အမှုအခြေအနေအရ အလားအလာကောင်းကြောင်း ပုဒ်မသုံးခုဖြင့် တရားစွဲဆို ဖမ်းဆီးခံထားရသော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင် အကြိမ်၂၀ မြောက် ရုံးထုတ်တွင် ပြောကြား

အမှုအခြေအနေအရ အလားအလာကောင်းကြောင်း ပုဒ်မသုံးခုဖြင့် တရားစွဲဆို ဖမ်းဆီးခံထားရသော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင် အကြိမ်၂၀ မြောက် ရုံးထုတ်တွင် ပြောကြား
Published 7 August 2018

အမှုအခြေအနေအရ အလားအလာကောင်းကြောင်း ဖမ်းဆီးခံထားရသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အေးမောင်က အကြိမ် ၂၀ မြောက် ရုံးထုတ်တွင် ပြောကြားသည်။

“အခြေအနေကတော့ ကျွန်တော်တို့ဘက်က ကောင်းပါတယ်။ ၁၇ (၁)က သူတို့စွဲတဲ့ လိုပြသက်သေ ရှစ်ယောက်လောက်ကို ပယ်လိုက်တယ်။ ကျောင်းဆရာမတွေ ဖြစ်နေတယ်။ ၁၇ (၁)၊ ၅၀၅(ခ)၊ ၁၂၂ တို့မှာ ပါတဲ့ပုဂ္ဂိုလ် အားလုံးဟာ ရသေ့တောင်မြို့နယ် နယ်ထိန်းက တာဝန်ခံတဲ့သူ အားလုံးကို ကျွန်တော်တို့ ထွက်ဆိုပြီးပြီ။ စရဖက မလာဘူး၊ အဲဒီလို အခြေအနေမျိုး ရှိပါတယ်။ ကျွန်တော်တို့ ပြောခဲ့တာက သမိုင်းဆိုင်ရာတွေ ဖြစ်တယ်။ ၂၀၁၆ ကတည်းကဆိုရင် တော်တော်များများ ကျင်းပပြီးပြီ။ ဦးသိန်းစိန် လက်ထက်ကတည်းက ကျင်းပခဲ့တာ။ ကျဆုံးတဲ့နေ့ပေါ့ဗျာ။ ကျွန်တော်တို့က ဖိတ်လို့သွားတာ၊ ကျင်းပတဲ့ နေရာကို ကြည့်ရင်လည်း ထွေအုပ်ရုံးနဲ့ ကိုက် ၁၀၀ လောက် ရှိတယ်။ မြို့နယ် ရဲတပ်ဖွဲ့ရုံးနဲ့လည်း ကိုက် ၁၀၀ လောက် ရှိတယ်။ အေးအေးဆေးဆေး ကျင်းပကြတာ ဖြစ်တယ်။ ပြီးခဲ့တဲ့နှစ်ကလည်း ဒီလိုပဲကျင်းပတာ။ ကျွန်တော်တို့က ဖိတ်တဲ့လူရှိလို့ သွားပြောတယ်ပေါ့ဗျာ”ဟု ဒေါက်တာအေးမောင်က ပြောကြားသည်။

ဒေါက်တာ အေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့အား ဇန်နဝါရီ ၁၅ ရက်က ရသေ့တောင်မြို့၌ ပြုလုပ်ခဲ့သည့် ၂၃၃ နှစ်မြောက် ရခိုင်အချုပ်အခြာအာဏာ ကျဆုံးခြင်း အထိမ်းအမှတ် စာပေဟောပြောပွဲတွင် ဟောပြောခဲ့မှုဖြင့် နိုင်ငံတော် ပုန်ကန်မှု ပုဒ်မ ၁၂၂၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု ၅၀၅ (ခ) မတရားအသင်းနှင့် ဆက်သွယ်မှု ၁၇ (၁) တို့ဖြင့် တရားစွဲဆိုခဲ့ကာ ဇန်နဝါရီ ၁၆ ရက် ညနေပိုင်းက စာရေးဆရာ ဝေဟင်အောင်အား နေအိမ်မှ ခေါ်ယူ ဖမ်းဆီးခဲ့ပြီး ဇန်နဝါရီ ၁၈ ရက်က ဒေါက်တာ အေးမောင်အား စစ်တွေမြို့ရှိ ၎င်း၏နေအိမ်မှ ဖမ်းဆီးခဲ့သည်။

“ဒီနေ့တော့ ကျွန်တော် ဟောပြောခဲ့တဲ့ အသံဖိုင်ကို စစ်ဆေးတာ မပြီးဘူး။ တစ်ဝက်လောက်ပဲ ပြီးတယ်။ လုံခြုံရေးကို အကြောင်းပြပြီးတော့ အမှုကို ၂ နာရီခွဲကတည်းကနေ ရပ်တန့်လိုက်ရတယ်” ဟု စာရေးဆရာ ဝေဟင်အောင်က ပြောကြားသည်။

ဒေါက်တာ အေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့အား ဖမ်းဆီးရခြင်းနှင့် မြောက်ဦးဖြစ်စဉ်တို့အား ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ ဒေသခံပြည်သူများအား တွေ့ဆုံရှင်းလင်း တင်ပြခြင်းနှင့် ဆွေးနွေးခြင်းတို့ကို ဇန်နဝါရီ ၂၂ ရက်က ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံးတွင် ပြုလုပ်ခဲ့သည်။

