ရုရှား၏ ကြီးမားသော ခြိမ်းခြောက်မှုအား တန်ပြန်ရန် ဗြိတိန်က ရေဒါစနစ်သစ် တပ်ဆင်

ရုရှား၏ ကြီးမားသော ခြိမ်းခြောက်မှုအား တန်ပြန်ရန် ဗြိတိန်က ရေဒါစနစ်သစ် တပ်ဆင်
Published 29 January 2018

ဇန်နဝါရီ ၂၇ ရက်က Unst ကျွန်းစုတွင် တည်ဆောက်ဆဲ ရေဒါစခန်းသစ်အား တွေ့ရစဉ် (Photo: AFP)

မော်စကိုထံမှ ကြီးမားပြီး အမှန်တကယ်ဖြစ်သော ခြိမ်းခြောက်မှုအား တန်ပြန်ရန် စကော့တလန်၏ ရှက်လန်းကျွန်းစုအလွန်ရှိ ရေဒါစနစ်သစ်က ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း ဗြိတိန်ကာကွယ်ရေးဝန်ကြီး ဂါဗင်ဝီလျံဆန်က ပြောကြားခဲ့သည်။

ရှက်လန်းကျွန်းစုတွင် အကြိုသတိပေးရေဒါစနစ်အား တပ်ဆင်ခဲ့ချိန်တွင် စစ်အေးခေတ်ကာလ နေ့ရက်များသို့ ပြန်ရောက်သွားခဲ့ပြီး တော်ဝင်လေတပ်၏ ယင်းစနစ်သစ်က အမျိုးအမည်မဖော်နိုင်သော စစ်ဘက် သို့မဟုတ် အရပ်ဘက်လေယာဉ်များအား ခြေရာခံနိုင်ရန် ရည်ရွယ်ကြောင်း သိရသည်။

ရုရှား၏ရန်မူမှုမှ ၎င်းတို့၏ ဝေဟင်များကို အမြဲတမ်း ကာကွယ်ရမည်ဖြစ်ကြောင်း ဝီလျံဆန်က ဇန်နဝါရီ ၂၆ ရက်တွင် ပြောကြားခဲ့ပြီး ယင်းရေဒါစနစ်သည် ဗြိတိန်ကာကွယ်ရေးအတွက် အလွန်အမင်း အရေးပါကြောင်း ပြောကြားခဲ့သည်။

ရုရှား၏လုပ်ရပ်များသည် အရှေ့ဥရောပနယ်စပ်များအထိ အကန့်အသတ်မရှိဘဲ ဗြိတိန်၏ အသက်အိုးအိမ်စည်းစိမ်များအား ခြိမ်းခြောက်မှုသည် ဆိုးရွားပြီး ဖြစ်နိုင်ခြေရှိကြောင်း ဝီလျံဆန်က ပြောကြားခဲ့သည်။ ဗြိတိန်၏မြောက်ဘက်စွန်း အကျဆုံး လူနေကျွန်းစုဖြစ်သော Unst တွင် တပ်ဆင်ထားသည့်ပေါင် ၁၀ သန်း (ဒေါ်လာ ၁၄ ဒသမ ၁ သန်း) တန်ဖိုးရှိ ယင်းရေဒါစနစ်သည် မကြာမီ အပြည့်အ၀ အသုံးပြုနိုင်တော့မည်ဟု ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

စတင်အသုံးပြုနိုင်သည်နှင့် တစ်ပြိုင်နက် ယင်းစနစ်သည် တပ်လှန့်မှုကို အလျင်အမြန် လုပ်ဆောင်နိုင်မည်ဖြစ်သည်။ ယခင်ကမူ ရုရှားလေယာဉ်များအား ကြားဖြတ်ဟန့်တားရန် ဗြိတိန်တိုက်လေယာဉ်များက လုပ်ဆောင်ခဲ့ရသည်။

ဇန်နဝါရီ ၁၅ ရက်တွင် လေကြောင်းထိန်းချုပ်ရေး တာဝန်ရှိသူများအား တုံ့ပြန်ခဲ့ခြင်းမရှိဟုဆိုသော ရုရှားစစ်ဘက်လေယာဉ်နှစ်စင်းအား စောင့်ကြည့်ရန် ဗြိတိန်တိုက်လေယာဉ်နှစ်စင်းက ပျံတက်ခဲ့ရသည်ဟု ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ ပြီးခဲ့သော ငါးနှစ်အတွင်း ဗြိတိန်တိုက်လေယာဉ်များက ယင်းကဲ့သို့ ကြားဖြတ်ဟန့်တားရမှု အကြိမ်စုစုပေါင်း ၆၉ ကြိမ် ရှိခဲ့ကြောင်း ယင်းဌာနက ထုတ်ပြန်ခဲ့သော်လည်း ရုရှားလေယာဉ်များ ပါဝင်ပတ်သက်သည့် အကြိမ်အရေအတွက်ကိုမူ မဖော်ပြခဲ့ပေ။

ဗြိတိန်တွင် အလုံးစုံ ဖရိုဖရဲ အခြေအနေဖန်တီးရန် ဖြစ်နိုင်ခြေရှိသော အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် ရုရှားသည် ဗြိတိန်၏အရေးကြီးသော အခြေခံအဆောက်အအုံများအား ထောက်လှမ်းမှု လုပ်ဆောင်နေကြောင်း ဝီလျံဆန်က ဇန်နဝါရီ ၂၅ ရက်တွင် စွပ်စွဲပြောကြားခဲ့မှုကို Daily Telegraph သတင်းစာက ဖော်ပြခဲ့သည်။ စစ်အေးခေတ်လွန်တွင် ရုရှားသည် အဆင့်မြင့်ဆုံးနှင့် စွမ်းရည်အရှိဆုံး လုံခြုံရေး ခြိမ်းခြောက်မှုပြုနေကြောင်း၊ ဗြိတိန်သည် ရုရှားစစ်ရေးစွမ်းရည်များအား လိုက်မီနိုင်ရန် ခက်ခက်ခဲခဲ ရုန်းကန်နေရကြောင်း ဗြိတိန်စစ်ဦးစီးချုပ် နစ်ကာတာကလည်း ဇန်နဝါရီ ၂၂ ရက်တွင် သတိပေးခဲ့သည်။

Ref: AFP