မောင်တောမြို့နယ် တောင်ပိုင်း သင်္ဘောကွေ့ကျေးရွာ ဖြိုဖျက်ခံရမှုနှင့် ပတ်သက်၍ ဝေဖန်မှုများ ရှိနေပြီး အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့သော ကျေးရွာသားများအား မောင်တောမြို့နယ်အတွင်း သင့်လျော်မည့် နေရာတွင် နေရာချထားပေးစေလိုကြောင်း ကျေးရွာသားများ ပြောကြား

မောင်တောမြို့နယ် တောင်ပိုင်း သင်္ဘောကွေ့ကျေးရွာ ဖြိုဖျက်ခံရမှုနှင့် ပတ်သက်၍ ဝေဖန်မှုများ ရှိနေပြီး အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့သော ကျေးရွာသားများအား မောင်တောမြို့နယ်အတွင်း သင့်လျော်မည့် နေရာတွင် နေရာချထားပေးစေလိုကြောင်း ကျေးရွာသားများ ပြောကြား
Published 12 July 2018

ကျောက်ပန်းတူကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ယာယီခိုလှုံနေသော သင်္ဘောကွေ့ကျေးရွာသားများအား လူမှုကူညီရေးအဖွဲ့များက ဆေးကုသပေးခြင်း၊ ရိက္ခာများထောက်ပံ့ခြင်း ပြုလုပ်နေသည်ကို တွေ့ရစဉ်

ရခိုင်ပြည်နယ် မောင်တောမြို့နယ် တောင်ပိုင်းတွင် အသစ်တည်ဆောက် နေထိုင်ကြသည့် သင်္ဘောကွေ့ကျေးရွာ ဖြိုဖျက်ခံရမှုနှင့် ပတ်သက်၍ ဝေဖန်မှုများ ရှိနေကြောင်း သိရသည်။

သင်္ဘောကွေ့ကျေးရွာသည် မောင်တောမြို့နယ် တောင်ပိုင်း စွန်းအင်းဒင်ကျေးရွာအုပ်စုတွင် တည်ရှိပြီး ရခိုင်ပြည်နယ် မြို့နယ် ခြောက်ခုမှ တိုင်းရင်းသားများ လာရောက် အခြေချနေထိုင်လာခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းရွာမှ ရွာသားများအား ဖယ်ရှားပေးရန် ညွှန်ကြားခဲ့သည့် နောက်ပိုင်း ဇူလိုင် ၉ ရက်က မြို့နယ်အုပ်ချုပ်ရေး၊ ခရိုင်အုပ်ချုပ်ရေးနှင့် ရဲတပ်ဖွဲ့ဝင်များအပြင် မီးသတ်တပ်ဖွဲ့များကိုလည်း ခေါ်ယူခဲ့ကြောင်းနှင့် အရပ်ဝတ်အချို့လည်း ပါဝင်ရောက်ရှိလာပြီး ကျေးရွာမှ ဖယ်ပေးရန် ပြောဆိုခဲ့ကြောင်းနှင့် ရွာရှိ နေအိမ်အားလုံး ဖျက်ဆီးခဲ့ကြောင်း သိရသည်။

မောင်တောမြို့နယ် ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဦးခင်မောင်သန်းက “ကျွန်တော်တို့ အမြင်ကတော့ အဲဒီရွာကို ဖျက်ဆီးလိုက်တာဟာ မောင်တောဘက်ကို အခြေချလာမယ့် တိုင်းရင်းသားတွေရဲ့ စိတ်ဓာတ်ကို ရိုက်ချိုးလိုက်တယ်လို့ မြင်တယ်။ တိုင်းရင်းသားတွေဟာ ဒီဒေသကို ကာကွယ်မယ်ဆိုပြီး ရခိုင် အပါအဝင် တခြားတိုင်းရင်းသားတွေ လာပြီး အခြေချတာကို စိတ်ဓာတ်ကို ရိုက်ချိုးလိုက်တာလို့ မြင်တယ်။ ကျွန်တော်တို့ တတ်နိုင်သလောက် လုပ်ပေးနေပေမယ့် အခုလိုမျိုး ဖြစ်လာတော့ ကျွန်တော်တို့အနေနဲ့လည်း ဆက်ပြီးတော့ လုပ်နိုင်တဲ့ အနေအထားလည်း မရှိဘူး။ ဒါကြောင့် ဒီနယ်မြေကို ကာကွယ်ဖို့ လာသူတွေကို နိုင်ငံတော်အဆင့် အနေနဲ့လည်း ထိန်းထိန်းသိမ်းသိမ်းနဲ့ အဆင်ပြေအောင် လုပ်ပေးနိုင်ရင်တော့ အနောက်ဒေသဟာ ဖွံ့ဖြိုးလာမယ့် နယ်မြေတစ်ခု ဖြစ်လာမယ်လို့ ပြောချင်ပါတယ်”ဟုပြောကြားသည်။

