ဖားကန့်ဒေသတွင် ရေကြီးရေလျှံမှု ဖြစ်ပွားကာ မြို့ပေါ်ရပ်ကွက်များရှိ အိမ်ခြေရာနှင့်ချီ ရေနစ်မြုပ်

ဖားကန့်ဒေသတွင် ရေကြီးရေလျှံမှု ဖြစ်ပွားကာ မြို့ပေါ်ရပ်ကွက်များရှိ အိမ်ခြေရာနှင့်ချီ ရေနစ်မြုပ်
Published 3 July 2018

ဖားကန့်မြို့ပေါ် ရပ်ကွက်များတွင် ရေကြီးရေလျှံမှု ဖြစ်ပွားနေသည်ကို ဇူလိုင် ၂ ရက်က တွေ့ရစဉ်

ဖားကန့်ဒေသတွင် ဇူလိုင် ၂ ရက်က ရေကြီးရေလျှံမှု ဖြစ်ပွားကာ လုံးခင်းကျေးရွာနှင့် ဖားကန့်မြို့ပေါ် လေးရပ်ကွက်တွင် အိမ်ခြေရာချီ နစ်မြုပ်ခဲ့ကြောင်း သတင်းရရှိသည်။ လုံးခင်းကျေးရွာမှ ရပ်ကွက် လေးရပ်ကွက်နှင့် ဖားကန့်မြို့ပေါ်မှ ရပ်ကွက် လေးရပ်ကွက် ရေလွှမ်းခဲ့ကြောင်း သိရသည်။

ယခုတစ်ကြိမ် ရေကြီးရေလျှံမှုသည် ၂၀၁၈ ခုနှစ်တွင် အမြင့်ဆုံးစံချိန်ဖြစ်ပြီး လုံးခင်း ဥရုမြစ်တံတားနှင့် ဖားကန့်မြို့မှ တံတားတို့မှာ ရေကျော်မှုကြောင့် တံတားမကျိုးအောင် အဖွဲ့အစည်းအသီးသီးက အမှိုက်ဆယ်ယူမှုများ ပြုလုပ်ခဲ့ရကြောင်း ဒေသခံများက ပြောကြားသည်။

လုံးခင်းကျေးရွာ ရပ်မိရပ်ဖ ဦးလောခန် က “ရေက လုံးခင်းတံတား ကျော်သွားတယ်။ ရွာထဲ လမ်းမကြီးမှာ တစ်ရပ်ကျော်သွားတာပေါ့။ အထိအခိုက်တော့ မရှိဘူးပေါ့။ တံတား မကျိုးအောင် ဌာနဆိုင်ရာတွေ၊ လူမှုအသင်းတွေက ဆယ်ယူနေရတယ်။ လုံးခင်းရပ်ကွက် ၃၊ ၄၊ ၁၊ ၅ တွေကို ရေလွှမ်းသွားတယ်။ အဆိုးဆုံးက ရပ်ကွက် ၃ နဲ့ ၄ ပဲ။ အိမ်ခြေက ရပ်ကွက်တစ်ခုမှာ ရာကြီး၊ ထောင်ပိုင်း ရှိတယ်။ ရေက နှစ်တိုင်းကြီးတော့ လူတွေက သတိရှိတယ်။ တံတားကျော်တာ တစ်နှစ်တစ်ခါပဲ ရှိတယ်။ အခုနှစ် ဒါအများဆုံးပဲ။ ရေစကြီးတာ ၁၉၉၇ ခုနှစ် ဖားကန့်မှာ ကုမ္ပဏီတွေ မြေစာစပစ်တဲ့နှစ်က ကြီးတာပဲ။ ချောင်းက ကောလာတာကိုး။ ချောင်းက ခါးတစ်ပြန်ရောက်ပြီး ကြမ်းပြင်က မြင့်လာတာ” ဟု ပြောကြားသည်။

ဖားကန့်ဒေသတွင် ရေကြီးရေလျှံမှုမှာ ဥရုချောင်းမြစ်ကြမ်းပြင် ဆယ်ယူရာတွင် နည်းမကျမှု၊ စွန့်ပစ်မြေစာများ ဥရုချောင်းအတွင်း တိုက်ရိုက်သော် လည်းကောင်း၊ သွယ်ဝိုက်၍သော် လည်းကောင်း ကျရောက်နေခြင်း၊ ရေလာမြောင်းပိတ်သည့် အနေအထားကြောင့် ယခုကဲ့သို့ ရေလျှံခြင်းကို ကြုံတွေ့ရခြင်းဖြစ်ပြီး ဖားကန့်ဒေသတွင် တတိယအကြိမ် ရေကြီးရေလျှံခြင်းဖြစ်ကြောင်း ဖားကန့်မဲဆန္ဒနယ်အမှတ် (၂) မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဒါရှီလဆိုင်းက ပြောကြားသည်။

