ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဘန်ကီမွန်၏တူ လာဘ်ထိုးမှုအတွက် အပြစ်ရှိကြောင်း ဝန်ခံ

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဘန်ကီမွန်၏တူ လာဘ်ထိုးမှုအတွက် အပြစ်ရှိကြောင်း ဝန်ခံ
Published 7 January 2018

၂၀၁၇ ခုနှစ် ဇန်နဝါရီ ၂၀ ရက်က နယူးယောက်ရှိ မန်ဟက်တန်တရားရုံးမှ ထွက်လာသော ဘန်ကီမွန်၏တူ ဂျိုယွင်းဘန် (ဝဲ) (Photo - Reuters)

ဗီယက်နမ်မှ အဆောက်အအုံဝင်းတစ်ခုကို ဒေါ်လာသန်း ၈၀၀ ဖြင့် ရောင်းချရန် ကြိုးပမ်းမှု၌ လာဘ်ထိုးခဲ့ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဘန်ကီမွန်၏တူ က ဇန်နဝါရီ ၆ ရက်တွင် ဝန်ခံခဲ့သည်။ ဒင်းနစ်ဘန်ဟု သိကြသော ဂျိုယွင်းဘန်သည် ခြစားမှုတွင် ပါဝင်ခဲ့ကြောင်းနှင့် လျှို့ဝှက်ကြံစည်မှုတွင် ပါဝင်ခဲ့ကြောင်း မန်ဟက်တန်တရားရုံး၌ ဝန်ခံခဲ့ခြင်း ဖြစ်သည်။

မအောင်မမြင်ဖြစ်ခဲ့သော အိမ်ခြံမြေ သဘောတူညီချက်အား အဖတ်ဆယ်ရန်အတွက် ဒေါ်လာ ၂ ဒသမ ၅ သန်း လာဘ်ထိုးရန် ကြိုးပမ်းမှုဖြင့် စွပ်စွဲခံရပြီးနောက် ဂျိုယွင်းဘန်သည် အာမခံဖြင့် လွတ်မြောက်နေသည်မှာ တစ်နှစ်ခန့်ရှိပြီ ဖြစ်သည်။

ကိုရီးယားဆောက်လုပ်ရေးကုမ္ပဏီ Keangnam Enterprises က ပိုင်ဆိုင်သော Landmark 72 အဆောက်အအုံဝင်းအား  ရောင်းချနိုင်ရန်အတွက် လာဘ်ထိုးရန် စီစဉ်ခဲ့သည်ဟု ဘန်က ဝန်ခံခဲ့သည်။

ဟနွိုင်းမှ ၇၂ ထပ်ရှိ ကုန်သွယ်ရေး အဆောက်အအုံပါဝင်သော ဗီယက်နမ်အိမ်ခြံဝင်း Landmark 72 ကို ရောင်းချရန် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးအား လာဘ်ထိုးရန်စီစဉ်မှု၌ ပါဝင်ခဲ့သည်ဟု အသက် ၃၉ နှစ်အရွယ် ဘန်က ဝန်ခံခဲ့သည်။ ဂျိုယွင်းဘန်အား  ဇွန် ၂၉ ရက်တွင် ပြစ်ဒဏ်ချမှတ်မည်ဟု တရားသူကြီး အဂ္ဂါဒိုရာမို့စ်က ကြေညာခဲ့သည်။ ဘန်၏ လာဘ်ထိုးမှု အစီအစဉ်နှင့် အခြားသူများ၏ အရှုပ်တော်ပုံများကြောင့်  အိမ်ခြံမြေလုပ်ငန်းတွင် ခြစားမှုဖြစ်စေပြီး မျှတသော ယှဉ်ပြိုင်မှုကို ထိခိုက်စေခဲ့ကြောင်း ယာယီလက်ထောက်ရှေ့နေချုပ် ဂျွန်ခရိုနန်က ပြောကြားခဲ့သည်။

ဘန်သည် ယင်းအိမ်ခြံမြေရောင်းဝယ် သဘောတူညီမှုမှ ကော်မရှင်ဒေါ်လာ သန်းချီရမည်ဟု မန်ဟက်တန်ရှေ့နေချုပ် ဂျက်ဖရီဘားမန်းက ပြောကြားခဲ့သည်။ ယင်းစွပ်စွဲချက်များသည် ထောင်ဒဏ် ၁၀ နှစ်ထိ ကျခံရနိုင်သည့် အပြစ်များဖြစ်သည်။ အစိုးရေရှေ့နေများနှင့် လက်မှတ်ရေးထိုးခဲ့သော ဘန်၏ လျှောက်လဲချက် သဘောတူညီမှုတွင် သူ၏ ပြစ်ဒဏ်အား အနိမ့်ဆုံး သုံးနှစ်မှ အမြင့်ဆုံး ခုနစ်အထိ ချမှတ်နိုင်သော လမ်းညွှန်မှုများ ပါဝင်သည်။ သို့သော်လည်း တရားသူကြီးသည် ပြစ်ဒဏ်အနည်းအများအား လွတ်လပ်စွာ ဆုံးဖြတ်နိုင်မည် ဖြစ်သည်။

ဘန်နှင့်သူ၏ဖခင် ဘန်ကီဆန်းအသက် ၇၀ နှစ်တို့သည် ၂၀၁၃ ခုနှစ် မတ်လမှ ၂၀၁၅ မေလအတွင်းတွင် အိမ်ခြံမြေအရောင်းအဝယ် သဘောတူညီချက်အား ကယ်တင်ရန်အတွက် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတစ်ခုအား စည်းရုံးရန်  နိုင်ငံခြားတာဝန်ရှိသူတစ်ဦးကို ဆွဲဆောင်ခဲ့ကြောင်း အစိုးရရှေ့နေများက ပြောကြားခဲ့သည်။ ထိုအမှုတွင် ဘန်၏ အဖေဖြစ်သူသည် စွဲချက်တင်ခံခဲ့ရသော်လည်း အဖမ်းမခံရသေးပေ။ နယူးဂျာစီတွင် နေထိုင်သော တောင်ကိုရီးယားနိုင်ငံသား ဘန်သည် မက်ဟက်တန်တွင် အိမ်ခြံမြေပွဲစားအဖြစ် လုပ်ကိုင်နေသူ ဖြစ်သည်။

နိုင်ငံခြားတာဝန်ရှိသူတစ်ဦးအား ဒေါ်လာနှစ်သန်း လာဘ်ထိုးနိုင်ရန်အတွက် စီစဉ်ပေးရန် အမေရိကန် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးအား ဒေါ်လာ ၅၀၀၀၀၀ လာဘ်ထိုးခဲ့ကြောင်း စွဲချက်က ဖော်ပြခဲ့သည်။ သို့သော်လည်း ထိုစီးပွားရေးလုပ်ငန်းရှင်က သူူ့တွင်ကြွားဝါခဲ့သော ကာတာ အဆက်အသွယ်များ မရှိသဖြင့် ထိုငွေများအား သုံးဖြုန်းခဲ့ကြောင်း တရားရုံးအထောက်အထားများတွင် ဖော်ပြခဲ့သည်။

Ref; AFP