အကူအညီပေးရေးအဖွဲ့များက ဘင်္ဂါလီမွတ်စလင်အရေးနှင့်ပတ်သက်၍ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ ကြားနာစစ်ဆေးမှုပြုလုပ်ရန် တောင်းဆို

အကူအညီပေးရေးအဖွဲ့များက ဘင်္ဂါလီမွတ်စလင်အရေးနှင့်ပတ်သက်၍ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ ကြားနာစစ်ဆေးမှုပြုလုပ်ရန် တောင်းဆို
Published 22 November 2017

နိုဝင်ဘာ ၁၉ ရက်က ကော့ဘဇားရှိ ကူတူပါလောင်ဒုက္ခသည်စခန်းသို့ သွားရောက်ခဲ့သော ဥရောပသမဂ္ဂ နိုင်ငံခြားရေးမူဝါဒရေးရာ အကြီးအကဲ ဖက်ဒရီကာမိုဂေရီနီ (Photo - AFP)

နိုဝင်ဘာ ၂၀ ရက်တွင် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့နှင့် အခြားလူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အဖွဲ့ပေါင်း ၃၄ ဖွဲ့က ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီအား မြန်မာနိုင်ငံမှ ဘင်္ဂါလီ မွတ်စလင်အရေးနှင့်ပတ်သက်၍ အထူးကြားနာ စစ်ဆေးမှုတစ်ရပ် ပြုလုပ်ရန် တောင်းဆိုခဲ့သည်။

“မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးဆိုင်ရာ အနေအထား ယိုယွင်းလာမှုနဲ့ပတ်သက်ပြီး ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီအနေနဲ့ အထူးကြားနာစစ်ဆေးမှုတစ်ရပ် ခေါ်ယူဖို့ ကျွန်တော်တို့ ပြင်းပြင်းထန်ထန် ထောက်ခံပါတယ်။ အဲဒီလိုကြားနာစစ်ဆေးမှုတစ်ရပ်ကို ဖြစ်နိုင်သမျှ အမြန်ဆုံး ပြုလုပ်ရေးကို ထောက်ပံ့ဖို့ သင့်ရဲ့ကိုယ်စားလှယ်တွေကို တောင်းဆိုပါတယ်” ဟု လူ့အခွင့်အရေးကောင်စီသို့ လိပ်မူတပ်ထားသော အိတ်ဖွင့်ပေးစာတစ်စောင်၌ ဖော်ပြထားသည်။

“လူ့အခွင့်အရေး ချိုးဖောက်မှုတွေအကြောင်း လေးနက်တဲ့ အစီရင်ခံစာတွေက ဖော်ပြခဲ့တာမို့ တိကျတဲ့ အရေးယူမှု စတင်ဖို့နဲ့ အနေအထားကို အပြည်ပြည်ဆိုင်ရာရဲ့ စိစစ်မှုနဲ့ ထိန်းချုပ်စောင့်ကြည့်မှု သေချာစေဖို့ အထူးကြားနာစစ်ဆေးမှုတစ်ရပ်က အလွန်အရေးကြီးတယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်” ဟုလည်း အိတ်ဖွင့်ပေးစာ၌ ဖော်ပြထားသည်။

အဆိုပါအဖွဲ့များက လူသားဆန်မှုကို ချိုးဖောက်သော ရာဇဝတ်မှုများအပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုများအားလုံးကို ချက်ချင်းရပ်စဲရန်နှင့် လူ့အခွင့်အရေးအဖွဲ့များအား မြန်မာနိုင်ငံ၏ အစိတ်အပိုင်းအားလုံးသို့ ပြီးပြည့်စုံပြီး အနှောင်အဖွဲ့ကင်းသည့် ဝင်ရောက်ခွင့်များပေးရန် မြန်မာအစိုးရကို တောင်းဆိုမည့် ဆုံးဖြတ်ချက်တစ်ရပ်ကို လူ့အခွင့်အရေးကောင်စီက အတည်ပြုသင့်ကြောင်းလည်း ပြောကြားခဲ့သည်။

နိုင်ငံပေါင်း ၄၇ နိုင်ငံပါဝင်သည့် လူ့အခွင့်အရေးကောင်စီသည် အထူးကြားနာ စစ်ဆေးမှုတစ်ရပ် ပြုလုပ်မှု ရှားပါးလှသည်။ အားလုံးထဲ၌ ယင်းကုလသမဂ္ဂအဖွဲ့သည် ၂၀၀၆ ခုနှစ်တွင် စတင်ဖွဲ့စည်းပြီးနောက်ပိုင်း ၂၆ ကြိမ်သာ ခေါ်ယူခဲ့ဖူးသည်။

လူ့အခွင့်အရေးကောင်စီ အဖွဲ့ဝင်နိုင်ငံပေါင်း အနည်းဆုံး သုံးပုံတစ်ပုံ သို့မဟုတ် ၁၆ နိုင်ငံက တောင်းဆိုပါက အထူးကြားနာ စစ်ဆေးမှုတစ်ရပ် ခေါ်ယူနိုင်သည်။ ယခုလ အစောပိုင်းတွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီသည် တရုတ်၏ပြင်းပြင်းထန်ထန် ဆန့်ကျင်မှုကို ခံရသောကြောင့် မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများကို အဆုံးသတ်ရန် တောင်းဆိုသော ဆုံးဖြတ်ချက်တစ်ရပ်ကို အတည်ပြုရန် အစီအစဉ်များကို စွန့်လွှတ်ခဲ့ရသည်။

သြဂုတ်လအနှောင်းပိုင်းတွင် ရက်စက်ကြမ်းကြုတ်သော မြန်မာတပ်မတော်၏ စစ်ဆင်ရေးကြောင့် ဘင်္ဂါလီမွတ်စလင် ၆၀၀,၀၀၀ ကျော်သည်  ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးကာ ဒုက္ခသည်စခန်းများ၌ နေထိုင်နေရသည်။

Ref ; AFP