ယင်းက “ဒီနေ့ ရေလွှမ်းတာက လုံးခင်းနှင့် ဖားကန့်မြို့ပေါ် လေးရပ်ကွက်ပေါ့။ အခုရေကြီးတာကို မြစ်ကြောင်းတစ်လျှောက်လည်း ခံရမှာပဲ။ တတိယအကြိမ် ရေလွှမ်းတာပါ။ များလည်း များပါတယ်။ အခုအနေအထားက ကုမ္ပဏီတွေက စွန့်ပစ်တဲ့ မြေစာတွေက ဥရုမြစ်ထဲကို တိုက်ရိုက်၊ သွယ်ဝိုက် ကျရောက်နေတော့ မြစ်ကြမ်းပြင်က ပိုပိုမြင့်လာတဲ့ အခြေအနေတွေကြောင့် ပါတယ်။ ရေလာမြောင်းပေး ဖြစ်ရမယ့်နေရာမှ ရေလာမြောင်ပိတ် ဖြစ်တဲ့ အခြေအနေကြောင့် ရေလျှံတာဖြစ်ပါတယ်။ ဥရုချောင်း ဆယ်ယူရေးကလည်း လက်တွေ့အမြင်အရဆိုရင် ဆယ်လို့ မရသေးဘူးလို့ပဲ ပြောရမှာပေါ့။ ချောင်းဆယ်ယူရေးတွေကို လွှတ်တော်မှာ အမြဲပြောရတယ်။ လုပ်ပေမဲ့ စနစ်တကျ သုတေသနမရှိ လုပ်နေကြတဲ့သဘောလည်း ရှိနေတယ်။ လက်ရှိမှာတော့ အနည်းငယ် သက်သာရုံပဲ ရှိမှာပါ။ ဥရုချောင်းကြမ်းပြင်က နှစ်တိုင်းမြင့်နေတာလေ။ အဓိကတော့ စွန့်ပစ်မြေစာတွေ ချောင်းထဲမရောက်ဖို့ပဲ” ဟု ပြောကြားသည်။

လွှတ်တော်ကိုယ်စားလှယ် ဦးလဆိုင်းအား သီးခြားမေးမြန်းရာတွင် ဖားကန့်မြို့နယ်တွင် ဥရုမြစ်ဘေးရှိ ကျေးရွာ ၂၀ ခန့်နှင့် မြို့များအားလုံး ဥရုမြစ်ကြမ်းပြင် မြင့်တက်လာမှုကြောင့် နှစ်စဉ် ရေလွှမ်းမိုးမှုဒဏ်ကို ခံနေရကြောင်း၊ မြစ်ကြောင်း ရှင်းလင်းရေး ကော်မတီ ဖွဲ့ထားသော်လည်း လုပ်ပိုင်ခွင့်နှင့် တာဝန်ကို ပေးအပ်ထားခြင်း မရှိသဖြင့် နှစ်စဉ် နုန်းဆယ်ယူမှုနှင့် ချောင်းအတွင်း မြေစာပြန်ကျမှုမှာ ထပ်တူနီးပါး ဖြစ်သဖြင့် တိုးတက်မှု မရှိကြောင်း၊ စွန့်ပစ်မြေစာပုံများကို စနစ်တကျ ကိုင်တွယ် ဖြေရှင်းမှသာ နောင်နှစ်ပေါင်းများစွာတွင် တဖြည်းဖြည်း အဆင်ပြေနိုင်ကြောင်း ပြောကြားသည်။

ရေကြီးရေလျှံမှုဖြစ်နေစဉ် ကျောင်းမှပြန်လာနေသည့် ကလေးငယ်များကို ဇူလိုင် ၂ ရက်က တွေ့ရစဉ်

