ကမ္ဘောဒီးယား ရွေးကောက်ပွဲ မတိုင်မီ အစိုးရက အထည်ချုပ် အလုပ်သမားများ၏ အနိမ့်ဆုံး လစာကို တိုးပေးခဲ့

ကမ္ဘောဒီးယား ရွေးကောက်ပွဲ မတိုင်မီ အစိုးရက အထည်ချုပ် အလုပ်သမားများ၏ အနိမ့်ဆုံး လစာကို တိုးပေးခဲ့
Published 7 October 2017

သြဂုတ် ၃၀ ရက်က ဖနွမ်းပင်မြို့ အပြင်ဘက်ရှိ အထည်ချုပ်စက်ရုံ တစ်ရုံတွင် အလုပ်သမားများနှင့် ဓာတ်ပုံတွဲရိုက်နေသော ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန် (လယ်) (Photo: AP)

ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်သည် လာမည့်နှစ် ရွေးကောက်ပွဲတွင် ထပ်မံ အနိုင်ရရှိရန် ပြင်ဆင်နေစဉ် ကမ္ဘောဒီးယား အစိုးရက အထည်ချုပ် အလုပ်သမားများအား အနိမ့်ဆုံး လစာကို တစ်လလျှင် ဒေါ်လာ ၁၇၀ သို့ မြှင့်တင်ပေးမည်ဟု အောက်တိုဘာ ၅ ရက်တွင် ကြေညာခဲ့သည်။

၂၀၁၈ ခုနှစ် ရွေးကောက်ပွဲမတိုင်မီ အထည်ချုပ်ကဏ္ဍကို မူဝါဒ ထိုးစစ်ဆင်နေသော ဟွန်ဆန်သည် သြဂုတ်လနောက်ပိုင်းမှ စပြီး အထည်ချုပ် အလုပ်သမားများနှင့် အပတ်စဉ် တွေ့ဆုံခဲ့သည်။ အထည်ချုပ် လုပ်ငန်းသည် ဒေါ်လာဘီလျံနှင့်ချီသော စီးပွားရေး လုပ်ငန်းဖြစ်ပြီး ဟွန်ဆန်၏ အစိုးရနှင့် အထည်ချုပ် အလုပ်သမားများသည် လုပ်ခလစာ၊ လုပ်ငန်းခွင် အခြေအနေတို့နှင့် ပတ်သက်ပြီး မကြာခဏ ပဋိပက္ခ ဖြစ်ပွားခဲ့ကြသည်။

ဟွန်ဆန်သည် အပတ်စဉ် တွေ့ဆုံပွဲများတွင် အထည်ချုပ် အလုပ်သမားများအား ငွေသားများ ဝေပေးခဲ့ပြီး အခမဲ့ ကျန်းမာရေး စစ်ဆေးမှုမှသည် ကိုယ်ဝန်ဆောင် အမျိုးသမီးများအတွက် ဆုကြေးပေး အစီအစဉ်များအထိ ခံစားခွင့် အသစ်များကို ဆောင်ရွက်ပေးခဲ့သည်။ ယခုနောက်ဆုံး လက်ဆောင်အဖြစ် လစာတိုးမြှင့်ပေးမှုတွင် ၂၀၁၈ ခုနှစ် ဇန်နဝါရီမှ စပြီး အနိမ့်ဆုံး လစာကို ၁၅၃ ဒေါ်လာမှ ဒေါ်လာ ၁၇၀ သို့ တိုးမြှင့်ပေးမည်ဖြစ်သည်။

အောက်တိုဘာ ၅ ရက်တွင် အလုပ်ရှင်များ၊ အလုပ်သမားသမဂ္ဂ ကိုယ်စားလှယ်များနှင့် အစိုးရ တာဝန်ရှိသူများသည် အနိမ့်ဆုံး လုပ်ခကို ၁၆၅ ဒေါ်လာသို့ တိုးမြှင့်ပေးရန် သဘောတူခဲ့ပြီးကြောင်း ကမ္ဘောဒီးယား အလုပ်သမားဝန်ကြီးဌာနက ပြောကြားခဲ့သည်။

သို့သော်လည်း “အလုပ်သမားများ၏ လူမှုဖူလုံရေးနှင့် ဘဝနေထိုင်မှုကို အမြဲတမ်း ဂရုစိုက်သည့်” ဟွန်ဆန်က ငါးဒေါ်လာ ထပ်တိုးပေးရန် ဆုံးဖြတ်ခဲ့ကြောင်း အလုပ်သမား ဝန်ကြီးဌာန၏ ကြေညာချက်က ဖော်ပြခဲ့သည်။

ကမ္ဘောဒီးယား၏ ၇၄၀,၀၀၀ သော အထည်ချုပ် အလုပ်သမားများသည် အခြား လစဉ်ခံစားခွင့်များကိုလည်း ရရှိကြမည်ဖြစ်သည်။ သယ်ယူပို့ဆောင်ရေးနှင့် နေထိုင်ရေးအတွက် ထောက်ပံ့ကြေး ခုနစ်ဒေါ်လာ၊ ရက်မှန်ကြေးအဖြစ် ၁၀ ဒေါ်လာတို့ကိုလည်း ရရှိကြမည်ဖြစ်သည်။

အလုပ်သမားသမဂ္ဂ ကိုယ်စားလှယ်များနှင့် အလုပ်သမားများက လစာတိုးမြှင့်သည့် သတင်းကို ကြိုဆိုခဲ့ကြသည်။ အသက် ၂၅ နှစ်အရွယ် အထည်ချုပ်အလုပ်သမား ဘိုဆိုဖီယာက ဝန်ကြီးချုပ်သည် သူ၏မဲကို ရရှိရန် သေချာသွားပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဟွန်ဆန်သည် နိုင်ငံရေး အတိုက်အခံတို့ကို ဖိနှိပ်နေချိန်တွင် အဓိက မဲပေးသူ အစုဖြစ်သော အထည်ချုပ် အလုပ်သမားများထံ ရောက်ရှိရန် ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။ ၂၀၁၃ ခုနှစ် ရွေးကောက်ပွဲတွင် အတိုက်အခံတို့ကို ရှုံးလုနီးပါးဖြစ်ခဲ့ပြီးနောက် ဟွန်ဆန်သည် နိုင်ငံရေးပြိုင်ဘက်တို့အား ဖိနှိပ်နေသည်။ အတိုက်အခံခေါင်းဆောင် ကင်ဆိုခါအား သစ္စာဖောက်မှု စွပ်စွဲချက်ဖြင့် အစွန်အဖျားရှိ အကျဉ်းထောင်သို့ ချထားခဲ့ပြီးနောက် အတိုက်အခံပါတီမှ ကိုယ်စားလှယ် ထက်ဝက်ကျော်သည် နိုင်ငံမှ ထွက်ပြေးသွားခဲ့ပြီဖြစ်သည်။

Ref: AFP