ရခိုင်ပြည်နယ်တွင် ဖြစ်ပွားသော အကြမ်းဖက်မှုသတင်းများနှင့် ပတ်သက်၍ ကုလသမဂ္ဂက စိုးရိမ်

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားသော အကြမ်းဖက်မှုသတင်းများနှင့် ပတ်သက်၍ ကုလသမဂ္ဂက စိုးရိမ်
Published 19 January 2018

Development Media Group က ဇန်နဝါရီ ၁၇ ရက်တွင် ထုတ်ပြန်ခဲ့သည့် ဓာတ်ပုံ၌ ရခိုင်ပြည်နယ် မြောက်ဦးမြို့တွင် ကင်းလှည့်နေသည့် မြန်မာရဲတပ်ဖွဲ့ဝင်များကို တွေ့ရစဉ် (Photo - AFP)

လူမျိုးရေးနှင့် ဘာသာရေးအပေါ် အခြေခံသည့် တိုက်ခိုက်မှုများ ဖြစ်ပွားမှုကြောင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးလာသည့် လူပေါင်း ၆၄၀,၀၀၀ ထက်မနည်း အပါအဝင် ဘင်္ဂါလီ (မူရင်း၌ ရိုဟင်ဂျာဟုဖော်ပြ) မွတ်စလင်ပေါင်း တစ်သန်းကျော်နေထိုင်သည့် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင် ဗုဒ္ဓဘာသာဝင်များပါဝင်သည့် လူသေဆုံးမှုများ ဖြစ်ပေါ်ခဲ့သော အကြမ်းဖက်မှုနှင့် ပတ်သက်သည့် သတင်းများအပေါ် ကုလသမဂ္ဂက  စိုးရိမ်မှုနှင့် စောင့်ကြည့်နေကြောင်း ကုလသမဂ္ဂမှ တာဝန်ရှိသူတစ်ဦးက ဇန်နဝါရီ ၁၇ ရက်တွင် ပြောကြားခဲ့သည်။

ရှေးဟောင်းဗုဒ္ဓဘာသာ ဘုရင့်နိုင်ငံတော်နှင့်ပတ်သက်၍ အခမ်းအနားတစ်ရပ် ပြုလုပ်စဉ်အတွင်း ရခိုင်ပြည်နယ်မြောက်ပိုင်း မြောက်ဦးမြို့တွင် ရဲတပ်ဖွဲ့က ဗုဒ္ဓဘာသာဝင် ဆန္ဒပြသူ ခုနစ်ဦးကို ပစ်သတ်ခဲ့ပြီး အခြား ၁၂ ဦး ဒဏ်ရာရရှိခဲ့သည်ဟု မီဒီယာများက ဖော်ပြသည်။

“မြန်မာနိုင်ငံမှာ ကုလသမဂ္ဂက မြောက်ဦးမြို့မှာ ရဲတပ်ဖွဲ့နဲ့ ဆန္ဒပြသူတွေအကြား အကြမ်းဖက်ပဋိပက္ခတွေ ဖြစ်ပေါ်ခဲ့တာနဲ့ပတ်သက်တဲ့ သတင်းတွေကို စိုးရိမ်မှုနဲ့အတူ စောင့်ကြည့်နေပါတယ်” ဟု ကုလသမဂ္ဂအကြီးအကဲ၏ ပြောရေးဆိုခွင့်ရှိသူ စတီဖင်ဒူဂျာရစ်က ပြောကြားခဲ့သည်။

“ကုလသမဂ္ဂရုံးက သတင်းတွေမှာ ဖော်ပြတဲ့ သေဆုံးမှုနဲ့ ဒဏ်ရာရမှုတွေကို ကန့်ကွက်ရှုတ်ချပါတယ်။ ငြိမ်းချမ်းစွာ စုဝေးပိုင်ခွင့်နဲ့ လွတ်လပ်စွာဖော်ထုတ်ပြသခွင့်ကို လိုက်နာဖို့တောင်းဆိုပြီး လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ဆန္ဒပြသူတွေဟာ ချုပ်တည်းမှုနဲ့ ဆောင်ရွက်လို့ နောက်ထပ်အကြမ်းဖက်မှုတွေ မဖြစ်ပွားအောင် ရှောင်ရှားဖို့လည်း တောင်းဆိုပါတယ်” ဟု ၎င်းက သတင်းထောက်များအား ပြောကြားခဲ့သည်။

“ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး အချိုးအစား မမျှအောင် အင်အားသုံးခဲ့သလား ဒါမှမဟုတ် တခြားတရားဥပဒေနဲ့ မလျော်ညီတဲ့ လုပ်ဆောင်ချက်တွေ ရှိသလားဆိုတာကို စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ဖို့ သက်ဆိုင်ရာ အာဏာပိုင်တွေကို ကုလသမဂ္ဂရုံးက တောင်းဆိုလိုက်ပါတယ်” ဟုလည်း ဒူဂျာရစ်က ပြောကြားခဲ့သည်။

လွန်ခဲ့သည့် သြဂုတ်လက ရခိုင်ပြည်နယ်တွင် ရဲစခန်းများကို အကြမ်းဖက်သမားများက လူသေဆုံးမှုများ ဖြစ်ပေါ်အောင် တိုက်ခိုက်ခဲ့ပြီးနောက် ဘင်္ဂါလီ (မူရင်း၌ ရိုဟင်ဂျာဟု ဖော်ပြ) မွတ်စလင်များ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တစ်ဖွဲဖွဲ ရောက်ရှိသွားကြပြီး ၎င်းတို့သည် အစိုးရတပ်များနှင့် ပြည်သူ့စစ်အဖွဲ့များ၏ တိုက်ခိုက်မှုကိုခံရကြောင်းနှင့် ၎င်းတို့သည်  သူတို့၏ ရွာများကို မီးရှို့ခြင်း၊ မုဒိမ်းကျင့်ခြင်းနှင့် သတ်ဖြတ်ခြင်းတို့ပါ ပြုလုပ်ခဲ့ကြကြောင်း ပြောကြားခဲ့ကြသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးလာခဲ့ကြသည့်  မွတ်စလင်ဒုက္ခသည်အများစုသည် ရခိုင်ပြည်နယ်မြောက်ပိုင်းမှဖြစ်ကြောင်း သိရသည်။

Ref; Xinhua