 11 August 2017

သြဂုတ် ၁၀ ရက်က မော်စကိုတွင် သတင်းစာရှင်းလင်းပွဲ၌ စကားပြောနေသော လက်ဝဲအစွန်းရောက်ခေါင်းဆောင် ယူဒယ်ဆော့ (Photo: AFP)

လာမည့်နှစ် ရုရှားသမ္မတ ရွေးကောက်ပွဲများသည် ရိုးသားမှု မရှိသောကြောင့် သပိတ်မှောက်ကြရန် ထောင်ဒဏ်လေးနှစ်ခွဲ ကျခံရပြီး ယခုသီတင်းပတ် အတွင်းကမှ ပြန်လွတ်လာသည့် ရုရှားလက်ဝဲအစွန်းရောက်ဝါဒီ အတိုက်အခံ ဆာဂေးယူဒယ်ဆော့က သြဂုတ် ၁၀ ရက်တွင် ဆော်သြခဲ့သည်။

“အာဏာပိုင်တွေဟာ ရွေးကောက်ပွဲ ဥပဒေကို ကလိမ်ကျပြီး ပြောင်းလဲထားတယ်။ သူတို့ မကြိုက်တဲ့ ကိုယ်စားလှယ်လောင်းတွေကို ဝင်ပြိုင်ခွင့် မပေးဘူး။ ဒီရွေးကောက်ပွဲကို အခိုင်အမာ သပိတ်မှောက်သင့်ပါတယ်” ဟု ယူဒယ်ဆော့က မြို့တော်မော်စကိုတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

ဗလာဒီမာပူတင်ကို သမိုင်းဝင် တတိယ အကြိမ်မြောက် သမ္မတသက်တမ်း ထမ်းဆောင်ခွင့် ရစေသည့် ရွေးကောက်ပွဲ မတိုင်မီ ၂၀၁၁-၁၂ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သော ဆန္ဒပြပွဲများ အတွင်းက ယူဒယ်ဆော့သည် ဦးဆောင်ပုဂ္ဂိုလ်တစ်ဦး ဖြစ်ခဲ့သည်။ ၂၀၁၄ ခုနှစ်တွင်မူ ယူဒယ်ဆော့သည် ကြီးမားသော အဓိကရုဏ်းကြီးများ ဖြစ်လာစေရန် လှုံဆော်ပေးနေသည်ဟု ပြစ်ဒဏ်ချမှတ်ခံခဲ့ရသည်။

လက်ရှိအသက် ၄၀ အရွယ်ရှိပြီဖြစ်သော ယူဒယ်ဆော့သည် ပိတ်ပင်ခံထားရသော အစွန်းရောက်လက်ဝဲဝါဒီ အုပ်စု၏ ခေါင်းဆောင်ဖြစ်သည်။ သြဂုတ် ၁၀ ရက်က မူယူဒယ်ဆော့က အစိုးရ၏ နီယိုလစ်ဘရယ် စီးပွားရေး မူဝါဒများကြောင့် ၎င်းသည် အစိုးရ အတိုက်အခံတစ်ဦး ဖြစ်နေသေးသည်ဟု ဆိုသည်။ “ဒီနှစ်တွေထဲမှာ အကောင်းဘက်ကို ပြောင်းလဲသွားတာ ဘာမှမရှိပါဘူး” ဟု ၎င်းက ပြောကြားခဲ့သည်။

၂၀၁၈ ခုနှစ် သမ္မတရွေးကောက်ပွဲတွင် ဝင်မပြိုင်ဟု ဆိုသော်လည်း ယူဒယ်ဆော့က လက်ဝဲဝါဒီကို ကိုယ်စားပြုမည့် လူငယ်မျက်နှာသစ်တစ်ဦး ပေါ်ထွက်လာမည့် အရေးကို မငြင်းပယ်ခဲ့ပေ။

ယူဒယ်ဆော့သည် နိုင်ငံအလယ်ပိုင်းရှိ တင်ဘော့ဗ်ပြည်နယ်တွင် အကျဉ်းကျခံခဲ့ရခြင်းဖြစ်ပြီး ထိုကာလအတွင်းက အစာငတ်ခံ ဆန္ဒပြမှုများကို မကြာခဏ လုပ်ဆောင်ခဲ့သူ ဖြစ်သည်။ လက်ရှိတွင် အားအကြီးဆုံး ရုရှားအတိုက်အခံဟု ယူဆခံရသူမှာ အလက်ဇီနာဗာညီဖြစ်သည်။

Ref: AFP