အဆိုပါ ကျေးရွာသားများအနေဖြင့် လူကယ်ပြန်နှင့် ပြည်ထဲရေးဌာနသို့ တိုင်ကြားခဲ့ကြောင်းနှင့် လွှတ်တော် ကိုယ်စားလှယ်များအား တင်ပြခြင်း ရှိသည့်တိုင် အဖြေပြန်မရရှိခဲ့ကြောင်း၊ သို့သော်လည်း ဘင်္ဂါလီများ အနေဖြင့် တခြားကျေးရွာများတွင် ခိုးဝင်ပြီး နေအိမ်များ ဆောက်လုပ်နေခြင်းများ ရှိသည့်တိုင်အောင် အစိုးရအနေဖြင့် အရေးယူခြင်း မရှိသည်ကို တွေ့ရှိရသဖြင့် တိုင်းရင်းသား ပြည်သူများအပေါ် နိုင့်ထက်စီးနင်း ပြုကျင့်သည့်သဘော ဆောင်နေကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းရွှေက သုံးသပ်သည်။

“ကျွန်တော်ကိုယ်တိုင် ပြည်ထောင်စု လူကယ်ပြန်ဝန်ကြီးကို တင်ပြခဲ့တယ်။ အဲဒီအချိန်မှာပြောတာက ရွာကိုဖျက်ဖို့ အစီအစဉ်မရှိဘူးလို့သာ ပြောတယ်။ ပြည်ထဲရေးကတော့ အကြောင်းမပြန်ခဲ့ဘူး။ အခုလုပ်တာက ပြည်နယ်အစိုးရရဲ့ ညွှန်ကြားချက်အရလို့ သိရတယ်။ တကယ်တော့ သင်္ဘောကွေ့ကျေးရွာဟာ အမည်ပေါက် မဟုတ်ပေမယ့် တိုင်းရင်းသားတွေ အနေနဲ့ ဥပဒေနဲ့အညီ နေထိုင်ပိုင်ခွင့် ရှိပါတယ်။ အဲဒီရွာဟာ အရင်က ရခိုင်ရွာ တစ်ရွာလည်း ဖြစ်ခဲ့တယ်။ အဲဒီမှာ ပြန်အခြေစိုက်တာ ဖြစ်တယ်။ အခုက နိုင်ငံတကာ ဖိအားကြောင့်လို့ ပြောတယ်။ အဲဒီမှာ ဘုန်းကြီးကျောင်း ဆောက်လုပ်ဖို့အတွက်လည်း သံဃနာယက ခွင့်ပြုပြီးသား ဖြစ်တယ်။ ဆရာ ဦးခင်မောင်ကလည်း အမျိုးသားလွှတ်တော်မှာ တိုင်းရင်းသားတွေကို အကာအကွယ်ပေးဖို့ အဆိုကိုလည်း အောင်မြင်ထားတာ ရှိတယ်။ ကျွန်တော်တင်တဲ့ အဆိုမှာလည်း ဒေသခံတွေကို အကာအကွယ်ပေးနေတယ် ဆိုတဲ့ စကားလုံးတွေကို ဝန်ကြီးက ပြောကြားခဲ့တာ ရှိတယ်။ ဒါကြောင့် အခုကိစ္စဟာ လူအခွင့်အရေးနဲ့ တိုင်းရင်းသားအခွင့်အရေးကို ချိုးဖောက်ရာ ရောက်တယ်လို့ ကျွန်တော် က သုံးသပ်တယ်။ မိုးတွင်းရာသီလည်း ဖြစ်တဲ့အတွက် အလွန်တစ်ရာ အင်အာသုံးပြီး လုပ်တယ်လို့လည်း မြင်တယ်”ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းရွှေက ပြောကြားသည်။

ထို့ပြင် မောင်တောမြို့နယ်မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမောင်အုန်းကလည်း အဆိုပါ တိုးချဲ့ရွာသားများအနေဖြင့် အစိုးရအဖွဲ့၏ ချမှတ်ပေးသော ပုံစံမျိုးကို လိုက်လျောညီထွေ ပူးပေါင်း ဆောင်ရွက်ခြင်းအားဖြင့် အဆင်ပြေနိုင်ကြောင်း၊ လူတချို့ကြောင့် ရွာသားများ ဒုက္ခရောက်သွားသည့် ပုံစံမျိုးကိုလည်း ပြောဆိုကြကြောင်း၊ တရားဥပဒေ စိုးမိုးရေးအတွက် ဖော်ဆောင်ရသည့်အတွက် တရားဥပဒေအတိုင်းသာ သွားသင့်ကြောင်းနှင့် ဥပဒေကို ဖောက်ဖျက်ပြီးသွား၍ မရနိုင်ကြောင်း ပြောဆိုသည်။

