မြန်မာဗုဒ္ဓဘာသာဝင်များသည် မွတ်စလင်များကို မုန်းတီးခြင်းမရှိကြောင်းနှင့် ဘင်္ဂါလီမွတ်စလင် အများစုသည် မြန်မာနိုင်ငံအတွင်း၌ ရှိနေဆဲဖြစ်ကြောင်း အငြိမ်းစားဗိုလ်ချုပ်ကြီးလှဌေးဝင်း ပြောကြား

မြန်မာဗုဒ္ဓဘာသာဝင်များသည် မွတ်စလင်များကို မုန်းတီးခြင်းမရှိကြောင်းနှင့် ဘင်္ဂါလီမွတ်စလင် အများစုသည် မြန်မာနိုင်ငံအတွင်း၌ ရှိနေဆဲဖြစ်ကြောင်း အငြိမ်းစားဗိုလ်ချုပ်ကြီးလှဌေးဝင်း ပြောကြား
Published 20 January 2018

Photo: CNA

မြန်မာဗုဒ္ဓဘာသာဝင်များသည် မွတ်စလင်များကို မုန်းတီးခြင်းမရှိကြောင်းနှင့် ဘင်္ဂါလီမွတ်စလင် အများစုသည် မြန်မာနိုင်ငံအတွင်း၌ ငြိမ်းချမ်းစွာ ဆက်လက်နေထိုင်နေဆဲဖြစ်ကြောင်း အငြိမ်းစားဗိုလ်ချုပ်ကြီး နှင့် လက်ရှိ  လွှတ်တော်အမတ် ဦးလှဌေးဝင်းက Channel News Asia (CNA)သို့ ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူးဟောင်း အငြိမ်းစားဗိုလ်ချုပ်ကြီး လှဌေးဝင်းက ဘင်္ဂါလီမွတ်စလင်အများစုသည် ထွက်ပြေးသွားခဲ့ခြင်းမရှိကြောင်း CNA နှင့် ပြုလုပ်သည့် ရှားရှားပါးပါး အင်တာဗျူးတစ်ခု၌ ပြောကြားခဲ့သည်။

သူက “ဘင်္ဂါလီ ရာခိုင်နှုန်း ၆၀ ဟာ ကျွန်တော်တို့ရဲ့ ရခိုင်ပြည်သူတွေနဲ့အတူ ငြိမ်းချမ်းစွာ နီးနီးကပ်ကပ် နေထိုင်နေပါတယ်။ သူတို့က ဒီနိုင်ငံကနေ ထွက်ခွာမသွားပါဘူး” ဟု ပြောကြားခဲ့သည်။ သူ၏ ပြောကြားချက်ကို  လွတ်လပ်စွာ အတည်ပြုနိုင်ခြင်းမရှိဘဲ တပ်မတော်က ကျောထောက်နောက်ခံပြုပေးထားသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) မှ လက်ရှိ လွှတ်တော်အမတ်  ဦးလှဌေးဝင်းက ယင်းကဲ့သို့သော စာရင်းမျိုး သူထံသို့ မည်သို့မည်ပုံ ရောက်ရှိလာသည်ကို  အသေးစိတ်ပြောကြားခဲ့ခြင်း မရှိပေ။

ဦးလှဌေးဝင်းက ကုလသမဂ္ဂ၏ လူမျိုးစုလိုက် သုတ်သင်မှုဟု စွပ်စွဲချက်ကို ငြင်းဆိုခဲ့ပြီး တပ်မတော်သည် ယင်းကဲ့သို့သော အမှုများရှိကြောင်း အစီရင်ခံပြီး မှန်ကန်ကြောင်း တွေ့ရှိပါက မှားယွင်းစွာ သတ်ဖြတ်မှုများကို  အရေးယူရန် အဆင်သင့်ရှိကြောင်း ပြောကြားခဲ့သည်။

သူက ဘင်္ဂါလီမွတ်စလင်အမျိုးသမီးများအား စနစ်တကျ မုဒိမ်းကျင့်ခြင်းနှင့် အရပ်သားများအား သတ်ဖြတ်ခြင်းတို့ရှိခဲ့သည်ဟူသော စွပ်စွဲမှုများကိုလည်း ငြင်းဆိုခဲ့သည်။

“အထွေထွေသဘောအရ ကျွန်တော်တို့ မွတ်စလင်တွေကို မဆန့်ကျင်ပါဘူး။ ကျွန်တော်တို့ ငြိမ်းချမ်းစွာ အတူတကွ နေထိုင်ခဲ့ကြပါတယ်။ ဘင်္ဂါလီအများစုကလည်း ငြိမ်းချမ်းစွာ နေထိုင်ဖို့ပဲ လိုလားတာပါ” ဟု ၎င်းက ပြောကြားခဲ့သည်။

အငြိမ်းစား ဗိုလ်ချုပ်ကြီးလှဌေးဝင်းက ၎င်းတို့အစိုးရအနေဖြင့် ကမ္ဘာကြီးသို့ ပြောရန် ကြိုးပမ်းနေသည့်အရာကို နိုင်ငံခြား စာနယ်ဇင်းများက မယုံကြည်ခဲ့ကြခြင်းအတွက် စိတ်ပျက်မှုကို ဖော်ပြခဲ့သည်။

“ဥပမာအနေနဲ့ ဒီမှာ ငြိမ်းချမ်းစွာနေထိုင်နေတဲ့ ဘင်္ဂါလီတွေရှိနေဆဲပဲ ဆိုတဲ့အကြောင်း၊ ဒါမှမဟုတ် အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်တယ်ဆိုတဲ့ စွပ်စွဲခံရရင် ဘင်္ဂါလီအကြမ်းဖက်သမားတွေက ဘင်္ဂါလီအချင်းချင်းတိုက်ခိုက်တဲ့အကြောင်း ပြောတဲ့အခါ ဘယ်သူမှ ကျွန်တော်တို့ကို မယုံကြဘူး” ဟု ဦးလှဌေးဝင်းက  ပြောကြားခဲ့သည်။

ဇန်နဝါရီ ၁၀ ရက်တွင် ရှားရှားပါးပါး ဝန်ခံမှုတစ်ရပ်အဖြစ် မြန်မာတပ်မတော်က  ၎င်း၏ တပ်ဖွဲ့ဝင်များသည် ဘင်္ဂါလီမွတ်စလင် ၁၀ ဦးကို သတ်ဖြတ်ခဲ့ကြောင်းနှင့် အလောင်းများကို ရခိုင်ပြည်နယ် အင်းဒင်ကျေးရွာရှိ စုပေါင်းမြှုပ်နှံထားသော သချုႋင်း၌တွေ့ရှိရကြောင်းနှင့် စည်းမျဉ်း ဖောက်ဖျက်ပြီး  သတ်ဖြတ်မှုတွင် ပါဝင်သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ နှင့် ပူးပေါင်းပါဝင်သည့် ဗုဒ္ဓဘာသာဝင် ရခိုင်ရွာသားများကို ဥပဒေအရအရေးယူမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က Facebook ပေါ်တင်သည့် ကြေညာချက်တစ်စောင်၌ ပြောကြားထားသည်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂသံအမတ်ကြီး စကော့မာစီယယ်က ယင်းဝန်ခံချက်ကို အရေးကြီးသော ခြေလှမ်းတစ်ရပ်ဟု ခေါ်ဆိုခဲ့သည်။

Most Read

Most Recent