ဒေါ်အောင်ဆန်းစုကြည်ထံမှ Freedom of Oxford ဂုဏ်ပြုဆုကို အောက်စဖို့ဒ်မြို့က ပြန်ရုပ်သိမ်း

ဒေါ်အောင်ဆန်းစုကြည်ထံမှ Freedom of Oxford ဂုဏ်ပြုဆုကို အောက်စဖို့ဒ်မြို့က ပြန်ရုပ်သိမ်း
Published 28 November 2017

Photo: AP

မြန်မာအရပ်သားအစိုးရအဖွဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ထံမှ Freedom of Oxford ဂုဏ်ပြုဆုကို အောက်စဖို့ဒ်မြို့က ပြန်ရုပ်သိမ်းလိုက်ကြောင်း နိုဝင်ဘာ ၂၈ ရက် သတင်းများက ဖော်ပြသည်။

အောက်စဖို့ဒ်မြို့သည် ဒေါ်အောင်ဆန်းစုကြည် ပညာဆည်းပူးခဲ့ရာ ဗြိတိန်နိုင်ငံမှ မြို့ဖြစ်ပြီး သူ၏ ကလေးများကို မွေးဖွားခဲ့ရာမြို့လည်း ဖြစ်သည်။ ယခုအခါ မြန်မာနိုင်ငံမှ ဘင်္ဂါလီ မွတ်စလင်များအရေးတွင် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် အရေးယူဆောင်ရွက်ရန် ပျက်ကွက်မှုကြောင့် ယခုကဲ့သို့ ရုပ်သိမ်းလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

“၁၉၉၇ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည်ကို မြို့ရဲ့ Freedom ဂုဏ်ထူးဆောင်ဆု ပေးတဲ့အခါတုန်းက သူဟာ အောက်စဖို့ဒ်မြို့ရဲ့ ခံနိုင်ရည်ရှိမှုနှင့် အပြည်ပြည်ပူးပေါင်းရေးဝါဒရဲ့ စံတန်ဖိုးတွေကို ထင်ဟပ်ပြခဲ့တာကြောင့် ပေးခဲ့တာပါ”ဟု အောက်စဖို့ဒ်မြို့တော်ကောင်စီက နိုဝင်ဘာ ၂၇ ရက်အနှောင်းပိုင်းတွင် ထုတ်ပြန်သည့် ကြေညာချက်တစ်စောင်၌ ပြောကြားထားသည်။

“ဒီနေ့တော့ ကျွန်တော်တို့ မြို့တော်ရဲ့ အမြင့်ဆုံး ဂုဏ်ပြုဆုကို သူ့ထံကနေ ပြန်လည်ရုပ်သိမ်းတဲ့ မမျှော်လင့်ထားတဲ့ ခြေလှမ်းကို လှမ်းခဲ့ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လူနည်းစု ရိုဟင်ဂျာတွေအပေါ် ဖိနှိပ်မှုကို ရင်ဆိုင်ရချိန်မှာ သူက အရေးယူဆောင်ရွက်ဖို့ ပျက်ကွက်ခဲ့တာကြောင့်ပါ”ဟု တညီတညွတ်တည်း ထောက်ခံမဲ ပေးခဲ့ကြပြီးနောက် အောက်စဖို့ဒ်မြို့တော်ကောင်စီ၏ ထုတ်ပြန်ချက်၌ ပြောကြားထားသည်။

“အကြမ်းဖက်မှုတွေကို မျက်ကွယ်ပြုထားတဲ့သူတွေကို ဂုဏ်ပြုခြင်းအားဖြင့် ကျွန်တော်တို့ရဲ့ ဂုဏ်သတင်း ကျော်စောမှုဟာ စွန်းထင်းခဲ့ရပါတယ်”ဟုလည်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ကမ္ဘာပေါ်၌ ကျော်ကြားသော တက္ကသိုလ်တစ်ခုဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် ပညာဆည်းပူးခဲ့ရာလည်း ဖြစ်သည့် အောက်စဖို့ဒ် တက္ကသိုလ်ကလည်း ဒေါ်အောင်ဆန်းစုကြည်၏ ရုပ်ပုံလွှာကို ကျောင်းနံရံမှနေ၍ စက်တင်ဘာလအတွင်းက ဖြုတ်ချခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ကွယ်လွန်သူ ခင်ပွန်း မိုက်ကယ်အဲရစ်သည် အောက်စဖို့ဒ်တက္ကသိုလ်၌ အာရှသမိုင်း သင်ကြားသည့် ကထိကတစ်ဦးဖြစ်ပြီး ၎င်းတို့ဇနီးမောင်နှံသည် အောက်စဖို့ဒ်မြို့၌ နေထိုင်ကာ သားနှစ်ဦး ထွန်းကားခဲ့သည်။

ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်လည်းဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံမှ မွတ်စလင်လူနည်းစုကို ကာကွယ်ပြောဆိုပေးရန် ပျက်ကွက်ခဲ့မှုအတွက် ပြင်းထန်စွာ ဝေဖန်မှုများကို ခံခဲ့ရသည်။

လူမျိုးစုလိုက် သုတ်သင်မှုမြောက်သည်ဟု ကုလသမဂ္ဂနှင့် အမေရိကန်က ပြောကြားခဲ့သော စစ်ဆင်ရေး တစ်ရပ်ကြောင့် သြဂုတ်လမှစ၍ မြန်မာနိုင်ငံမှ ဘင်္ဂါလီမွတ်စလင် ၆၂၀,၀၀၀ ကျော်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခဲ့ရပြီး ကမ္ဘာ့အကြီးဆုံး ဒုက္ခသည်စခန်းကြီး၌ ဆင်းရဲနုံချာစွာ နေထိုင်နေရသည်ဟု ကုလသမဂ္ဂက ပြောကြားခဲ့သည်။

Most Read

Most Recent