“ကျွန်တော် ကျောက်ပန္ဒူကို ရောက်တော့ သင်္ဘောကွေ့ရွာသားတွေက အေးအေးဆေးဆေး မြင်တွေ့ခဲ့ရတယ်။ မနေ့က ပြောတာနဲ့ ဒီနေ့ပြောဆိုကြတာ မတူတာကိုလည်း တွေ့ရတယ်။ ဒါကြောင့် အစိုးရအနေနဲ့ စိတ်လိုက်မာန်ပါ မလုပ်ဖို့နဲ့ တိုင်းရင်းသားတွေ အကူအညီပေးဖို့ ပြောချင်တယ်။ အခုအရေးကြီးတာက သူတို့ နေဖို့နေရာ အရေးကြီးနေပါတယ်။ ဘုန်းကြီးကျောင်းမှာ ဆိုတော့ တာရှည်နေဖို့ ခက်မယ်လို့ မြင်တယ်။ မကြာခင်မှာလည်း ဝါဆိုကာလ ရောက်တော့မှာ ဖြစ်တယ်” ဟု ဦးမောင်အုန်းက ပြောကြားသည်။

ထိုသို့ သင်္ဘောကွေ့ကျေးရွာရှိ ဖျက်ဆီးခံရသည့် နေအိမ်များမှ ပစ္စည်းများကို ဇူလိုင် ၁၁ ရက်က ပြန်လည်ယူခွင့် ရပြီဖြစ်ပြီး အိုးမဲ့အိမ်မဲ့ဖြစ်နေသော ကျေးရွာသားများအား မောင်တောမြို့နယ်အတွင်း သင့်လျော်မည့် နေရာတစ်ခုတွင် နေရာချထားပေးစေလိုကြောင်း ကျေးရွာသားများက ပြောကြားသည်။

“ပစ္စည်းတွေကို ဒီကနေ့ ယူခွင့်ပြုလို့ သွားယူကြပါတယ်။ ဒါပေမဲ့ ပစ္စည်းတွေ ပျောက်တာပျောက်၊ ရေစိုတာရေစို ဖြစ်နေပါပြီ။ နေအိမ်တွေကို ဖြိုပြီး ပစ္စည်းတွေကို ဒီအတိုင်း ပုံထားပါတယ်။ ကျွန်မတို့ ပစ္စည်းလာယူတော့ ဓာတ်ပုံရိုက်ပါတယ်။ အခု ကျွန်မတို့မှာ သေတ္တာနှစ်လုံးမှာ တစ်လုံးက သော့ခလောက် ဖျက်ဆီးခံထားရတာ တွေ့ရပါတယ်”ဟု သင်္ဘောကွေ့ကျေးရွာမှ ဒေါ်ချိုချိုအေးက ပြောကြားသည်။

ထို့ပြင် သင်္ဘောကွေ့ကျေးရွာသားများ ခိုလှုံနေသည့် ကျောက်ပန်းတူ ဘုန်းတော်ကြီးကျောင်းတွင်လည်း လူဦးရေ ရာနှင့်ချီရှိနေရာ ရေရှည်နေထိုင်ရန် အခက်အခဲဖြစ်နေပြီး ၎င်းတို့အား မောင်တောမြို့နယ်အတွင်း ရေမဝပ်သည့် ကုန်းမြင့်နေရာ တစ်ခုတွင် ပြန်လည် နေရာချထားပေးစေလိုကြောင်း ကျေး ရွာသားများက ပြောကြားသည်။

သင်္ဘောကွေ့ကျေးရွာသား ဦးမောင်ဝင်းချေက “အခု ကျွန်တော်တို့ ကျောက်ပန်းတူ ဘုန်းကြီးကျောင်းမှာ နေကြပါတယ်။ ဒါပေမဲ့ ဝါတွင်းကာလ ရောက်လာပြီဆိုတော့ ကျောင်းမှာလည်း ရေရှည်နေဖို့ဆိုတာ မဖြစ်နိုင်ပါ။ မိုးရာသီမှာ ကလေးတွေနဲ့ နေရတာ လုံးဝအဆင်မပြေပါ။ ဒါကြောင့် ကျွန်တော်တို့ ရွာသားတွေအတွက် ကုန်းမြင့်နေရာလေး တစ်ခုမှာ နေရာချထားပေးစေလိုပါတယ်”ဟု ပြောကြားသည်။

ဇူလိုင် ၁၁ ရက်တွင် ရခိုင်အမျိုးသားပါတီမှ ခေါင်းဆောင်များ၊ လွှတ်တော်ကိုယ်စားလှယ်များက ကျောက်ပန်းတူ ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ခိုလှုံနေကြသည့် သင်္ဘောကွေ့ ကျေးရွာသားများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။