တရုတ်စစ်ရေးတိုးချဲ့ခြင်းအပေါ် ထိုင်ဝမ်ခေါင်းဆောင်က သတိပေး

တရုတ်စစ်ရေးတိုးချဲ့ခြင်းအပေါ် ထိုင်ဝမ်ခေါင်းဆောင်က သတိပေး
Published 31 December 2017

ဒီဇင်ဘာ ၂၉ ရက်က ထိုင်ဝမ်တွင် သိပ္ပံနှင့်နည်းပညာ အင်စတီကျု့၌ ထိုင်ဝမ်လုပ် အဆင့်မြင့် လေ့ကျင့်ရေး ဂျက်လေယာဉ်ပုံစံငယ် ရှေ့တွင် မိန့်ခွန်းပြောနေသော သမ္မတ ဆန်အင်းဝမ် (Photo - AP)

ထိုင်ဝမ်ကျွန်းအနီးဝန်းကျင်၌ စစ်ရေးပြ လေ့ကျင့်မှုများကို တိုးမြှင့်လုပ်ဆောင်နေသော တရုတ်၏ စစ်ရေးတိုးချဲ့မှုလုပ်ရပ်များကို ဆန့်ကျင်ကြောင်း ထိုင်ဝမ်သမ္မတဆန်အင်းဝမ်က ဒီဇင်ဘာ ၂၉ ရက်က သတိပေးခဲ့သည်။ သို့သော် ဆန်က ပြိုင်ဘက်နှစ်နိုင်ငံကြားတွင်မူ စစ်ဖြစ်လိမ့်မည်ဟု မယုံကြည်ကြောင်း ပြောကြားခဲ့သည်။

မကြာခဏပြုလုပ်နေသော ၎င်း၏ ဝေဟင်နှင့်ရေပြင်စစ်ရေး လေ့ကျင့်မှုများကြောင့် ဒေသတွင် စစ်ရေးတိုးချဲ့လိုသည့် တရုတ်၏ရည်ရွယ်ချက်မှာ ပိုပို၍ထင်ရှားလာသည်ဟု ဆန်က သတိပေးခဲ့သည်။ ၂၀၁၆ ခုနှစ် သြဂုတ်မှ ယခုနှစ် ဒီဇင်ဘာလလယ်အတွင်း ထိုင်ဝမ်ဝန်းကျင်၌ တရုတ်၏ စစ်လေယာဉ်များသည် စစ်ရေးပြပျံသန်းမှု ၂၅ ကြိမ် လုပ်ဆောင်ခဲ့သည်ဟု ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။

နောက်ဆုံးစစ်ရေးပြ ပျံသန်းခဲ့သည်မှာ ဒီဇင်ဘာ ၂၀ ရက်ကဖြစ်ပြီး ထိုစဉ်က တိုက်လေယာဉ်များ၊ ဗုံးကြဲလေယာဉ်များပါဝင်သည့် တရုတ်လေယာဉ်အုပ်စုသည် ထိုင်ဝမ်တောင်ပိုင်းရှိ ပါရှီရေလက်ကြားမှ ပစိဖိတ်သို့ အသွားအပြန် ပျံသန်းခဲ့ကြသည်ဟု သိရသည်။ ယခုနှစ်အစောပိုင်းကလည်း တရုတ်သည် အင်အားပြရန်အတွက် လုပ်ဆောင်ခဲ့သော စစ်ရေးပြမှုတစ်ခုအတွင်း  ၎င်း၏ တစ်စင်းတည်းသော လေယာဉ်တင် သင်္ဘောကြီး လျောင်နင်ကို ထိုင်ဝမ်ရေလက်ကြားသို့ စေလွှတ်ခဲ့သည်။ သို့သော် ထိုသင်္ဘောကြီးသည် ထိုင်ဝမ်ရေပိုင်နက်ထဲကိုမူ မဝင်ရောက်ခဲ့ပေ။

တရုတ်အစိုးရသည် ယင်းကဲ့သို့ စစ်ရေးပြမှုများ တိုးမြှင့်လုပ်ဆောင်နေသည်မှာ ထိုင်ဝမ်ကို အင်အားသုံးပြီး သိမ်းရန်အရှိန်ယူနေခြင်းဖြစ်သည်ဟု အချို့သောစစ်ရေးကျွမ်းကျင်သူများက သတိပေးနေကြသည်။

သို့သော် ထိုင်ဝမ်သမ္မတဆန်အင်းဝမ်ကမူ တရုတ်ခေါင်းဆောင်များသည် ဆင်ခြင်တုံတရားရှိသည့် ဆုံးဖြတ်သူများဖြစ်လိမ့်မည်ဟု ယုံကြည်သည်ဟု ဆိုခဲ့သည်။

“တရုတ်တွေဟာ လက်ရှိအချိန်မှာ ထိုင်ဝမ်အပေါ် စစ်ရေးအင်အားသုံးဖို့ကို ထည့်သွင်းမစဉ်းစားလောက်သေးဘူးလို့ ကျွန်မထင်ပါတယ်” ဟု ဆန်က နှစ်ကုန်သတင်းစာ ရှင်းလင်းပွဲအတွင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

“ရေလက်ကြားဖြတ်ကျော် ပြဿနာတွေဟာ စစ်ရေးအင်အားသုံးပြီး ဘယ်လိုမှ မဖြေရှင်းနိုင်ပါဘူး။ သူတို့အနေနဲ့ ရှုထောင့်၊ အနေအထား အမျိုးမျိုးကနေ ငြိမ်းချမ်းသောနည်းနဲ့ ဖြေရှင်းမှုကို မှီခိုအားထားသင့်ပါတယ်” ဟု ဆန်က ပြောခဲ့သည်။

ထို့ပြင် ဆန်သည် ထိုင်ဝမ်၏ပြည်တွင်း ကာကွယ်ရေး အင်အားကိုလည်း ကြီးထွားခိုင်မာအောင် လုပ်ဆောင်သွားမည့် အကြောင်း ဒီဇင်ဘာ ၂၉ ရက်က သတိပေးခဲ့သည်။

“ထိုင်ဝမ်အနေနဲ့ ကိုယ့်ရဲ့အချုပ်အခြာအာဏာကို ကာကွယ်ဖို့ တခြားလူကို အားကိုးနေလို့မရပါဘူး။ ထိုင်ဝမ်ဟာ မကြီးပါဘူး။ ဒါပေမဲ့ကိုယ့် နိုင်ငံ၊ ကိုယ့်နေရပ်ကို ကာကွယ်ဖို့ ကျွန်မတို့ ဆုံးဖြတ်ချက်ဟာ ပြတ်သားပါတယ်” ဟု ဆန်က ပြောကြားခဲ့သည်။ ထိုင်ဝမ်သည် တရုတ်နှင့် ပိုနေမြဲ ကျားနေမြဲအခြေအနေအတိုင်း ဆက်လက်ထိန်းသိမ်းသွားရန် ဆုံးဖြတ်ထားဆဲဖြစ်ကြောင်းလည်း သိရသည်။

Ref; AFP