ပင်လုံစာချုပ်၏ အနှစ်သာရများဖြစ်သော တန်းတူညီမျှရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် စသည့်အချက်များ မဖော်ဆောင်သမျှကာလပတ်လုံး မြန်မာနိုင်ငံ၏ပဋိပက္ခများ ဖြေရှင်းနိုင်မည်မဟုတ်ဟု UNA ကြေညာ

ပင်လုံစာချုပ်၏ အနှစ်သာရများဖြစ်သော တန်းတူညီမျှရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် စသည့်အချက်များ မဖော်ဆောင်သမျှကာလပတ်လုံး မြန်မာနိုင်ငံ၏ပဋိပက္ခများ ဖြေရှင်းနိုင်မည်မဟုတ်ဟု UNA ကြေညာ
Published 28 July 2018

ဇူလိုင် ၂၇ ရက်က ရန်ကုန်မြို့တွင် ငြိမ်းချမ်းရေးနှင့် လူထုနှီးနှောဖလှယ်ပွဲ (ရန်ကုန်) ပြုလုပ်နေစဉ်

ပင်လုံစာချုပ်၏ အနှစ်သာရများဖြစ်သော တန်းတူညီမျှရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် နှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးတို့ကို မဖော်ဆောင်သမျှ ကာလပတ်လုံး မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသည့် ပဋပက္ခများ၊ ပြဿနာများကို ဖြေရှင်းနိုင်လိမ့်မည် မဟုတ်ဟု စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ် (UNA) အဖွဲ့က သဘောထားကြေညာချက် ထုတ်ပြန်သည်။

ရန်ကုန်မျက်မမြင်ကျောင်း (ခဝဲခြံ) တွင် ဇူလိုင် ၂၇ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့သော “ငြိမ်းချမ်းရေး လူထု နှီးနှောဖလှယ်ပွဲ (ရန်ကုန်) ” အခမ်းအနားသို့ UNA ၏ သဘောထား ကြေညာချက်ကိုပေးပို့ခဲ့ပြီး အဆိုပါ သဘောထားကြေညာချက်တွင် အထက်ပါ အတိုင်း ထည့်သွင်းရေးသား ဖော်ပြခဲ့သည်။

၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ၁၉၇၄ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေများသည် ပြည်ထောင်စုကို ဖွဲ့စည်းတည်ထောင်ခဲ့သည့် စာချုပ်ဖြစ်သော ပင်လုံစာချုပ်၏ အနှစ်သာရများကို ဖော်ဆောင်ခြင်း မရှိခဲ့ဟုလည်း UNA က ၎င်းတို့ ၏ သဘောထားကြေညာချက်တွင် ထည့်သွင်း ဖော်ပြခဲ့သည်။

ထို့ပြင် နေပြည်တော်တွင် ဇူလိုင် ၁၁ ရက်မှ ၁၆ ရက်အထိ ပြုလုပ်ခဲ့သည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ တတိယအစည်းအဝေးတွင် အားလုံးပါဝင်ရေးမူကို အခြေခံ၍ နိုင်ငံရေးစကားဝိုင်း တွေ့ဆုံ ဆွေးနွေးရေး နည်းလမ်းကို အသုံးပြု ဖော်ဆောင်နိုင်သော်လည်း အားရကျေနပ်ဖွယ်ရာ မရှိသည့်အတွက် ပြန်လည်သုံးသပ်သင့်သည်ဟု UNA က အကြံပြုသည်။

စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ် (UNA) ကမူ ၁၉၄၇ ခုနှစ်တွင် ချုပ်ဆိုခဲ့သော ပင်လုံစာချုပ်၊ ပင်လုံကတိကဝတ်၊ ပင်လုံမူအတိုင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဖော်ဆောင်မှုသာလျှင် အောင်မြင်နိုင်မည်ဟု ယုံကြည်ကြောင်း ၎င်းတို့၏ သဘောထား ကြေညာချက်တွင် ဖော်ပြခဲ့သည်။

