ဖိလစ်ပိုင် ဒုသမ္မတ မကြာမီ ဖြစ်လာမည်ဟု ယုံကြည်ကြောင်း အာဏာရှင်ဟောင်း မားကို့စ်၏ သားက ပြောကြား

ဖိလစ်ပိုင် ဒုသမ္မတ မကြာမီ ဖြစ်လာမည်ဟု ယုံကြည်ကြောင်း အာဏာရှင်ဟောင်း မားကို့စ်၏ သားက ပြောကြား
Published 7 October 2017

အောက်တိုဘာ ၅ ရက်က မနီလာတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေသာ အာဏာရှင် မားကို့စ်၏သား ဖာဒီနန်မားကို့စ်ဂျူနီယာ (Photo: AFP)

ဖိလစ်ပိုင် အာဏာရှင် ဖာဒီနန်မားကို့စ်၏ သားဖြစ်သော ဖာဒီနန်ဘောင်ဘောင် မားကို့စ်ဂျူနီယာက တရားရေး စိန်ခေါ်မှု တစ်ခုတွင် လက်ရှိ ဒုသမ္မတကို ဖြုတ်ချနိုင်မည်ဟု ယုံကြည်ကြောင်း အောက်တိုဘာ ၅ ရက်တွင် ပြောကြားခဲ့သည်။

မားကို့စ်ဂျူနီယာ အသက် ၆၀ သည် ယမန်နှစ် ဒုသမ္မတ ရွေးကောက်ပွဲတွင် ပွတ်ခါသီခါ ရှုံးနိမ်ခဲ့ပြီး ယင်းရှုံးနိမ့်မှုကို တရားရုံးချုပ်တွင် သူက စိန်ခေါ်ခဲ့သည်။ ဒုသမ္မတအတွက် အနိုင်ရရှိသူ လေနီရိုဘရီဒိုသည် မဲရေစက်များကို ခြယ်လှယ်ခဲ့ပြီး ရလဒ်ကို လိမ်လည်ခဲ့ကြောင်း မားကို့စ်ဂျူနီယာက စွပ်စွဲခဲ့သည်။

“မဲပြန်ရေတွက်မှုတွေ ပြန်လုပ်တဲ့အခါ ရလဒ်အစစ်က ထွက်လာပြီး ဒုသမ္မတ ရွေးကောက်ပွဲမှာ မဲတွေ လိမ်ရေခဲ့ကြောင်း သက်သေပြနိုင်မယ်လို့ ကျွန်တော်တို့ ယုံကြည်ထားပါတယ်” ဟု မားကို့စ်ဂျူနီယာက သတင်းထောက်များကို ပြောကြားခဲ့သည်။

မားကို့စ်ဂျူနီယာသည် ဒုသမ္မတ ရွေးကောက်ပွဲတွင် အနိုင်ရသူအဖြစ် ကြေညာခံရပါက သူ၏ မိသားစုအတွက် နိုင်ငံရေး တစ်ကျော့ပြန်မှုကို ခိုင်မာစေမည်ဖြစ်သည်။

ဖခင်ဖြစ်သူ မားကို့စ်၏ နှစ် ၂၀ ကြာ အုပ်စိုးမှုကို လူထုအာဏာ တော်လှန်ရေးဖြင့် ဖြုတ်ချနိုင်ခဲ့ပြီးနောက် ၃၁ နှစ်အကြာတွင် မားကို့စ်မိသားစုက နိုင်ငံရေးအောင်မြင်မှုဆီသို့ ပြန်လည်ရောက်ရှိမှုဖြစ်လာမည်ဖြစ်သည်။

အာဏာရှင် ဖာဒီနန်မားကို့စ်သည် အမေရိကန်တွင် ပြည်ပြေးအဖြစ် နေထိုင်ခဲ့ပြီးနောက် ၁၉၈၉ ခုနှစ်တွင် ဟာဝိုင်ယီ၌ ကွယ်လွန်ခဲ့သည်။

မားကို့စ်နှင့် မဟာမိတ်များသည် အာဏာရှိစဉ်အတွင်း နိုင်ငံဘဏ္ဍာမှ ဒေါ်လာ ၁၀ ဘီလျံအထိ ခိုးယူခဲ့ကြကြောင်း စွပ်စွဲမှုများက မားကို့စ်၏ ဂုဏ်သတင်းကို ပျက်စီးစေခဲ့သည်။

သို့သော်လည်း မားကို့စ်မိသားစုသည် မားကို့စ်၏ဇနီး အီမယ်ဒါ၏ ဦးဆောင်မှုနှင့်အတူ နိုင်ငံရေးလောကသို့ ပြန်ဝင်လာခဲ့ပြီး နိုင်ငံရေးအာဏာကို တည်ဆောက်ပေးခဲ့သည်။ အီမယ်ဒါ ၈၈ နှစ်သည် ဖိလစ်ပိုင် မြောက်ပိုင်းရှိ မိသားစုခြေကုပ်တွင် ကွန်ဂရက်အမတ် ဖြစ်နေဆဲဖြစ်သည်။

အီမယ်ဒါက သားဖြစ်သူ ဘောင်ဘောင်အား သမ္မတ ဖြစ်လာရန် စိတ်ကူးထားသည်ဟု ပြောကြားထားသည်။

ဖိလစ်ပိုင်တွင် သမ္မတနှင့် ဒုသမ္မတတို့ကို သီးခြားစီ ရွေးချယ်ပြီး သမ္မတ ကွယ်လွန်ချိန် သို့မဟုတ် မသန်မစွမ်း ဖြစ်သွားချိန်တွင် ဒုသမ္မတသည် သမ္မတတာဝန်ကို လွှဲပြောင်း ယူရမည်ဖြစ်သည်။

အသက် ၇၂ နှစ်အရွယ် သမ္မတရိုဒရီဂို ဒူတာတေးက ၎င်းတွင် နှလုံးရောဂါ အပါအဝင် ကျန်းမာရေးပြဿနာ အမျိုးမျိုးရှိကြောင်း ဝန်ခံပြောကြားထားသည်။

မားကို့စ် မိသားစုသည် ၎င်းတို့၏ ပိုင်ဆိုင်မှု အချို့ကို အစိုးရထံ လွှဲပြောင်းပေးပြီး နိုင်ငံ့ဘဏ္ဍာအား ခိုးယူရရှိထားသည်ဆိုသော ဥစ္စာဓနများနှင့် ပတ်သက်သည့် စုံစမ်းစစ်ဆေးမှုအား ဖြေရှင်းရန် အကြံပြုထားကြောင်း ဒူတာတေးက မကြာသေးမီ၌ ပြောကြားထားသည်။

Ref: AFP