မြန်မာနိုင်ငံအရေးနှင့် ပတ်သက်သည့် အထူးကိုယ်စားလှယ် ယန်ဟီးလီကို ထုတ်ပယ်ရန် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီဥက္ကဋ္ဌအား တောင်းဆို

မြန်မာနိုင်ငံအရေးနှင့် ပတ်သက်သည့် အထူးကိုယ်စားလှယ် ယန်ဟီးလီကို ထုတ်ပယ်ရန် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီဥက္ကဋ္ဌအား တောင်းဆို
Published 11 September 2017

 

စက်တင်ဘာ ၈ ရက်က ဆိုးလ်မြို့တက္ကသိုလ်ရှိ သူ၏ရုံးခန်းအတွင်း AFP သတင်းဌာနနှင့်တွေ့ဆုံနေသော ယန်ဟီးလီ (Photo: AFP)

စက်တင်ဘာ ၈ ရက်တွင် လူ့အခွင့်အရေးဆိုင်ရာ အာရှဌာန (ACHR) က မြန်မာနိုင်ငံအတွက် ကုလသမဂ္ဂအထူးကိုယ်စားလှယ် ပါမောက္ခ ယန်ဟီးလီကို ထုတ်ပယ်ရန် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ (UNHRC) ဥက္ကဋ္ဌ ယော်ကွင်းအလက် ဇန္ဒားမာဇာမက်မာတယ်လီအား မမျှော်လင့်ဘဲ တောင်းဆိုခဲ့ကြောင်း သိရသည်။

“မြန်မာနိုင်ငံမှာ ကြီးမားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတယ်ဆိုတာကို ဖော်ပြရမှာဖြစ်သလို အထူးကိုယ်စားလှယ်ရဲ့ ဘက်လိုက်မှုတွေကိုလည်း လျှော့ပေါ့ပေးနေစရာ မလိုပါဘူး” ဟု ACHR ၏ ညွှန်ကြားရေးမှူး ပါရီတော့ချက်ကမာက UNHRC ဥက္ကဋ္ဌထံသို့ ပေးပို့သော စာတစ်စောင်၌ ဖော်ပြထားသည်။

UNHRC ဥက္ကဋ္ဌအနေဖြင့် မြန်မာနိုင်ငံ နှင့် ပတ်သက်၍ အချက်အလက်ရှာဖွေရေး မစ်ရှင်ဥက္ကဋ္ဌ အင်ဒီရာဂျေဆင်းကို ထုတ်ပယ်ခဲ့စဉ်က ကျင့်သုံးခဲ့သည့် စံနှုန်းများအတိုင်း ကိုက်ညီမှုရှိစေရန်လည်း ၎င်းက တောင်းဆို ထားသည်။ ဂျေဆင်းသည် အယ်ဂျားဇီးယား နှင့် အင်တာဗျူးတစ်ခုတွင် လူမျိုးတုံးသတ် ဖြတ်မှု ဖြစ်နိုင်ခြေနှင့်ပတ်သက်သော ပြောကြားမှုကြောင့် ထုတ်ပယ်ခံရခြင်းဖြစ်သည်။

ACHR က ယန်ဟီးလီသည် ၂၀၁၇ ခုနှစ် သြဂုတ် ၃ ရက်က မြိုတိုင်းရင်းသား ခြောက်ဦး အသတ်ခံခဲ့ရခြင်း၊ သြဂုတ် ၂၆ ရက်က ဒိုင်းနက်တိုင်းရင်းသားငါးဦး ကြောင်ဒိုးရွာအနီး၌ အသတ်ခံခဲ့ရခြင်းနှင့် နောက်ထပ် မြိုတိုင်းရင်းသားခုနစ်ဦး သြဂုတ် ၂၈ ရက်တွင် မောင်တောမြို့နယ် ခုံတိုင်ရွာတွင် အသတ်ခံခဲ့ရခြင်းတို့အတွက် ဘင်္ဂါလီ (မူရင်း၌ ရိုဟင်ဂျာဟု ဖော်ပြ) အစွန်းရောက်အကြမ်းဖက်အဖွဲ့၏အမည်ကို ဖော်ပြရန် ပျက်ကွက်ခဲ့သည်ဟု ရေးသားထားသည်။

ARSA ဟုခေါ်သော ဘင်္ဂါလီအစွန်းရောက် အကြမ်းဖက်လက်နက်ကိုင်အဖွဲ့သည် ၂၀၁၆ ခုနှစ် အောက်တိုဘာ ၉ ရက်တွင် လုံခြုံ ရေးတပ်များနှင့် အရပ်သားများကို တိုက်ခိုက်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင်ကိုးဦး သေဆုံးခဲ့သည့် အကြောင်းနှင့် ၂၀၁၇ ခုနှစ် သြဂုတ် ၂၅ ရက်တွင် ရဲစခန်း ၃၀ ကို တိုက်ခိုက်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင် ၁၀ ဦး၊ တပ်မတော်သားတစ်ဦးနှင့် လူဝင်မှု ကြီးကြပ်ရေးအရာရှိတစ်ဦး သေဆုံးခဲ့သည့် အကြောင်းတို့ရှိခဲ့သော်လည်း ယန်ဟီးလီသည် ယင်းအကြမ်းဖက်အဖွဲ့၏ အမည်ကိုပင် ဖော်ပြရန် ပျက်ကွက်ခဲ့သည်ဟု ဆိုသည်။

ACHR က ယန်ဟီးလီသည် ရှမ်းနှင့် အခြားတိုင်းရင်းသားများနှင့် ပတ်သက်သော တိုင်းရင်းသားလူမျိုးစု လက်နက်ကိုင်အဖွဲ့များ၏ အမည်ကိုသုံးစွဲရန် တွန့်ဆုတ်ခြင်း မရှိ သော်လည်း မြန်မာနိုင်ငံရှိ ဘင်္ဂါလီမွတ်စလင်များနှင့် ပတ်သက်သော လက်နက်ကိုင်အဖွဲ့ ဖြစ်သည့် ARSA ၏ အမည်ကိုမူ မည်သည့်အခါကမျှ သုံးစွဲခြင်းမပြုလောက်အောင် ဘက်လိုက်ခဲ့ကြောင်း ACHR က စွပ်စွဲထားသည်။

ACHR က ယန်ဟီးလီ၏ ARSA နှင့် ပတ်သက်၍ ပြစ်တင်ဖော်ပြရန် ပျက်ကွက်ခဲ့မှုနှင့် အခြား အတိုက်အခံ လက်နက်ကိုင်အဖွဲ့ များကို ရွေးချယ်ဖော်ပြခဲ့ပုံများကို စာရင်းဇယားများဖြင့် ဖော်ပြခဲ့သည်။