ထရန့်လက်ထက်တွင် အမေရိကန် ပြည်သူများက မီဒီယာများအား ယုံကြည်မှုမြင့်တက်လာ

ထရန့်လက်ထက်တွင် အမေရိကန် ပြည်သူများက မီဒီယာများအား ယုံကြည်မှုမြင့်တက်လာ
Published 6 December 2017

ဒေါ်နယ်ထရန့် အနိုင်ရခဲ့သည့် အမေရိကန် ရွေးကောက်ပွဲသတင်း ဖော်ပြထားသည့် သတင်းစာ တစ်စောင်အား ၂၀၁၆ ခုနှစ် နိုဝင်ဘာ ၁၀ ရက်က ကဘူးမြို့တွင် တွေ့ရစဉ် (Photo : AFP)

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က သတင်းတုများဟု အခိုင်အမာ ပြောကြားနေမှုများအား ယုံကြည်သူ အရေအတွက် မြင့်တက်လာနေသော်လည်း ၎င်းရွေးချယ်ခံရပြီး နောက်ပိုင်း သတင်းမီဒီယာများအား အမေရိကန် ပြည်သူများ၏ အလုံးစုံ ယုံကြည်မှုသည် မြင့်တက်လာခဲ့ကြောင်း ဒီဇင်ဘာ ၄ ရက်တွင် ထုတ်ပြန်ခဲ့သော စစ်တမ်းတစ်ရပ်၌ ဖော်ပြခဲ့သည်။ Poynter Institute အတွက် ကြိုတင်ပြင်ဆင်သော ယင်းစစ်တမ်းတွင် မီဒီယာနှင့် ပတ်သက်၍ အမေရိကန်ပါတီကြီး နှစ်ခုအကြား နက်နက်ရှိုင်းရှိုင်း သဘောထား ကွဲလွဲနေမှုကို မြင်တွေ့ခဲ့ရသည်။ ရီပက်ဘလီကင်များနှင့် ထရန့်ထောက်ခံသူများက သတင်းအဖွဲ့အစည်းများကို သံသယ ဝင်ခဲ့ကြကာ ဒီမိုကရက်တစ်များကမူ သတင်းဌာနများအား ပိုမိုယုံကြည်ကြသည်။

ယင်းစစ်တမ်းတွင် ဖြေဆိုသူ ၁၂ ရာခိုင်နှုန်းက မီဒီယာများအား အလွန်အမင်း ယုံကြည်အားကိုးကြောင်း ဖြေဆိုခဲ့ကြပြီး နောက်ထပ် ၃၇ ရာခိုင်နှုန်းက အတော်အသင့် ယုံကြည်အားကိုးကြောင်း ဖြေဆိုခဲ့ကြသည်။ သို့သော် ဖြေဆိုသူ ၃၉ ရာခိုင်နှုန်းကမူ မီဒီယာများအား အလွန်အမင်း မယုံကြည်ကြောင်း ဖြေဆိုခဲ့ကြပြီး နောက်ထပ် ၁၃ ရာခိုင်နှုန်းကမူ လုံးဝမယုံကြည်ကြောင်း ဖြေဆိုခဲ့သည်။

ယင်းစစ်တမ်းသည် ၂၀၁၆ ခုနှစ် စက်တင်ဘာတွင် မီဒီယာများအား ယုံကြည်မှု ၃၂ ရာခိုင်နှုန်းနှင့် ၂၀၁၇ ခုနှစ် စက်တင်ဘာတွင် မီဒီယာများအား ယုံကြည်မှု ၄၁ ရာခိုင်နှုန်းရှိခဲ့သည့် Gallup စစ်တမ်းများနှင့် နှိုင်းယှဉ်ပါက မီဒီယာများအား ယုံကြည်မှု မြင့်တက်လာခြင်း ဖြစ်သည်။

