Nation Media Group ၏ စီအီးအိုနှင့် ပူးတွဲထူထောင်သူ ဆူသီချိုင်း လုပ်ငန်းတာဝန်မှ အငြိမ်းစားယူကြောင်း ကြေညာ

Nation Media Group ၏ စီအီးအိုနှင့် ပူးတွဲထူထောင်သူ ဆူသီချိုင်း လုပ်ငန်းတာဝန်မှ အငြိမ်းစားယူကြောင်း ကြေညာ
Published 14 January 2018

 

ဇန်နဝါရီ ၁၂ ရက်က ပြုလုပ်သော နှုတ်ဆက်ပွဲအခမ်းအနား၌ တာဝန်မှအငြိမ်းစားယူသွားသည့် ဆူသီချိုင်း (လယ်) ကို တွေ့ရစဉ် (Photo - The Nation)

အများလေးစားခံရသည့် ဝါရင့် ဂျာနယ်လစ်တစ်ဦးဖြစ်သော ဆူသီချိုင်းယွန်းသည် Nation Media Group (NMG) မှ နေ၍ အငြိမ်းစားယူကြောင်း ဇန်နဝါရီ ၁၂ ရက်တွင် ကြေညာခဲ့သည်။ သူသည် လွန်ခဲ့သည့် ၄၇ နှစ်က အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသော နေ့စဉ်သတင်းစာတစ်စောင်ကို ပူးတွဲထူထောင်ခဲ့ပြီးနောက် Multimedia ကြီးတစ်ခုအဖြစ် လုပ်ဆောင်နိုင်ခဲ့သည်။

လုပ်ဖော်ကိုင်ဖက်များနှင့် ဝန်ထမ်းများက သူ့အား အမြင်ကျယ်သော ခေါင်းဆောင်တစ်ဦးအဖြစ်၊ ဆရာတစ်ဦးအဖြစ်၊ စံပြပုဂ္ဂိုလ်တစ်ဦးအဖြစ်နှင့် မီဒီယာလောကသားများအတွက် ထူးချွန်သည့် နမူနာတစ်ရပ်အဖြစ် ချီးကျူးခဲ့ကြသည်။

သတင်းစာထူထောင်ခဲ့စဉ်က အသက် ၂၁ နှစ်သာရှိခဲ့သော ဆူသီချိုင်းသည် ယခုအခါ အသက် ၇၁ နှစ်ရှိပြီဖြစ်ပြီး ဇန်နဝါရီ ၁၂ ရက်က ပြုလုပ်သော နှုတ်ဆက်ပွဲအခမ်းအနားတွင် NMG က လိုက်နာခဲ့သည့် မြင့်မားသော စံနှုန်းများနှင့် ကျင့်ဝတ်ဆိုင်ရာ စံတန်ဖိုးများနှင့်ပတ်သက်၍ ဂုဏ်ယူကြောင်း ပြောကြားခဲ့သည်။

ယင်းအခမ်းအနား၌ မိန့်ခွန်းပြောကြားစဉ်အတွင်း သူသည် The Nation Way ဟူသည့် စာအုပ်ငယ်တစ်အုပ်ကို မြှောက်ပြခဲ့သည်။ ထိုစာအုပ်မှာ NMG ဝန်ထမ်းများအတွက် ကျင့်ဝတ်များကို ဖော်ပြထားခြင်းဖြစ်ပြီး မိမိဘာသာ ချမှတ်ထားသော စည်းမျဉ်းများကို လိုက်နာရန် ဆုံးဖြတ်ချက်သည် Nation ဟူသည့် အမှတ်တံဆိပ်အား အများပြည်သူ၏ ယုံကြည်မှု ရရှိစေခဲ့ကြောင်း အထူးပြုပြောကြားခဲ့သည်။

“ကျွန်တော်တို့ရဲ့ တာဝန်တွေကို ထမ်းဆောင်ရာမှာ ကျွန်တော်တို့အနေနဲ့ ရိုးသားရမှာဖြစ်ပြီး တာဝန်တွေကို ထမ်းဆောင်ရာမှာ ပရော်ဖက်ရှင်နယ်တွေလို ပြုမူရမှာဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

The Nation သတင်းစာပူးတွဲထူထောင်သူနှင့် NMG ၏ ဥက္ကဋ္ဌဟောင်းလည်းဖြစ်သော ဆူသီချိုင်းက ကျင့်ဝတ်ဆိုင်ရာ စံနှုန်းများနှင့် လျော်ညီခြင်းနှင့် တာဝန်များထမ်းဆောင်ရာတွင် စံနှုန်းများမြင့်မားခြင်းသည် လက်ရှိ ဒီဂျစ်တယ်ခေတ်၏ နှောင့်ယှက်မှု၌ ရှင်သန်နိုင်အောင် မီဒီယာလောကသားများကို အကူအညီပေးရာ၌ အဓိကအချက်ဖြစ်လိမ့်မည်ဟု ပြောကြားခဲ့သည်။

ဆူသီချိုင်းသည် နှစ်ပေါင်း ၅၀ နီးပါး ကြာအောင်သူ၏ သတင်းစာကော်လံများ၌ သူ၏ထင်မြင်ယူဆချက်များကို ပုံမှန်ဖော်ပြခဲ့သည်။

သူသည် ကျွမ်းကျင်ပညာရှင်များ၊ ထင်ပေါ်ကျော်ကြားသူများနှင့် အကြောင်းအရာ အမျိုးမျိုးကို တွေ့ဆုံမေးမြန်းသည့် နေ့စဉ် Facebook Live အစီအစဉ်ကိုလည်း တက်ကြွစွာ ဆောင်ရွက်ခဲ့သည်။

အစိုးရကဖွဲ့စည်းသော မီဒီယာပြုပြင်ပြောင်းလဲရေးကော်မတီ၏ အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဆူသီချိုင်းက သူသည် NMG မှ အနားယူပြီးနောက် စာအုပ်တစ်အုပ် ရေးဖြစ်လိမ့်မည်ဟု ပြောကြားခဲ့သည်။ ယင်းစာအုပ်သည် အတိတ်မှ သင်ခန်းစာများအကြောင်းဖြစ်ပြီး ယင်းက ဒီဂျစ်တယ်မီဒီယာခေတ်အတွင်း စာဖတ်သူတို့၏ တောင်းဆိုမှု အပြောင်းအလဲအား လိုက်လျောညီထွေပြုခြင်း၌ ဂျာနယ်လစ်များအား အထောက်အကူပြုစေနိုင်မည်ဟု ဆိုသည်။

Ref;  The Nation