ရာထူးတိုးပေးခံရသည့် ကင်ဂျုံအွန်၏ညီမ မြောက်ကိုရီးယားတွင် သြဇာအကြီးဆုံး အမျိုးသမီးဖြစ်လာ

ရာထူးတိုးပေးခံရသည့် ကင်ဂျုံအွန်၏ညီမ မြောက်ကိုရီးယားတွင် သြဇာအကြီးဆုံး အမျိုးသမီးဖြစ်လာ
Published 15 October 2017

၂၀၁၅ ခုနှစ် မတ် ၁၂ ရက်က ကန်ဝန်ပြည်နယ်တွင် Sin Islet ကာကွယ်ရေးကုမ္ပဏီအား စစ်ဆေးနေသော ကင်ဂျုံအွန်နှင့် ညီမဖြစ်သူ ကင်ယိုဂျုံ (ဝဲ) (Photo: AFP)

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်၏ညီမက မြောက်ကိုရီးယား၏ သြဇာကြီးမားသော ပေါ်လစ်ဗျူရိုတွင် တစ်ရှိန်ထိုး ရာထူး မြင့်တက်လာမှုနှင့်အတူ နျူကလီး ယားလက်နက်ပိုင်ဆိုင်သည့် နိုင်ငံ၏ နိုင်ငံရေး ရာထူး အဆင့်ဆင့်တွင် သြဇာလွှမ်းမိုးမှုအရှိဆုံး အမျိုးသမီး အဖြစ် ကိုယ့်ကိုယ်ကိုယ် တည်ထောင်နိုင်ခဲ့သည်။

ကင်ယိုဂျုံကို မြောက်ကိုရီးယား၏ အဓိကဆုံးဖြတ်ချက်များ ချမှတ်သည့် ထိပ်တန်းအဖွဲ့၏ အဖွဲ့ ဝင်အဖြစ် ရာထူးတိုးမြှင့်ပေးခြင်းက အစ်ကိုဖြစ်သူ ကင်ဂျုံအွန်၏ ယုံကြည်စိတ်ချရသော အရင်းနှီးဆုံး လက်ထောက်နှင့် လူယုံတော်တစ်ဦးနေရာသို့ ရောက်ရှိလာမှုကို ထင် ရှားစေခဲ့သည်ဟု လေ့လာသုံးသပ်သူများက ပြောကြားခဲ့သည်။

ကင်ဂျုံအွန်၏ အဖေတူအမေကွဲ အစ်ကိုဖြစ်သူ ကင်ဂျုံနမ်သည်  ယခုနှစ်အစောပိုင်းတွင် မလေးရှားလေဆိပ်၌ အာရုံကြောကို ထိခိုက်စေသည့်ပြင်းထန်သော VX အဆိပ် ဖြင့်လုပ်ကြံခံခဲ့ရမှုသည် ခေါင်းဆောင်ကင်ဂျုံအွန်၏ သဘောတူညီမှုဖြင့် လုပ်ဆောင်ခဲ့ဖွယ်ရှိသည် ဟု မြောက်ကိုရီးယား စောင့်ကြည့်သူများက ပြောကြားခဲ့သည်။

အသက် ၃၀ နီးပါးဟု ယူဆရသည့် ကင်ယိုဂျုံသည် ပြီးခဲ့သော သီတင်းပတ်တွင် ထုတ်ပြန်ခဲ့သည့် အလုပ်သမားပါတီ၏ ပေါ်လစ်ဗျူရို ပြန်လည်ဖွဲ့စည်းမှုတွင် အသက်အငယ်ဆုံး အဖွဲ့ဝင် ဖြစ်လာခဲ့သည်။  ကွယ်လွန်သူ ဖခင်ဖြစ်သူ ကင်ဂျုံအီ၏ များပြားလှသည့် အိမ်ထောင် များနှင့်  အိမ်ထောင်ဖက်များကြောင့် ရှုပ်ထွေးလှသည့်မိသားစု စာရင်းတွင် ယိုဂျုံသာလျှင်  တရားဝင် ရာထူးတစ်ခုရရှိထားပြီး ကင်ဂျုံအွန် နှင့် မောင်နှမတော်စပ်ခြင်းက ၎င်း၏ အစ်ကိုနှင့် အထူးဆက်ဆံရေး အကျိုးခံစားခွင့် ရရှိခဲ့သည်။

“သူတို့နှစ်ဦးက ရာသက်ပန်  သံယောဇဉ်ဆက်ဆံရေးတွေရှိပြီး ယိုဂျုံကို ပေါ်လစ်ဗျူရိုမှာ ရာထူးတိုးပေးခြင်းက ကင်ဂျုံအွန်က သူ့ရဲ့ ညီမကို လုံးဝယုံကြည်မှု ရှိတယ်လို့ အဓိပ္ပာယ်သက်ရောက်တယ်”ဟု ဆိုးလ်ရှိ မြောက်ကိုရီးယားဆိုင်ရာ လေ့လာမှုတက္ကသိုလ်မှ ပါမောက္ခ ယန်မူဂျင်က ပြောကြားခဲ့သည်။

“ကင်ဂျုံအွန်မရှိတော့ရင် သူက ကင်ရဲ့ ရာထူးကို ရယူမယ့် တစ်ဦးတည်းသောသူ ဖြစ်နိုင်တယ်” ဟု ယန်က အေအက်ဖ်ပီသို့ ပြောကြားခဲ့သည်။

