ဂျပန်ရွေးကောက်ပွဲကို ခက်ခဲစေပြီး လူငါးဦးအား သေစေခဲ့သည့် လန်တိုင်ဖွန်း ပြန်လည်ဆုတ်ခွာ

ဂျပန်ရွေးကောက်ပွဲကို ခက်ခဲစေပြီး လူငါးဦးအား သေစေခဲ့သည့် လန်တိုင်ဖွန်း ပြန်လည်ဆုတ်ခွာ
Published 24 October 2017

တိုင်ဖွန်းကြောင့် မိုးသည်းထန်ခဲ့ပြီးနောက် အောက်တိုဘာ ၂၃ ရက်က အိုဆာကာတွင် လမ်းတစ်လမ်း ပြိုကျနေစဉ် (Photo: AP)

ဂျပန်နိုင်ငံသို့ အင်အားပြင်းတိုင်ဖွန်း မုန်တိုင်းကြီး ‘လန်’ ဝင်ရောက်တိုက်ခတ်ခဲ့မှုကြောင့် လူငါးဦးသေဆုံးကာ တစ်ဦးပျောက်ဆုံးပြီး လူအများအပြား ဒဏ်ရာရသွားခဲ့ကြောင်း သိရသည်။ လန်တိုင်ဖွန်းသည် အောက်တိုဘာ ၂၃ ရက်တွင် မြောက်ဘက်သို့ ဦးတည်ကာ ပစိဖိတ်သမုဒ္ဒရာထဲသို့ ထွက်ခွာသွားပြီဖြစ်သည်။

ယင်းတိုင်ဖွန်းကြောင့် အောက်တိုဘာ၂၂ ရက်က ဂျပန်ရွေးကောက်ပွဲတွင် လူသန်းပေါင်းများစွာမှာ မဲရုံများသို့ လာရောက်ရန် ခက်ခက်ခဲခဲ ကြိုးပမ်းခဲ့ကြရသည်။ လန်တိုင်ဖွန်း မဝင်ရောက်မီက ယင်းတိုင်ဖွန်းသည် အလွန်ကြီးမားကာ အားပြင်းသဖြင့် ကမ်းရိုးတန်းဒေသများ၊ မြစ်ချောင်းများ အနီး၌ နေထိုင်သူများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် အစိုးရက ညွှန်ကြားခဲ့သည်။

တိုင်ဖွန်းသည် အောက်တိုဘာ၂၃ ရက် အစောပိုင်းက တိုကျိုမြို့ အနောက်တောင်ပိုင်းရှိ ရှင်ဇူကာဒေသသို့ စတင်ဝင်ရောက်ခဲ့ပြီးနောက် ခြောက်နာရီအကြာဖြစ်သည့် ဒေသစံတော်ချိန် နံနက် ကိုးနာရီတွင် ဂျပန်ကျွန်းစုမှ ပြန်ထွက်သွားသည်။ တစ်နာရီ လေတိုက်နှုန်း ၁၆၂ ကီလိုမီတာ (မိုင်၁၀၀) ရှိသော လန်တိုင်ဖွန်းကြောင့် နိုင်ငံအလယ်ပိုင်းတွင် မီးပြတ်တောက်သွားခဲ့ရာ ရထားစီးခရီးသည်များစွာ ညလုံးပေါက် သောင်တင်ခဲ့ရသဖြင့် အခြားသော ရှင်ကန်ဆန်ရထား ပြေးဆွဲမှုများကို ရပ်ဆိုင်းလိုက်ရသည်။ ထို့ပြင် အောက်တိုဘာ ၂၂ နှင့် ၂၃ ရက်အတွင်း လေကြောင်း ခရီးစဉ် ၈၀၀ ကျော် ဖျက်သိမ်းလိုက်ရသည်။ တိုင်ဖွန်းကြောင့် နိုင်ငံတစ်ဝန်းတွင် ဒဏ်ရာရသူ ၁၃၀ ရှိသည်ဟုလည်း သိရသည်။

Ref: AFP