ရာကာတွင် သမိုင်းဝင်အောင်မြင်မှုရရှိဟု ကာ့ဒ်တို့ ဦးဆောင်သည့် ညွန့်ပေါင်းတပ်ဖွဲ့က ကြေညာ

ရာကာတွင် သမိုင်းဝင်အောင်မြင်မှုရရှိဟု ကာ့ဒ်တို့ ဦးဆောင်သည့် ညွန့်ပေါင်းတပ်ဖွဲ့က ကြေညာ
Published 22 October 2017

အောက်တိုဘာ ၂၀ ရက်က ရာကာတွင် တိုက်ခိုက်မှုများကြောင့် ပျက်စီးနေမှုအား ရိုက်ကူးထားသော ဓာတ်ပုံ (Photo: AFP)

ရာကာရှိ IS အဖွဲ့၏ခံတပ်ကို အနိုင်ရရှိမှုသည် သမိုင်းဝင်အောင်မြင်မှုတစ်ခုဟု လပေါင်းများစွာကြာသည့်တိုက်ပွဲကို ဦးဆောင်ခဲ့သည့် ကာ့ဒ်တို့ဦးဆောင်သည့် အမေရိကန် ကျောထောက်နောက်ခံပြု Syrian Democratic Forces (SDF) အဖွဲ့က အောက်တိုဘာ ၂၀ ရက်တွင် ပြုလုပ်ခဲ့သည့် အခမ်းအနားတစ်ခုတွင် ပြောကြားခဲ့သည်။

“ဒီသမိုင်းဝင်အောင်မြင်မှုကိုလူသား အားလုံးအတွက် ရည်စူးတယ်” ဟု အောက်တိုဘာ ၁၇ ရက်တွင် ရာကာကို အပြည့်အဝထိန်းချုပ်ခဲ့သည့် ကာ့ဒ်ဦးဆောင်သည့် ဆီးရီးယား ဒီမိုကရက်တစ်အင်အားစု (SDF) ၏ ပြောခွင့်ရပုဂ္ဂိုလ် တာလယ်ဆဲလ်လိုက ပြောကြားခဲ့သည်။

ရာကာနှင့် အနီးဝန်းကျင်ရှိ ကျေးလက်ဒေသ၏ အုပ်ချုပ်ရေးကို Raqa Civil Council (RCC) ၏ အစိတ်အပိုင်းဖြစ်သော ရာကာရှိ ပြည်တွင်းလုံခြုံရေးတပ်ဖွဲ့သို့ လွှဲပြောင်းပေးမည်ဟု ဆဲလ်လိုက ပြောကြားခဲ့သည်။ သို့သော် ယင်းလွှဲပြောင်းပေးမှုကို ချက်ချင်းလုပ်ဆောင်မည် မဟုတ်ကြောင်း၊ မြို့ထဲရှိ အပျက်အစီးများနှင့် ပြန့်ကျဲနေသည့် ပေါက်ကွဲစေသောပစ္စည်းများကို SDF တိုက်ခိုက်ရေးသမားများက ရှင်းလင်းပြီးမှသာ လွှဲပြောင်းပေးမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ရာကာမြို့သည် IS တို့၏ ရက်စက်ကြမ်းကြုတ်မှုများကို သုံးနှစ်ကျော်ကြာ ကြုံတွေ့ခဲ့ရပြီး IS တို့၏ အုပ်ချုပ်ရေးဗဟိုချက်အဖြစ် အစမ်းသပ်ခံဂျီဟတ်နယ်မြေအဖြစ် ရပ်တည်ခဲ့ရသည်။ အောက်တိုဘာ ၂၀ ရက်တွင် SDF တပ်ဖွဲ့ဝင်များသည် မြို့ကိုအပေါ်စီးမှ စီးမိုးထားသည့် ခေါင်မိုးများပေါ်တွင်ရပ်၍ ပျက်စီးနေသောမြို့ကို စောင့်ကြပ်ခဲ့ကြသည်။

ရာကာ၏ လမ်းမများနှင့် လမ်းကျဉ်းများတွင် IS တို့ထောင်ထားသည့် မိုင်းများဖြင့် ပြည့်နှက်နေကြောင်း RCC ပူးတွဲဥက္ကဋ္ဌ လိုင်လာမူစတာဖာက ပြောကြားခဲ့သည်။ IS တို့သည် ဆီးရီးယားနှင့်အီရတ်တွင် အဓိကခြေကုပ်များ ဆုံးရှုံးခဲ့ပြီးနောက် ၂၀၁၄ ခုနှစ်တွင် ၎င်းတို့တည်ထောင်ခဲ့သော နယ်မြေသည် မူလအရွယ်အစား၏ ၁၀ ပုံ ၁ ပုံကိုသာ ထိန်းသိမ်းထားနိုင်တော့သည်။ ထို့ပြင် ရာကာကို ဆုံးရှုံးလိုက်ရမှုက IS တို့၏ နောက်ထပ်နိဂုံးချုပ်မှုတစ်ခု ဖြစ်လာခဲ့သည်။

ရာကာကျဆုံးမှုသည် ၂၀၁၅ ခုနှစ် နိုဝင်ဘာက ပါရီတွင် တိုက်ခိုက်မှုများဖြစ်ပွားခဲ့ခြင်းအတွက် ပြစ်ဒဏ်မချမှတ်နိုင်ခဲ့မှုများသည် ထိုအတိုင်းမပြီးဆုံးသွားဟု အဓိပ္ပာယ်ထွက်ခဲ့ကြောင်း ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး ယန်းဝီလေဒရီယန်က ပြောကြားခဲ့သည်။ ၂၀၁၅ ခုနှစ် နိုဝင်ဘာက ဘာတာကလန်တွင် လူ ၉၀ သေဆုံးစေခဲ့သော IS တို့ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများအတွက် ပြစ်ဒဏ်ချမှတ်ပြီးသား ဖြစ်သွားခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ရည်ညွှန်းပြောကြားခဲ့သည်။ လေးလကြာတိုက်ပွဲအတွင်း ရာကာသည် ကြီးကြီးမားမားပျက်စီးခဲ့ပြီး ယင်းတိုက်ပွဲများကြောင့် လူ ၃၂၀၀ ကျော် သေဆုံးခဲ့ကြောင်း ဆီးရီးယား လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့က ပြောကြားခဲ့သည်။

RCC ကို ဒေသခံတာဝန်ရှိသူများဖြင့် လွန်ခဲ့သည့်ခြောက်လ၌ ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ အမေရိကန် ဦးဆောင်သည့် ညွန့်ပေါင်းအဖွဲ့က ကျောထောက်နောက်ခံပြုသည့် ကာ့ဒ်-အာရပ်မဟာမိတ်ဖြစ်သည့် SDF သည် ရာကာမြို့ အနီးဝန်းကျင်ကို လနှင့်ချီတိုက်ခိုက်ခဲ့ပြီးနောက် ဇွန်တွင် မြို့ထဲသို့ ထိုးဖောက်ဝင်ရောက်ခဲ့သည်။