အိန္ဒိယမှ လူသားစားကျား ဓာတ်လိုက်၍ သေဆုံး

အိန္ဒိယမှ လူသားစားကျား ဓာတ်လိုက်၍ သေဆုံး
Published 17 October 2017

Photo: AFP

အိန္ဒိယနိုင်ငံအလယ်ပိုင်းတွင် ရွာသားလေးဦးကို သတ်ခဲ့သည့် ကျားတစ်ကောင်သည် ဓာတ်လိုက်၍ သေဆုံးသွားခဲ့ပြီဟု အစိုးရအရာရှိတစ်ဦးက အောက်တိုဘာ ၁၅ ရက်တွင် ပြောကြားခဲ့သည်။ အသက်နှစ်နှစ်အရွယ် ထိုကျားမ၏ နောက်ဆုံးတိုက်ခိုက်ခြင်းကို ခံခဲ့ရသည့် အမျိုးသမီးတစ်ဦးသည် ယခုလအစောပိုင်းက သေဆုံးသွားခဲ့ပြီးနောက် မဟာရာ့ရှ်ထရာပြည်နယ်ရှိ တရားရုံးတစ်ရုံးက ထိုကျားမကို တွေ့သည့်နေရာတွင် ပစ်သတ်ရန် အောက်တိုဘာ ၁၃ ရက်၌ အမိန့်ထုတ်လိုက်သည်။ သို့သော် ဖမ်းဆီးသတ်ဖြတ်မှုမပြုနိုင်မီမှာပင် ကျားမသည် ကျေးရွာတစ်ခု၏ လျှပ်စစ်ခြံစည်းရိုးကို ဝင်တိုးမိကာ သေဆုံးခဲ့သည်ဟု သိရသည်။

“ဒီခြံစည်းရိုးကို ရွာသားတွေက တောရိုင်းတိရစ္ဆာန်တွေ အထူးသဖြင့် ဝက်ဝံတွေမကပ်နိုင်အောင်လို့ ကာထားတာပါ” ဟု Pecnch Tiger သီးသန့်ကြိုးဝိုင်းမှ ဒါရိုက်တာဖြစ်သူ ရာရှ်ဟီကတ်ရှ်ရန်ဂျန်က ဆိုသည်။ ယင်းကျားမကို ဟိန္ဒီဘာသာဖြင့် ‘အနက်’ ဟုအဓိပ္ပာယ်ရသော ခါလာဟု အမည်ပေးထားသည်။ ခါလာသည် မဟာရာ့ရှ်ထရာပြည်နယ်ထဲတွင် ရွာသားနှစ်ဦးကိုသတ်ခဲ့ကာ လေးဦးကိုဒဏ်ရာရစေခဲ့ပြီးနောက် ဇူလိုင်လက တစ်ကြိမ်ဖမ်းဆီးခံရကာ ရေဒီယိုလည်ပတ်တပ်ပြီး Bor တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောထဲသို့ ပြန်လွှတ်ပေးခံရသည်။ ယင်းနောက်တွင် ခါလာသည် လူနှစ်ဦးကို ထပ်မံသတ်ခဲ့ခြင်းဖြစ်သည်။ ကျားများသည် ပုံမှန်အားဖြင့် လူတို့ကို တိုက်ခိုက်လေ့မရှိသော်လည်း ခါလာသည် ပထမဆုံးအကြိမ် တိုက်ခိုက်မှုအပြီးတွင် လူသား၏အရသာကို သိသွားပုံရသည်ဟု အချို့ကျွမ်းကျင်သူများက သုံးသပ်ကြသည်။