Apple နှင့် အခြားကုမ္ပဏီများ အခွန်ရှောင်သည့် နည်းဗျူဟာများကို ဘဏ္ဍာရေး စာရွက်စာတမ်းများ ပေါက်ကြားမှုက ဖော်ထုတ်ခဲ့

Apple နှင့် အခြားကုမ္ပဏီများ အခွန်ရှောင်သည့် နည်းဗျူဟာများကို ဘဏ္ဍာရေး စာရွက်စာတမ်းများ ပေါက်ကြားမှုက ဖော်ထုတ်ခဲ့
Published 8 November 2017

အိုင်ယာလန်အဆိုတော် ဘိုနို၏ Ausra ရှော့ပင်းမောအား နိုဝင်ဘာ ၆ ရက်က ရိုက်ကူးထားသောဓာတ်ပုံ (Photo : AP)

ကမ်းလွန်ဥပဒေကုမ္ပဏီ Appleby က  ပေါက်ကြားခဲ့သော ဘဏ္ဍာရေး အထောက်အထားများကို ကိုးကားပြီး ဘီဘီစီနှင့် နယူးယောက်တိုင်းမ်တို့က အချက်အလက်များ ထုတ်ပြန်ခဲ့ရာ Apple ၏ အခွန်ရှောင်မှု မဟာဗျူဟာ၊ Nike ကမ္ပဏီနှင့် ဖော်မြူလာဝမ်း ချန်ပီယံ လူးဝစ်ဟာမီတန်တို့က အခွန်ကို လက်တစ်လုံးခြား ရှောင်မှုတို့နှင့် ပတ်သက်သော အထောက်အထားများ ပါဝင်ခဲ့သည်။

Apple သည် အိုင်ယာလန်မှ ရရှိသော ဒေါ်လာဘီလျံများစွာကို Channel Islands သို့ ပြောင်းရွှေ့ထားရှိရန် Appleby က ကူညီခဲ့ကြောင်း ပေါက်ကြားမှုသစ်များက ဖော်ထုတ်ခဲ့သည်။ အိုင်ယာလန်တွင် အခွန်ကို တင်းကျပ်မှုများ ဆောင်ရွက်ရန် ပြင်ဆင်လာချိန်၌ Apple သည် အင်္ဂလိပ်ရေလက်ကြားရှိ ဗြိတိန်လက်အောက်ခံ ကျွန်းစုဖြစ်သော Channel Islands သို့ ၎င်း၏ငွေများကို ရွှေ့ပြောင်းခဲ့ကြောင်း Paradise Papers ဟု အမည်တွင်သည့် ပေါက်ကြားမှုများက ဖော်ပြခဲ့သည်။

Channel Islands သည် ကော်ပိုရေးရှင်းကြီးများကို အခွန်မကောက်သဖြင့် Apple သည် ဥရောပသမဂ္ဂ၏ အခွန်စည်းမျဉ်းများကို ကင်းလွတ်ခွင့် ရရှိခဲ့သည်။ Apple က ယင်းသတင်းနှင့် ပတ်သက်ပြီး အေအက်ဖ်ပီက မေးမြန်းမှုကို ချက်ချင်းမတုံ့ပြန် ခဲ့သော်လည်း ၎င်းတို့ကုမ္ပဏီသည် သက်ဆိုင်ရာ နိုင်ငံတိုင်း၏ ဥပဒေကို လိုက်နာကြောင်း နယူးယောက်တိုင်းမ်သို့ ပြောကြားခဲ့သည်။

၂၀၁၃ ခုနှစ်က ကွန်ဂရက်ကြားနာမှုတွင် Apple ၏ အမှုဆောင်ချုပ် တင်ကွတ်က အခွန်ရှောင်ရန် ဗန်းပြနည်းလမ်းများ အသုံးပြုခြင်း ဆိုခြင်းကို ငြင်းဆိုခဲ့သည်။ အိုင်ယာလန်တွင် အခွန်စနစ်ကို အသုံးချပြီး လက်တစ်လုံးခြား အခွန်ရှောင်မှုအတွက် ဥရောပသမဂ္ဂက Apple ကို ဒေါ်လာ ၁၄ ဒသမ ၅ ဘီလျံရလိုကြောင်း တောင်းဆိုထားသည်။

ဖော်မြူလာဝမ်းချန်ပီယံ ဟာမီတန်သည် သူ၏ ကိုယ်ပိုင်ဂျက်လေယာဉ်အတွက် အခွန်ရှောင်ရန် အသေးစိတ် စီစဉ်ပြင်ဆင်ထားသော နည်းလမ်းတစ်ခုကို အသုံးပြုခဲ့ကြောင်း ဘီဘီစီနှင့် ဂါးဒီးယန်း သတင်းစာတို့က ဖော်ပြခဲ့သည်။ ဟာမီတန်သည် သူ၏ကိုယ်ပိုင် လေယာဉ်ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဗြိတိန်ပိုင်နက်နယ်မြေ Isle of Man သို့ တင်သွင်းခဲ့ပြီးနောက် ၂၀၁၃ ခုနှစ်တွင် အခွန်သက်သာခွင့် ဒေါ်လာ ၄ ဒသမ ၄ သန်း ရရှိခဲ့ကြောင်း ပေါက်ကြားခဲ့သည့် အထောက်အထားများက ဖော်ပြခဲ့သည်။

ထို့ပြင် ပြင်သစ်သတင်းစာ Le Monde က ဖော်ပြခဲ့သည့် သီးခြားစီရင်ခံစာ တစ်ခုတွင် Nike ကုမ္ပဏီသည် ဥရောပတွင် အခွန်သက်သာရန်အတွက် နယ်သာလန် ဘဏ္ဍာရေးဥပဒေမှ အားနည်းချက် တစ်ခုကို အသုံးချခဲ့ကြောင်း ပါဝင်ခဲ့သည်။ Nike သည် ကမ်းလွန်ဗန်းပြ ကုမ္ပဏီတစ်ခုကို အသုံးပြုခဲ့ပြီး ဥရောပကုမ္ပဏီများ အတွက် ပျမ်းမျှအခွန် ၂၅ ရာခိုင်နှုန်း ပေးဆောင်ရမှုကို ရှောင်၍ နှစ်ရာခိုင်နှုန်းသာ ပေးဆောင်ခဲ့ကြောင်း ယင်းအစီရင်ခံစာက ဖော်ပြခဲ့သည်။

ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး လှုံ့ဆော်သူ အိုင်ယာလန်အဆိုတော် ဘိုနိုသည် ၎င်းပိုင်သော လစ်သူယေးနီးယား ရှော့ပင်းမောကြီး တစ်ခုသည် အခွန်တိမ်းရှောင်ခဲ့ဖွယ်ရှိကြောင်း Paradise Papers က ဖော်ပြခဲ့ရာ ဘိုနိုသည် စုံစမ်းစစ်ဆေးမှုနှင့် ကြုံနေရပြီဖြစ်သည်။ ဥပဒေနှင့် မညီညွတ်သော စာရင်းကိုင် နည်းဗျူဟာတစ်ခုကို အသုံးပြုပြီး ယင်းရှော့ပင်းမောသည် ယူရို ၄၇၀၀၀ ပေးဆောင်ရန် တိမ်းရှောင်ခဲ့ဖွယ်ရှိကြောင်း စွပ်စွဲခံနေရ သည်။

Ref : AFP