ဖိလစ်ပိုင် လက်ဝှေ့အကျော်အမော် ပက်ကွီယောင်း စစ်ပွဲဇုန်မာရာဝီရှိ တပ်ဖွဲ့ဝင်များထံ သွားရောက်အားပေး

ဖိလစ်ပိုင် လက်ဝှေ့အကျော်အမော် ပက်ကွီယောင်း စစ်ပွဲဇုန်မာရာဝီရှိ တပ်ဖွဲ့ဝင်များထံ သွားရောက်အားပေး
Published 29 July 2017


ဇူလိုင် ၂၉ ရက်က မာရာဝီမြို့ရှိ စစ်စခန်းသို့ သွားရောက်ခဲ့သည့် လက်ဝှေ့သမား ပက်ကွီယောင်း (Photo: AFP)

ဖိလစ်ပိုင်တောင်ပိုင်း မာရာဝီမြို့တွင် IS လိုလားသော စစ်သွေးကြွများအား တိုက်ခိုက်မှု နှစ်လကျော် ကြာမြင့်လာပြီဖြစ်သည့် စစ်သားများထံ ဖိလစ်ပိုင် လက်ဝှေ့သူရဲကောင်း မန်နီပက်ကွီယောင်းက ဇူလိုင် ၂၉ ရက်တွင် သွားရောက်တွေ့ဆုံ၍ အားပေးခဲ့ကြောင်း သိရသည်။ လက်ဝှေ့သမားအဖြစ်မှ အထက်လွှတ်တော်အမတ် ဖြစ်လာခဲ့သူ ပက်ကွီယောင်းက စစ်ဝတ်စုံဝတ်လျက် မာရာဝီ တိုက်ပွဲများ၌ သူပါ ပါဝင်မည်ဖြစ်ကြောင်း ဟာသနှော ပြောကြားခဲ့သည်။

မာရာဝီရှိ စခန်းတစ်ခုတွင် စစ်သားများနှင့် တွေ့ဆုံစဉ် ပက်ကွီယောင်းက “ခင်ဗျားတို့ကမှ စစ်မှန်တဲ့ သူရဲကောင်းတွေပါ။ မန်နီပက်ကွီယောင်းက မဟုတ်ဘူး။ ကျွန်တော်က လက်ဝှေ့သမား တစ်ယောက်လောက်ပါပဲ။ ခင်ဗျားတို့ကမှ နိုင်ငံအတွက် အသက်ပေးထားရတာ” ဟု ပြောကြားခဲ့သည်။

တိုက်ပွဲများ ပြီးဆုံးချိန်တွင် ယင်းနေရာသို့ တစ်ဖန်လာရောက်ပြီး နှုတ်ဆက်နိုင်မည်ဟု မျှော်လင့်ကြောင်း၊ သို့သော် ထပ်မံရောက်လာချိန်တွင် တိုက်ပွဲများ မပြီးသေးပါက ကိုယ်တိုင်ပါဝင်သွားမည်ဖြစ်ကြောင်း သေနတ်သံများနှင့် ပေါက်ကွဲသံများကို ကြားနေရသော ယင်းစခန်း အပြင်ဘက်ရှိ တိုက်ပွဲဇုန်အား ရည်ညွှန်းလျက် ပက်ကွီယောင်းက ပြောကြားခဲ့သည်။ နိုင်ငံတောင်ပိုင်း မင်ဒါနာအိုဒေသရှိ မာရာဝီမြို့တွင် တိုက်ပွဲများကြောင့် စစ်သွေးကြွ ၄၇၁ ဦး၊ အရပ်သား ၄၅ ဦး၊ အစိုးရ တပ်ဖွဲ့ဝင် ၁၁၄ ဦး စုစုပေါင်း ၆၃၀ သေဆုံးခဲ့ရပြီးဖြစ်ကြောင်း စစ်ဘက်က ထုတ်ပြန်ခဲ့သည်။

၎င်း၏ လက်ဝှေ့ထူးချွန် အောင်မြင်မှုများအား အသိအမှတ်ပြုသည့် အနေဖြင့် စစ်ဘက် အရန်တပ်တွင် ဒုတိယဗိုလ်မှူးကြီးရာထူး ရရှိထားသော ပက်ကွီယောင်းအား ဖိလစ်ပိုင်တွင် အလွန်အမင်း လူကြိုက်များနေဆဲ ဖြစ်သည်။ ပက်ကွီယောင်းသည် ဆင်းရဲသားဘဝမှနေ၍ မထင်မှတ်ဘဲ ကမ္ဘာ့လက်ဝှေ့အတန်း ရှစ်တန်းတို့တွင် ကမ္ဘာ့ချန်ပီယံ ဖြစ်လာခဲ့ပြီး သန်းကြွယ်သူဌေး ဖြစ်လာခဲ့သည်။ ယင်းအနေအထားကို အသုံးချ၍ ပက်ကွီယောင်းသည် သြဇာကြီး ဖိလစ်ပိုင် အထက်လွှတ်တော်တွင် အမတ်နေရာ ရွေးချယ်ခံရရန် လုပ်ဆောင်နိုင်ခဲ့သည်။

သို့သော် အသက် ၃၈ နှစ်ရှိ ပက်ကွီယောင်းသည် ပြီးခဲ့သောလတွင် စိန်ခေါ်သူ သြစတြေးလျ လက်ဝှေ့သမား ဂျက်ဟွန်းအား ရှုံးနိမ့်ခဲ့ပြီး ဝယ်လ်တာဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုကို လွဲှပေးခဲ့ရမှု အပါအဝင် မကြာသေးမီ နှစ်များအတွင်း ၎င်း၏ ကျော်ကြားမှု မှေးမှိန်လာခဲ့ကြောင်း သိရသည်။

Ref: AFP