အငြင်းပွားမှု ပိုမိုကြီးထွားလာစဉ် အမေရိကန်နှင့် တူရကီတို့ ဗီဇာထုတ်ပေးရေး ဝန်ဆောင်မှုများကို အပြန်အလှန် ရပ်ဆိုင်း

အငြင်းပွားမှု ပိုမိုကြီးထွားလာစဉ် အမေရိကန်နှင့် တူရကီတို့ ဗီဇာထုတ်ပေးရေး ဝန်ဆောင်မှုများကို အပြန်အလှန် ရပ်ဆိုင်း
Published 10 October 2017

အောက်တိုဘာ ၉ ရက်က အစ္စတန်ဘူလ်တွင် ဆီလက်ဗ်ရီ အကျဉ်းထောင် တရားရုံးအပြင်ဘက်၌ ဝယ်သူများအား စောင့်နေသော အလံရောင်းချသူတစ်ဦး (Photo: AFP)

အမေရိကန်နှင့် တူရကီသည် အောက်တိုဘာ ၈ ရက်က ဗီဇာထုတ်ပေးရေးဝန် ဆောင်မှုများကို အပြန်အလှန် ရပ်ဆိုင်းလိုက်ကြကြောင်း သိရသည်။ အစ္စတန်ဘူလ်ရှိ အမေရိကန်ကောင်စစ်ဝန်ရုံးမှ တူရကီဝန်ထမ်း တစ်ဦးဖမ်းဆီးခံရမှုနှင့် ပတ်သက်ပြီး နှစ်နိုင်ငံကြားမှ သံတမန်ရေးရန်ပွဲမှာ ပို၍ကြီးထွားလာစဉ် ယခုကဲ့သို့ ဗီဇာထုတ်ပေးခြင်းကို ရပ်ဆိုင်းလိုက်ကြခြင်းဖြစ်သည်။

မကြာသေးမီက ဖြစ်ပျက်ခဲ့သည့် ဖြစ်စဉ်များကြောင့် တူရကီအစိုးရ၏ ၎င်းနိုင်ငံအတွင်းမှ အမေရိကန်မစ်ရှင်များနှင့် လူပုဂ္ဂိုလ်များ၏ လုံခြုံရေးအား ကတိပြုထားခြင်းကို အမေရိကန်အစိုးရဘက်မှ ပြန်လည်သုံးသပ်ရတော့မည်ဟု အင်ကာရာရှိ အမေရိကန်သံရုံးက ထုတ်ပြန်ခဲ့သည်။ ထိုသို့ ပြန်လည်သုံးသပ်နေစဉ် ကာလအတွင်း ခရီးသွားဝင်ရောက်မှုကို လျှော့ချရန်အတွက် တူရကီရှိ အမေရိကန် သံအဖွဲ့အစည်းများမှ ခရီးသွားဗီဇာ (Non-Immigrant Visa) ထုတ်ပေးခြင်းများ အားလုံးကို ချက်ချင်းရပ်ဆိုင်းလိုက်မည်ဟုလည်း ထိုထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။ ခရီးသွားဗီဇာဆိုသည်မှာ အမေရိကန်သို့ အလည်အပတ်သွားရန်၊ ဆေးစစ်ရန်၊ စီးပွားရေးကိစ္စဖြင့်သွားရန်၊ ယာယီအလုပ်လုပ်ရန်၊ ပညာသင်ရန် လာရောက်သူများကို ထုတ်ပေးသည့် ဗီဇာဖြစ်သည်။ ရွှေ့ပြောင်းအခြေချခြင်းဗီဇာ (Immigrant Visa) ကိုမူ အမေရိကန်တွင် ရာသက်ပန် နေထိုင်လိုသူများအတွက်သာ ထုတ်ပေးခြင်းဖြစ်သည်။