ဒေါက်တာအေးမောင် ဟောပြောသော စကားများတွင်လည်း ဗမာများ အနေဖြင့် ရခိုင်လူမျိုးများကို ဗမာ့ကျွန်အဖြစ်လောက်သာ ထားရှိပြီး တန်းတူအခွင့်အရေး မပေးခြင်း၊ ရခိုင်ပြည်နယ်ကို မြေပုံထဲကလည်း မပျက်စေချင်၊ ရခိုင်ကိုလည်း ကျွန်လို သဘောထားလျှင်ဖြင့် ရခိုင်ပြည် အချုပ်အခြာအာဏာကို မရရအောင် ပြန်လည်ရယူရမည် ဖြစ်ကြောင်း၊ အချုပ်အခြာအာဏာ ပြန်လည် ရယူရေးအတွက် နည်းလမ်းနှစ်ခုသာ ရှိကြောင်း၊ လက်နက်ကိုင် တော်လှန်ရေးနှင့် ဆောင်ရွက်နေသည့် ပုဂ္ဂိုလ်များရှိကြောင်း၊ မိမိမှာ နောက်တစ်နည်းဖြစ်သော လူထုဗဟိုပြု နိုင်ငံရေးနည်းဖြင့် ဆောင်ရွက်လျက် ရှိကြောင်း၊ လက်ရှိ နိုင်ငံရေး အားနည်းချက်ကို အခွင့်ကောင်းယူ၍ ပန်းတိုင်ရောက်အောင် ဆောင်ရွက်သွားကြရန် တိုက်တွန်းကြောင်း၊ လူထုကို စည်းရုံးခြင်း၊ လက်နက်ကိုင် တော်လှန်ခြင်းတို့ ပြုလုပ်ပြီး အာဏာရယူရန် နည်းမျိုးစုံဖြင့် အမျိုးသားလွတ်မြောက်ရေး တိုက်ပွဲကို ဆင်နွဲှပြီး ရည်မှန်းချက် ပန်းတိုင်သို့ သွားနေခြင်းဖြစ်ကြောင်း ထည့်သွင်း ဟောပြောခဲ့သည်ဟု ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ပြောကြားထားသည်။

“ဦးဝေဟင်အောင် အသံဖိုင်က မပြီးသေးပါ၊ ကျွန်တော့် အသံဖိုင်ကို ဆက်ပြီးတော့ စစ်မယ်၊ ၁၃ ရက်နေ့ကို ထပ်ချိန်းပါတယ်။ အဲဒီတော့ ဘာကြောင့်ကြာသလဲ ကျွန်တော်တို့ ပြန်သုံးသပ်ပြီး တရားသူကြီးကိုလည်း တင်ပြပါတယ်။ ဆိုပါတော့ ကျွန်တော်တို့ကို စစ်တဲ့ကာလဆိုရင် ကျန်တဲ့ မြို့နယ်အမှု အကုန်ရပ်တယ်။ အဲဒီတော့ တရားစီရင်ရေးဟာ အလိုလိုနေရင်း နှောင့်နှေးတယ်၊ ကြန့်ကြာတယ်၊ ကျွန်တော်တို့သည်ပင်လျှင် ၂ နာရီခွဲဆိုရင် ပြီးသွားရော၊ အဲဒီတော့ ခရိုင်ရုံးမှာလည်း မနက်ကတည်းက စစ်ပါ။ မြို့နယ်ရုံးကိုလည်း မနက်ကတည်း ဖြစ်အောင်စစ်ပါ။ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေဟာ မရောင်ရာဆီလူး လုပ်နေတယ်။ ကျွန်တော်တို့ကို ဒီလောက်ထိ လုံခြုံရေး မလိုဘူး။ ဒါကြောင့် ၁၃ ရက်နေ့ကျရင် မြို့နယ်ရုံးကိုလည်း စစ်ပါ။ ခရိုင်ရုံးမှာလည်း ကျွန်တော်တို့ကို ၄ နာရီခွဲအထိ စစ်ခွင့်ပေးပါ။ မြန်မြန်ပြီးသွားရင် ဦးဝင်းမြင့် သွားနေတဲ့ ပွင့်လင်းမြင်သာတဲ့ မဏ္ဍိုင်တစ်ခုဖြစ်တဲ့ တရားစီရင်ရေးမဏ္ဍိုင်ဟာ တည့်မတ်လာမယ်လို့ ကျွန်တော်ထင်တယ်”ဟုလည်း ဒေါက်တာအေးမောင်က ပြောကြားသည်။

သြဂုတ် ၆ ရက် ရုံးချိန်းတွင် သက်သေခံအဖြစ် တင်သွင်းထားသော ဟောပြောပွဲအခွေများအနက် အချို့ကို ဖွင့်ကြည့်ခဲ့ကာ သြဂုတ် ၁၃ ရက်သို့ ပြန်လည် ချိန်းဆိုလိုက်ကြောင်း သိရသည်။

Most Read

Most Recent