အစ်ကိုကဲ့သို့ပင် ယိုဂျုံသည် ဆွစ်ဇာလန်တွင် ပညာသင်ကြားခဲ့သူဖြစ်ပြီး ၂၀၀၉ ခုနှစ်တွင် ဖခင်နှင့် အတူ စိုက်ပျိုးရေးတက္ကသိုလ်တစ်ခုသို့ သွားရောက်ခဲ့ပြီးနောက် မြောက်ကိုရီးယား၏ အစိုးရပိုင်မီဒီယာတွင် ၎င်း၏အကြောင်းကို ပထမဆုံးအကြိမ် ဖော်ပြခံခဲ့ရသည်။

ယိုဂျုံသည် ၂၀၁၁ ခုနှစ် တွင် ကင်ဂျုံအီ မသေဆုံးမီ ၎င်းနှင့်အတူ လိုက်ပါရသည့် ပုံမှန်အဖွဲ့ဝင်တစ်ဦး ဖြစ်လာခဲ့သည်။ ကင်ဂျုံအီ၏နာရေးတွင် အစ်ကိုဖြစ်သူနှင့်အတူ ဝမ်းနည်းပူဆွေးနေသည့် ဓာတ်ပုံများတွင် သူ့အား ထင်ထင်ရှားရှား ထည့်သွင်း ဖော်ပြခံခဲ့ရသည်။

ကင်ဂျုံအွန် ခေါင်းဆောင်ရာထူး ရရှိခဲ့ပြီးနောက်  ပါတီ၏ဝါဒဖြန့်ချိရေးဌာနတွင် ယိုဂျုံ၏ ရာထူးသည် တစ်ဟုန်ထိုးမြင့်တက်လာခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် ပါတီ၏ ဗဟိုကော်မတီတွင် ဒုတိယဌာန ညွှန်ကြားရေးမှူးတစ်ဦးအဖြစ် ခန့်အပ်ခံခဲ့ရသည်။

North Korea Leadership Watch ဝက်ဘ်ဆိုက်၏ အယ်ဒီတာ ဖြစ်သူ မိုက်ကယ်မက်ဒန်၏ ပြောကြားချက်အရ  ယိုဂျုံ၏တရားဝင် ဝါဒဖြန့်ချိရေးရာထူးသည် အစ်ကို ဖြစ်သူနှင့် မြောက်ကိုရီးယားနိုင်ငံအတွက် ပုံရိပ်ကိုမြင့်တက်အောင် လုပ်ဆောင်သည့် အကြီးအကဲဖြစ်သည်ဟု သိရသည်။

ကင်ဂျုံအွန်၏ ဇနီးဖြစ်သူ ရီဆိုဂျူကို ထည့်မတွက်ပါက ယိုဂျုံသည်  ကင်ဂျုံအွန်နှင့် ရင်းနှီးသည့် ဆက်ဆံရေးရရှိသည့် တစ်ဦးတည်းသော ဆွေမျိုးဖြစ်သည်။ ယခုနှစ်တွင် ၎င်း၏ ရာထူးနှင့် သြဇာလွှမ်းမိုးမှုအား အသိအမှတ်ပြုခံရမှုနှင့်အတူ လူ့အခွင့်အရေး အလွဲသုံးစားမှုနှင့် ဆင်ဆာဖြတ်တောက်ခြင်းများအတွက် အမေရိကန်၏ အရေးယူပိတ်ဆို့မှုတွင် ပစ်မှတ်ထားခံရသည့် မြောက်ကိုရီးယား တာဝန်ရှိသူ ခုနစ်ဦးထဲ တွင် ၎င်း၏ အမည်လည်း ပါဝင်ခဲ့သည်။

ယိုဂျုံသည် တစ်ချိန်က သြဇာကြီးခဲ့သည့်အဒေါ်ဖြစ်သူ ကင်ကျောင်ဟွေ ကဲ့သို့ပင်  အရန်ခေါင်းဆောင်ရာထူးအတွက် လက်သပ်မွေးခံခဲ့ရသည်ဟု မြောက်ကိုရီးယားစောင့် ကြည့်သူများက ထင်ကြေးပေးခဲ့သည်။ ကျောင်ဟွေသည် အစ်ကို ဖြစ်သူ ကွယ်လွန်သူ မြောက်ကိုရီး ယား ခေါင်းဆောင်ကင်ဂျုံအီ၏ ရင်းနှီးသည့်လက်ထောက်တစ်ဦးအဖြစ် ဆယ်စုနှစ်များစွာ တာဝန်ထမ်းဆောင်ခဲ့ပြီး ပါတီ၏ အကြီးတန်း ရာထူးများတွင် တာဝန်ထမ်းဆောင်ခဲ့သည်။

၎င်းသည် ၂၀၁၀ ပြည့်နှစ်တွင် ကြယ်လေးပွင့်အဆင့် ဗိုလ်ချုပ်ကြီးတစ်ဦးဖြစ်လာခဲ့သည်။ သို့သော် ၂၀၁၃ ခုနှစ်တွင် ၎င်း၏ခင်ပွန်း ဂျန်ဆောင်သက်ကို နိုင်ငံတော်သစ္စာဖောက်မှု ပါဝင်သည့် စွဲချက်များဖြင့် ကွက်မျက်ခဲ့ပြီးနောက် လူမြင်ကွင်းမှ ကွယ်ပျောက်ခဲ့သည်။