ဒူဘိုင်းရှိ The Torch မိုးမျှော်တိုက်တွင် မီးလောင်ကျွမ်းမှု ဖြစ်ပွား

ဒူဘိုင်းရှိ The Torch မိုးမျှော်တိုက်တွင် မီးလောင်ကျွမ်းမှု ဖြစ်ပွား
Published 4 August 2017


သြဂုတ် ၄ ရက်က ဒူဘိုင်းတွင် Torch တာဝါ မီးလောင်မှုအား လမ်းပေါ်မှ ကြည့်ရှုနေကြသူများ (Photo: AFP)

သြဂုတ် ၄ ရက်မွန်းလွဲပိုင်းက ဒူဘိုင်း၏ အမြင့်ဆုံး မိုးမျှော်တိုက်များထဲမှ တစ်ခု၌ မီးလောင်မှု ဖြစ်ပွားခဲ့ရာ လူများမှာ ကြောက်လန့်တကြား ထွက်ပြေးခဲ့ရသည်။ ယင်းသည် နှစ်အနည်းငယ်အတွင်း အဆိုပါ မိုးမျှော်တိုက်၌ ဖြစ်ပွားခဲ့သော ဒုတိယအကြိမ် မီးလောင်မှု ဖြစ်သည်။

တစ်ချိန်က ကမ္ဘာပေါ်တွင် အမြင့်ဆုံး လူနေတိုက် အဆောက်အအုံ ဖြစ်ခဲ့သော The Torch မိုးမျှော်တိုက်၏ အလယ်ပိုင်းမှ အပေါ်ပိုင်း အဆင့်များ အတွင်း၌ မီးလောင်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သေဆုံးဒဏ်ရာရသူ မရှိဟု အာဏာပိုင်တို့က ဆိုသည်။

ပေ ၁၁၀၅ (၃၃၇ မီတာ) ရှိသော ထိုမိုးမျှော်တိုက်ကြီးသည် ၂၀၁၅ ခုနှစ်က တစ်ကြိမ် မီးလောင်မှု ဖြစ်ခဲ့သေးသည်။ ယခုမီးသည် ဒေသစံတော်ချိန် ၁၂ နာရီ ၄၅ မိနစ်အချိန် စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မီးသတ်သမားများသည် လေးမိနစ်အတွင်း ရောက်ရှိလာခဲ့သည်ဟု အစိုးရ ထုတ်ပြန်ချက်ထဲတွင် ဖော်ပြခဲ့သည်။ ထို့နောက် နေထိုင်သူများကို ချက်ချင်းကယ်ထုတ်ကာ သေဆုံးဒဏ်ရာရသူ မရှိဘဲ မီးကို ၂ နာရီ ၅၈ မိနစ် အချိန်တွင် ငြှိမ်းသတ်နိုင်ခဲ့သည်။ ထိုမီးသည် ၆၅ လွှာမှ စတင်လောင်ကျွမ်းခဲ့သည်ဟု သိရသည်။

ဒူဘိုင်းတွင် မိုးမျှော်တိုက် မီးလောင်မှုများ ဆက်၍ ဖြစ်ပွားခဲ့ပြီးနောက် အာဏာပိုင်များသည် မီးဘေးအန္တရာယ်ကို ကာကွယ်ရန်အတွက် ပိုမိုတင်းကျပ်သည့် စည်းမျဉ်းများကို ယခုနှစ် ဇန်နဝါရီလကပင် ချမှတ်လိုက်သည်။

Ref: AFP