ဗင်နီဇွဲလားရှိ စစ်စခန်းတစ်ခုအား တိုက်ခိုက်မှုကို စစ်တပ်က တွန်းလှန်နိုင်ခဲ့ပြီး တိုက်ခိုက်သူများအား လိုက်လံဖမ်းဆီးနေ

ဗင်နီဇွဲလားရှိ စစ်စခန်းတစ်ခုအား တိုက်ခိုက်မှုကို စစ်တပ်က တွန်းလှန်နိုင်ခဲ့ပြီး တိုက်ခိုက်သူများအား လိုက်လံဖမ်းဆီးနေ
Published 7 August 2017


သြဂုတ် ၆ ရက်က ဗင်နီဇွဲလားနိုင်ငံ ဗလင်စီယာမြို့ပေါ်တွင် ပျံဝဲနေသော စစ်ဘက်ရဟတ်ယာဉ်တစ်စင်း (Photo: AFP)

လူသတ်သမား အာဏာရှင်သမ္မတ နီကိုလက်မာဒူရိုအား ဆန့်ကျင်တိုက်ခိုက်မှုအဖြစ် ရည်ညွှန်းလျက် စစ်စခန်းတစ်ခုအား တိုက်ခိုက်မှုကို ဗင်နီဇွဲလားစစ်တပ်က ပြန်လည်တွန်းလှန်နိုင်ခဲ့ပြီးနောက် ယင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သည့် ကြေးစားစစ်သားအဖွဲ့တစ်ဖွဲ့အား စစ်တပ်က သြဂုတ် ၇ ရက်တွင် လိုက်လံဖမ်းဆီးနေကြောင်း သိရသည်။ ဗင်နီဇွဲလား၏ တတိယမြို့ဖြစ်သော ဗလင်စီယာရှိ စခန်းတစ်ခုမှ စွန့်ခွာခဲ့သည့် စစ်ဘက်တာဝန်ရှိသူတစ်ဦးက ဦးဆောင်၍ အမျိုးသား ၂၀ ခန့်က သြဂုတ် ၆ ရက်အစောပိုင်းတွင် သုံးနာရီကြာ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။ ယင်းစီးနင်းတိုက်ခိုက်မှုအတွင်း တိုက်ခိုက်သူနှစ်ဦး သေဆုံးခဲ့ပြီး ရှစ်ဦးအား ဖမ်းမိခဲ့ကြောင်း မာဒူရိုက အစိုးရရုပ်သံမှတစ်ဆင့် ပြောကြားခဲ့သည်။

လက်နက်တိုက်မှ လက်နက်များယူ၍ ထွက်ပြေးခဲ့သော အခြားလူ ၁၀ ဦးကိုလည်း မရပ်မနားရှာဖွေနေကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။ ယင်းအကြမ်းဖက်အဖွဲ့သည် ကိုလံဘီယာ၊ အမေရိကန်တို့နှင့် ဆက်နွှယ်သည်ဟု မာဒူရိုက အခိုင်အမာ ပြောကြားခဲ့သည်။

ယင်းတိုက်ခိုက်မှုကြောင့် နက်ရှိုင်းနေသော ဗင်နီဇွဲလားနိုင်ငံရေးနှင့် စီးပွားရေးပဋိပက္ခသည် ပို၍ကြီးမားသော အင်အားသုံးတိုက်ခိုက်မှု၊ လက်နက်ကိုင် ပဋိပက္ခအဖြစ်သို့ ပေါက်ကွဲနိုင်မည်ကို စိုးရိမ်နေရသည်။ ယင်းဖြစ်စဉ်အပြီး နိုင်ငံတစ်ဝန်းအခြေအနေ ပုံမှန်ဖြစ်နေကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။ ယင်းတိုက်ခိုက်မှုကြောင့် တင်းမာမှုဖြစ်နေသော နိုင်ငံအနောက်မြောက်ပိုင်းရှိ ဗလင်စီယာတွင် စစ်ဘက်ရဟတ်ယာဉ်များက ပျံဝဲနေပြီး လမ်းပေါ်တွင် သံချပ်ကာယာဉ်များက ကင်းလှည့်နေခဲ့သည်။ ညအချိန် အပြင်မထွက်ရအမိန့်လည်း ထုတ်ပြန်ထားကြောင်း ဒေသခံများကဆိုသည်။ လမ်းများတွင် မီးလောင်နေသော အရံအတားများ ပြုလုပ်နေသည့် ဆန္ဒပြသူများကို ရဲတပ်ဖွဲ့က ရှင်းလင်းခဲ့သည်။

စစ်ယူနီဖောင်းဝတ်ထားသော အရပ်သား ရာဇဝတ်သားအုပ်စုတစ်စုနှင့် တပ်မှထွက်ပြေးခဲ့သော ဗိုလ်ကြီးတစ်ဦးတို့က ယင်းတိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း စစ်တပ်က ကြေညာချက်ထုတ်ပြန်ခဲ့သည်။ ဖမ်းဆီးခံခဲ့ရသူများထဲတွင် ပါဝင်ခဲ့သည့် ယင်းဗိုလ်ကြီးသည် လိုလိုလားလား သတင်းများပေးခဲ့ကြောင်းနှင့် အရပ်သားခုနစ်ဦးထံမှ ထွက်ဆိုမှုများရရှိထားကြောင်း မာဒူရိုက ပြောကြားခဲ့သည်။

စစ်တပ်အနေဖြင့် မာဒူရိုအား စွန့်ခွာရန် ဗင်နီဇွဲလား အတိုက်အခံများက အကြိမ်ကြိမ် တိုက်တွန်းပြီးဖြစ်သည်။ သို့သော် ကာကွယ်ရေးဝန်ကြီး ဗလာဒီမာပက်ဒရီနိုက စစ်တပ်၏သစ္စာခံမှုသည် မပြောင်းမလဲရှိနေကြောင်း ပြောကြားခဲ့သည်။

ယင်းတိုက်ခိုက်မှုမဖြစ်ပွားမီ အွန်လိုင်းတွင်တင်ခဲ့သော ဗီဒီယိုအပိုင်းတစ်ခုတွင် ကိုယ့်ကိုယ်ကိုယ် Juan Caguaripano ဟုမိတ်ဆက်ခဲ့သည့် ဗိုလ်ကြီးတစ်ဦးက လူသတ်သမား အာဏာရှင်သမ္မတ နီကိုလက်မာဒူရိုအား ငြင်းပယ်ရန် တရားဝင်သူပုန်ထမှုကို ကြေညာကြောင်း၊ လက်နက်ကိုင်ထားသူအချို့အပါအဝင် စစ်ယူနီဖောင်းဝတ် အမျိုးသား ၁၅ ဦးကဝန်းရံလျက် ၎င်းကအသွင်ကူးပြောင်းရေး အစိုးရနှင့် လွတ်လပ်သော ရွေးကောက်ပွဲများကျင်းပရန် တောင်းဆိုခဲ့ကြောင်း သိရသည်။ သို့သော် ယင်းဗိုလ်ကြီးသည် စစ်ဘက်ကြေညာချက်တွင် ရည်ညွှန်းသောဗိုလ်ကြီး ဟုတ်၊ မဟုတ် မသိရသေးပေ။

Writer - Ref: AFP