၂၀၀၈ ခုနှစ် မွမ်ဘိုင်းတိုက်ခိုက်မှုအား ကြိုးကိုင်ခဲ့သည့် သံသယရှိသူတစ်ဦးကို ပါကစ္စတန်က ပြန်လွှတ်ပေး

၂၀၀၈ ခုနှစ် မွမ်ဘိုင်းတိုက်ခိုက်မှုအား ကြိုးကိုင်ခဲ့သည့် သံသယရှိသူတစ်ဦးကို ပါကစ္စတန်က ပြန်လွှတ်ပေး
Published 24 November 2017

နိုဝင်ဘာ ၂၂ ရက်က လာဟိုးရှိ တရားရုံးသို့ ရောက်ရှိလာသော JuD ခေါင်းဆောင် ဟာဖစ်ဆာအိ (လယ်) (Photo- AFP)

စစ်သွေးကြွများအား ထောက်ပံ့နေသည် ဟုဆိုကာ အစ္စလာမ္မာဘတ်အား ဝါရှင်တန်က ဖိအားပေးခဲ့ပြီးနောက် လနှင့်ချီအကြာတွင် လူ ၁၆၀ ကျော် သေဆုံးခဲ့ရသည့် ၂၀၀၈ ခုနှစ်က မွမ်ဘိုင်းတိုက်ခိုက်မှုအား ကြိုးကိုင်ခဲ့သည်ဟု သံသယရှိသူတစ်ဦးကို ပြန်လွှတ်ပေးရန် ပါကစ္စတန်တရားရုံးတစ်ရုံးက နိုဝင်ဘာ ၂၂ ရက်တွင် အမိန့်ချခဲ့သည်။

အမေရိကန်၏ အကြမ်းဖက် အဖွဲ့အစည်းစာရင်းတွင် ထည့်သွင်းခံခဲ့ရသည့် Jamaat - ud - Dawa (JuD) အဖွဲ့၏ခေါင်းဆောင်နှင့် ဆုငွေဒေါ်လာ ၁၀ သန်း ထုတ်ခံထားရသော သဘောထားတင်းမာသည့် ဘာသာရေး ဆရာဟာဖစ်ဆာအိအား ထိန်းသိမ်းထားမှု တစ်နှစ်မပြည့်မီ နိုဝင်ဘာ ၂၃ ရက်တွင် ပြန်လွှတ်ပေးရန် လာဟိုးအထက်တရားရုံးက ဆုံးဖြတ်ခဲ့သည်ဟု JuD တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ ဆာအိအား စွဲဆိုထားသော စွဲချက်များအတွက် ခိုင်လုံသည့် အထောက်အထားများတင်ပြရန် အစိုးရဘက်မှ ပျက်ကွက်ခဲ့ပြီးနောက် ၎င်းအား နေအိမ်အကျယ်ချုပ်ချထားမှုကို သက်တမ်းတိုးရန် အမှုအား ပြန်လည်သုံးသပ်သည့်ဘုတ်အဖွဲ့က ငြင်းဆန်ခဲ့ကြောင်း JuD အတွက် ပြောခွင့်ရပုဂ္ဂိုလ် အာမက်နာဒင်းက ပြောကြားခဲ့သည်။

၂၀၀၈ ခုနှစ် နိုဝင်ဘာ ၂၆ ရက် ညနေတွင် မွမ်ဘိုင်းသို့ ရေကြောင်းမှ ရောက်ရှိလာပြီး ထိတ်လန့်ဖွယ် လူအစုလိုက်အပြုံလိုက် ပစ်သတ်မှုပြုလုပ်ခဲ့သော လက်နက်ကိုင် သေနတ်သမားများအား ကွန်မန်ဒိုများက နှိမ်နင်းခဲ့ရမှုများကို ရုပ်သံများမှတစ်ဆင့် ကမ္ဘာတစ်ဝန်းသို့ တိုက်ရိုက်ထုတ်လွှင့်ခဲ့ကြသည်။ အခြေအနေအား အပြည့်အဝထိန်းချုပ်နိုင်ရန်အတွက် အိန္ဒိယတာဝန်ရှိသူများသည် အချိန်သုံးရက် ယူခဲ့ရသည်။

ပါကစ္စတန်တစ်ဝန်း လွတ်လပ်စွာ လှုပ်ရှားခွင့်ရရှိပြီး ၎င်းတို့၏ ပရဟိတလုပ်ဆောင်မှုများအတွက် ထင်ရှားသော JuD သည် အိန္ဒိယဘဏ္ဍာရေးမြို့တော် မွမ်ဘိုင်းတွင် တိုက်ခိုက်မှုပြုလုပ်ခဲ့သည်ဟု အပြစ်တင်ခံထားရသည့် စစ်သွေးကြွအဖွဲ့ Lashkar - e -Taiba (LeT) ၏ဟန်ပြအဖွဲ့ဖြစ်မည်ဟု အမေရိကန်နှင့် အိန္ဒိယတို့က ယူဆထားသည်။ ယင်းတိုက်ခိုက်မှုများအား စီစဉ်ခဲ့သည်ဟု စွပ်စွဲခံထားရသူများကို လွဲှပေးရန် သို့မဟုတ် တရားစွဲဆိုရန်အတွက် ပါကစ္စတန်က ပျက်ကွက်ခဲ့မှုအတွက် နယူးဒေလီက ကာလရှည်ကြာ ဒေါသထွက်ခဲ့သည်။ အစ္စလာမ္မာဘတ်ကမူ အိန္ဒိယသည် အရေးကြီးသော အထောက်အထားများမပေးနိုင်ခဲ့ကြောင်း ထောက်ပြခဲ့သည်။

ဆာအိ၏ JuD အဖွဲ့သည် အိန္ဒိယနှင့် ပါကစ္စတန်တို့အကြား ပိုင်ဆိုင်မှုအငြင်းပွားနေသော ဟိမဝန္တာဒေသရှိ ကက်ရှ်မီးယားအရေးတွင် အထောက်အပံ့ဖြစ်နိုင်သည်ဟု ယူဆသဖြင့် ပါကစ္စတန်အစိုးရက အထူးအခွင့်အရေးဖြင့် ဆက်ဆံခဲ့ကြောင်း လေ့လာသုံးသပ်သူနှင့် အငြိမ်းစားပါကစ္စတန် ဗိုလ်ချုပ် တာလတ်မာဆွတ်က ပြောကြားခဲ့သည်။ ဆာအိသည် ၂၀၀၈ ခုနှစ်တွင် နေအိမ်အကျယ်ချုပ်ဖြင့် ခေတ္တနေထိုင်ခဲ့ရပြီးနောက် လူမြင်ကွင်း၌ ပေါ်ပေါ်ထင်ထင်နေထိုင်ခဲ့ပြီး အိန္ဒိယ ဆန့်ကျင်သည့် မိန့်ခွန်းများအား ပုံမှန်ပြောကြားလေ့ရှိသည်။ ပြည်ပဖိအားများကြောင့် ယခုနှစ် ဇန်နဝါရီတွင် ဆာအိသည် နေအိမ်အကျယ်ချုပ်ဖြင့် ထပ်မံနေထိုင်ခဲ့ရသည်။ လွတ်မြောက်လာသော ဆာအိသည် လာမည့်နှစ်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ၌ ယှဉ်ပြိုင်ပြီး အမတ်နေရာအတွက် အနိုင်ရခဲ့ပါက နိုင်ငံတကာအား အလွန်အမင်း စိတ်ပျက်စေနိုင်ကြောင်း မာဆွတ်က ဆိုသည်။

Ref ; AFP

Most Read

Most Recent