ထို့ကြောင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးတွင် လွတ်လပ်မျှတသော ဖက်ဒရယ်ပြည်ထောင်စုကို အတူတကွ တည်ဆောက်နိုင်ရေးအတွက် အပြန်အလှန်ကတိပြု နားလည်မှုရယူခဲ့ကြသည့် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်တွင် ချုပ်ဆိုခဲ့သော သမိုင်းဝင် ပင်လုံစာချုပ်၊ ပင်လုံကတိကဝတ် နှင့်  ပင်လုံမူတို့အပေါ်တွင် အခြေခံရန်၊ ၁၉၆၁ ခုနှစ် တောင်ကြီးမြို့တွင် ကျင်းပခဲ့သော ပြည်နယ်ပေါင်းစုံညီလာခံကြီးတွင် ချမှတ်အတည် ပြုခဲ့သော ပြည်ထောင်စုစစ်စစ်မူအပေါ်တွင် အခြေခံရန် UNA က တိုက်တွန်းသည်။

ပြည်ထောင်စုအတွင်းရှိ တိုင်းရင်းသားလူမျိုးအချင်းချင်း အပြန်အလှန်အသိအမှတ် ပြုလေးစားမှု၊ ချစ်ကြည်ရိုင်းပင်းမှု၊ သွေးစည်းညီညွတ်မှုတို့ကို တည်ဆောက်ပြီး ငြိမ်းချမ်းစွာဖြင့် အေးအတူပူအမျှ အတူတကွ ယှဉ်တွဲနေထိုင်ရေးကို ဆောင်ရွက်ရန်၊ ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးကို အတူတကွ တည်ဆောက်ပြီး အာဏာရှင်စနစ်၊ မဟာလူမျိုးကြီး ဝါဒ ချုပ်ငြိမ်းရေးနှင့်ဒီမိုကရေစီစနစ် ရှင်သန်ဖွံ့ဖြိုးရေးတို့အတွက် ဝိုင်းဝန်းကြိုးပမ်းကြရန်ကိုလည်း ၎င်းတို့က တိုက်တွန်းသည်။

ထို့ပြင် နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုအဆင့်ဆင့်တွင် အားလုံးပါဝင်ရေးမူအပေါ် အခြေခံပြီး ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုကို အလေးပေးဆောင်ရွက်ရန်နှင့် ပြည်တွင်း ပြဿနာများကို ဖြေရှင်းရာတွင် စစ်ရေးနည်းလမ်းကို အသုံးမပြုဘဲ နိုင်ငံရေးနည်းလမ်း ဖြင့်သာ ဖြေရှင်းရန် စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ် (UNAက ၎င်းတို့၏ အဆိုပါ သဘောထားကြေညာချက်တွင် ထည့်သွင်းတိုက်တွန်းခဲ့သည်။

စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ် (UNA)  ကို   ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ၊ မွန်အမျိုးသားပါတီ (MNP) ၊ ဇိုမီး ဒီမိုကရေစီအဖွဲ့ချုပ် (ZCD) ၊ ကချင်အမျိုးသားကွန်ဂရက်ပါတီ (KNC) ၊ ကယန်းအမျိုးသားပါတီ (KNP) ၊ ရှမ်းပြည် ကိုးကန့်ဒီမိုကရက်တစ်ပါတီ (SSKDP) ၊ ကရင်အမျိုးသားပါတီ (KNP) ၊ ရခိုင်မျိုးချစ်ပါတီ (APP) ၊ မြိုအမျိုးသားဒီ်မိုကရေစီပါတီ (MNDP) ၊ ဓနုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ (DNDP) ၊ ခူမီး ( ခမီး) အမျိုးသားပါတီ (KNP) ၊ ချင်းဒီ်မိုကရေစီအဖွဲ့ချုပ် (CLDP) ၊ ချင်းတိုးတက်ရေးပါတီ (CPP) နှင့် ရှမ်းနီ (တိုင်းလိုင်) နှင့် မြောက်ပိုင်းရှမ်းမျိုးနွယ်စုများ သွေးစည်းညီညွတ်ရေးပါတီ (SNSP) တို့ဖြင့် ဖွဲ့စည်းထားသည်။

 

 

Most Read

Most Recent