အမေရိကန်၏ ထိုကြေညာချက်ကို တုံ့ပြန်သည့်အနေနှင့် တူရကီက အမေရိကန်နိုင်ငံသားများအတွက် ဗီဇာထုတ်ပေးခြင်း ဝန်ဆောင်မှုအားလုံးကို ရပ်ဆိုင်းလိုက်သည်ဟု ပြန်လည်ထုတ်ပြန်ခဲ့သည်။ ထိုရပ်ဆိုင်းမှုသည် အွန်လိုင်းနှင့် နယ်စပ်များမှ ထုတ်ပေးသည့် ဗီဇာများအပေါ်တွင်လည်း သက်ရောက်မှုရှိမည်ဟု သိရသည်။ ဝါရှင်တန်ရှိ တူရကီသံရုံးသည် အင်ကာရာရှိ အမေရိကန်သံရုံးမှ ထုတ်ပြန်ချက်အတိုင်း ချွတ်စွပ်နီးပါး ပုံစံတူကူး၍ ဖော်ပြထားသည့် ထုတ်ပြန်ချက်နှစ်စောင် ပြန်လည်ထုတ်ပြန်ခဲ့ပြီး အမေရိကန်၏ ကြေညာချက်ကို သရော်ရန် ကြိုးပမ်းခဲ့ဖွယ်ရှိသည်။

အမေရိကန်သံရုံး ထုတ်ပြန်ချက်ထဲတွင် အစ္စတန်ဘူလ်ရှိ အမေရိကန်ကောင်စစ်ဝန်ရုံး၌ အလုပ်လုပ်နေသော တူရကီဒေသခံ ဝန်ထမ်းတစ်ဦး ဖမ်းဆီးခံရသည့်အကြောင်းကို ‘မကြာသေးမီက ဖြစ်စဉ်များ’ ဟုသုံးနှုန်းခဲ့ပြီး ပြည့်ပြည့်စုံစုံမဖော်ပြခဲ့ပေ။ ထိုဝန်ထမ်းသည် အမေရိကန်အခြေစိုက် ဘာသာရေးဆရာ ဖေတူလာဂူလင်၏ အုပ်စုနှင့် ဆက်စပ်မှုရှိသည်ဟု စွပ်စွဲခံရပြီး အောက်တိုဘာ ၄ ရက်နှောင်းပိုင်းက ထိန်းသိမ်းခံခဲ့ရသည်။ ဂူလင်သည် တူရကီသမ္မတ ရီဆပ်တေရစ်အာဒိုဂန်ကို ဖြုတ်ချရန် ယမန်နှစ်က မအောင်မြင်ခဲ့သော အာဏာသိမ်းမှုကို ကြိုးကိုင်ခဲ့သူဟု စွပ်စွဲခံရသူဖြစ်သည်။ ထိုတူရကီဝန်ထမ်းသည် သူလျှိုမှု၊ တူရကီအစိုးရကို ဖြုတ်ချရန် ကြိုးပမ်းမှုတို့ဖြင့် စွဲချက်တင်ခံထားရသည်။

ထိုဖမ်းဆီးမှုနှင့် ပတ်သက်၍ အလွန်စိတ်အနှောင့်အယှက်ဖြစ်ရသည်ဟု အမေရိကန်သံရုံးက ထုတ်ပြန်ခဲ့သည်။ သို့သော် အာဒိုဂန်၏ ပြောခွင့်ရပုဂ္ဂိုလ်က ထိုတူရကီဝန်ထမ်းနှင့် အာဏာသိမ်းရန် ကြိုးပမ်းသည့်ညက အဓိကသံသယဖြစ်သူတို့ကြားမှ ဖုန်းခေါ်ဆိုမှုတစ်ခုကို ထောက်ပြပြီး အရေးကြီးသည် သက်သေရှိသည်ဟု ပြန်လည်ပြောကြားခဲ့သည်။

ဖေတူလာဂူလင်ကို လွှဲပြောင်းပေးရန် တူရကီအစိုးရက အမေရိကန်ကို ဖိအားပေးနေသည်။ သို့သော် အမေရိကန်ဘက်မှ မလှုပ်သဖြင့် နှစ်နိုင်ငံဆက်ဆံရေးကြားမှ အက်ကြောင်း ပို၍နက်ရှိုင်းလာခဲ့သည်။

Most Read

Most Recent