ဘတ်ဂျက်အတွက် Instagram တွင် နာမည်ကြီးသူများကို ငှားရမ်းခဲ့သော စင်ကာပူအစိုးရ သရော်ခံနေရ

ဘတ်ဂျက်အတွက် Instagram တွင် နာမည်ကြီးသူများကို ငှားရမ်းခဲ့သော စင်ကာပူအစိုးရ သရော်ခံနေရ
Published 21 January 2018

(Photo - Instagram)

မျိုးဆက်သစ်လူငယ်များ ဘတ်ဂျက်ကိစ္စတွင် စိတ်ဝင်စားလာကြစေရေးအတွက် လူမှုမီဒီယာတွင် လွှမ်းမိုးမှုရှိသူများကို ငှားရမ်းသည့် ကိစ္စနှင့်ပတ်သက်ပြီး စင်ကာပူအစိုးရမှာ ပြက်ရယ်ပြုသရော်ခံရကြောင်း သိရသည်။ ဘဏ္ဍာရေးဝန်ကြီးဌာနသည် Instagram အသုံးပြုသူ ၅၀ ကျော်ကို ငှားရမ်းခဲ့ပြီး ၎င်းတို့အနေနှင့် မကြာမီလာတော့မည့် ဘတ်ဂျက်ကိစ္စနှင့်ပတ်သက်ပြီး follower များထံမှ တုံ့ပြန်ချက်ရရှိစေရန်၊ follower များအား ၎င်းတို့၏ ယူဆချက်များကို အစိုးရရုံးများထံသို့ သွားရောက်ရှင်းပြရေးအတွက် ဆော်သြရန် ကြိုးပမ်းရမည်ဖြစ်ကြောင်း ပြည်တွင်းသတင်းများတွင် ဖော်ပြခဲ့သည်။ Instagram ပို့စ်တစ်ခုတွင် ချယ်ဆီးတန် အမည်ရသူသည် လက်ပ်တော့တစ်လုံးကိုကိုင်ပြီး ရေကူးကန် နံဘေးတွင်ထိုင်နေသည့် ဓာတ်ပုံနှင့်အတူ “သတင်းကောင်းပဲ။ ၂၀၁၈ ဘတ်ဂျက် မကြာမီလာတော့မယ်” ဟု စာသားကို တွေ့ရသည်။ ထိုစည်းရုံးလှုပ်ရှားမှုကိစ္စသည် ဒီဇင်ဘာလကတည်းက စတင်ခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့် ရက်များအတွင်းကမှ အာရုံစိုက်မှုများလာခြင်း ဖြစ်သည်။ သို့သော် ထိုအာရုံစိုက်မှုများမှာ နိုင်ငံ၏ဘဏ္ဍာရေးထက် အစိုးရ၏ချဉ်းကပ်ပုံကို သရော်ကြသည်မှာ ပိုမိုများပြားနေသည်။ အချို့ကလည်း အစိုးရက ရွေးထားသည့်သူများသည် နိုင်ငံထဲတွင် အမှန်တကယ်နာမည် ကြီးသူများမပါဘဲ လူသိပ်မသိသူများသာ ဖြစ်သည်ဟု ဝေဖန်ခဲ့ကြသည်။ ဒီဇင်ဘာမှစပြီး ဘတ်ဂျက်နှင့် ပတ်သက်သော သဘောထားတောင်းခံသည့် ပို့စ်ပေါင်း ၃၀ ထက်မနည်း တက်ပြီးသွားပြီဟု သိရသည်။

Ref; AFP

Most Read

Most Recent