နိုင်ငံရေးဆိုင်ရာ အလွန်အမင်း ကွဲပြားမှုကို ဖော်ညွှန်းမှုတွင် ဒီမိုကရက်လေးဦးလျှင် အကြမ်းဖျင်းအားဖြင့် သုံးဦးက သတင်းမီဒီယာများအား ယုံကြည်သည်ဟု ဖော်ပြခဲ့ကြသော်လည်း ရီပက်ဘလီကင် ၁၉ ရာခိုင်နှုန်း ကသာ မီဒီယာများအား ယုံကြည်သည်ဟု ဖော်ပြခဲ့ကြသည်။

ဒီဇင်ဘာ ၄ ရက်ထုတ် စစ်တမ်းတွင် ဖြေဆိုသူ ၄၄ ရာခိုင်နှုန်းက သတင်းမီဒီယာများသည် ထရန့်အကြောင်းအား လုပ်ကြံဖန်တီး၍ ဖော်ပြသည်ဟု ယုံကြည်ကြောင်း ဖြေဆိုခဲ့ကြသည်။ အင်အားကြီး သတင်းမီဒီယာများသည် ပြည်သူများ၏ ရန်သူဖြစ်ကြောင်း ထရန့်၏ အခိုင်အမာ ပြောကြားနေမှုများကို ယင်းစစ်တမ်းအား ဖြေဆိုသည့် ၃၁ ရာခိုင်နှုန်းက သဘောတူညီခဲ့ကြသည်။

စစ်တမ်းတွင် ဖြေဆိုသူ အများစုဖြစ်သော ၆၉ ရာခိုင်နှုန်းက မီဒီယာများသည် ၎င်းတို့ လိုလားသည့်ဘက်အား အလေးပေး ဖော်ပြကြကြောင်း၊ ယင်းရာခိုင်နှုန်းကပင် သတင်းမီဒီယာ အဖွဲ့အစည်းများသည် နိုင်ငံရေး ခေါင်းဆောင်များအား မလုပ်အပ်သည့် အရာများ လုပ်ဆောင်မှုများမှ ဟန့်တားခဲ့သည်ဟု ယုံကြည်ကြောင်း ဖြေဆိုခဲ့ကြသည်။

ထို့ပြင် ဘက်လိုက်ထားသည် သို့မဟုတ် မမှန်မကန် ဖော်ပြထားသည်ဟု ယူဆရသော သတင်းများအား အစိုးရ၏ ပိတ်ဆို့မှုကို ခွင့်ပြုခြင်း အပါအဝင် သတင်းမီဒီယာ လွတ်လပ်ခွင့်အား ကန့်သတ်မှုများကို ယင်းစစ်တမ်း ဖြေဆိုသူ ၂၅ ရာခိုင်နှုန်းက ထောက်ခံခဲ့ကြကြောင်းလည်း သိရသည်။

အမေရိကန် သတင်းမီဒီယာသည် အမေရိကန် အစိုးရ၏ မကြုံဖူးသော တိုက်ခိုက်မှုများအား ရင်ဆိုင်နေရကြောင်း ယင်းစစ်တမ်း ပြုစုသူများက ပြောကြားခဲ့သည်။ နိုင်ငံရေး သမားများသည် ၎င်းတို့အား မျက်နှာသာ မပေးသော ဖော်ပြမှုများအား အမြဲလိုလို ဆန့်ကျင်ခဲ့ကြသော်လည်း တရားဝင် မီဒီယာများအား လူသိရှင်ကြား ဆက်တိုက် တိုက်ခိုက်မှုများသည် ခေတ်သစ်တွင် မကြုံစဖူးဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ မီဒီယာများအတွက် ခိုင်မာသော ထောက်ပံ့မှုတို့ ရှိခဲ့သော်လည်း ထရန့်၏ ဝေဖန်တိုက်ခိုက်မှုများကြောင့် မီဒီယာများတွင် ပါတီကွဲပြားမှုများအား ချဲ့ကားဖော်ပြစေခဲ့ဖွယ်ရှိကြောင်း ၎င်းတို့က ပြောကြားခဲ့သည်။

Ref : AFP