ယင်းဖြစ်စဉ်များနှင့် ပတ်သက်ပြီး ကချင်ပြည်နယ် အစိုးရအဖွဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးလအောင်က ဖားကန့်ဒေသတွင် ဥရုမြစ်ကြမ်းပြင် မြင့်တက်လာပြီး နှစ်စဉ်ရေကြီးရေလျှံမှု ဖြစ်ပေါ်နေမှုကြောင့် ဥရုမြစ်ထိန်းရေး လုပ်ငန်းကို ပြည်ထောင်စုအစိုးရအဖွဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန လမ်းညွှန်းချက်အရ လုံးခင်းအခြေစိုက် ကျောက်မျက်တူးဖော်ရေးမှ ရပ်မိရပ်ဖ ကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်း၊ ကျောက်မျက်ကုမ္ပဏီများကိုလည်း မြေစာစွန့်ပစ်ရေး စနစ်တကျ ဆောင်ရွက်နေသော်လည်း စွန့်ပစ်မြေစာပုံများ ဥရုမြစ်အတွင်း ပြိုကျခြင်းများကို တွေ့နေရကြောင်း၊ ကုမ္ပဏီများ ကျောက်မျက်တူးဖော်ရေး လုပ်ဆောင်ရာတွင် EMP (ပတ်ဝန်းကျင်ထိန်းသိမ်းရေးအစီအစဉ်) များကို စနစ်တကျ ရေးဆွဲစေကြောင်း၊ ဥရုမြစ် ရှင်းလင်းရေး လုပ်ငန်းများ၊ မြေစာပုံ စောင့်ကြည့်ရေး လုပ်ငန်းများလည်း ပါဝင်ကြောင်း၊ ထို့ကြောင့် ချောင်းရှင်းလင်းရေး ကော်မတီနှင့် မြေစာပုံ စောင့်ကြည့်ရေး ကော်မတီအား စည်ပင်သာယာကော်မတီများကဲ့သို့ စနစ်တကျ ရွေးချယ် ဖွဲ့စည်းပေးရန် အစီအစဉ်မရှိကြောင်း ဖြေကြားခဲ့သည်။

ဖားကန့်ဒေသတွင် ကျောက်စိမ်းတူးဖော်သည့် ကုမ္ပဏီများက စွန့်ပစ်မြေစာများ စည်းကမ်းမဲ့ စွန်ပစ်ခြင်းကြောင့် ဥရုမြစ်တွင် နှစ်စဉ် နှစ်ပေနီးပါး တိမ်ကောလာမှုကို ဖားကန့်မြို့ အပါအဝင် ကျေးရွာများ ရေရှည် တည်တံ့ရန် ဒေသခံများက နိုင်ငံတော်ဒုသမ္မတ အပါအဝင် သက်ဆိုင်ရာသို့ ၂၀၁၄ ခုနှစ်က တိုင်ကြားခဲ့သည်။

ဖားကန့်ဒေသတွင် ကျောက်စိမ်းတူးဖော်ခြင်းလုပ်ငန်းကို ရှေးမြန်မာမင်းများ လက်ထက်မှစတင်၍ လုပ်ကိုင်ခဲ့ကြပြီး ကေအိုင်အို နှင့် ငြိမ်းချမ်းရေးမယူမီ ၁၉၉၄ ခုနှစ်အထိ လက်မှုလုပ်ငန်းအဖြစ်သာ ရှိခဲ့သည်။

၁၉၉၄ ခုနှစ် နောက်ပိုင်းတွင် စက်ကိရိယာများဖြင့် လုပ်ကိုင်လာကြရာ ၂၀၀၅ ခုနှစ် နောက်ပိုင်းတွင် စက်ယန္တရားအင်အား အလုံးအရင်းဖြင့် ကုမ္ပဏီ ၅၀၀ ကျော်က တူးဖော် လုပ်ကိုင်ခဲ့ရာ ၂၀၁၂ ခုနှစ် မေလကုန်ခါနီးအထိ ဖြစ်ကြောင်း သိရသည်။

ထိုကဲ့သို့ အလွန်အကျွံ ကျောက်စိမ်းတူးဖော်မှုကြောင့် ဖားကန့်ဒေသအတွင်းရှိ သဘာဝတောင်အလုံး ၅၀ ခန့်နှင့် ချောင်းများ၊ ချောက်များ ပျောက်ကွယ်သွားပြီး သဘာ၀ ဘေးအန္တရာယ်များဖြစ်သည့် ရေးကြီးခြင်း၊ အပူချိန်မြင့်မားလာခြင်းများကို ကြုံတွေ့နေရပြီ ဖြစ်သည်။ ဖားကန့်ကျေးရွာသည် ၁၉၉၄ ခုနှစ်တွင် အစိုးရတပ်မတော်နှင့် ကေအိုင်အေတို့ ငြိမ်းချမ်းရေးရပြီးနောက်ပိုင်း ၁၉၉၅ ခုနှစ်မှ စတင်၍ မြို့ဖြစ်လာသည်။

၂၀၁၈ ခုနှစ် မေလစာရင်းအရ ဖားကန့်-လုံးခင်းရတနာမြေတွင် ပုဂ္ဂလိကလုပ်ကွက် ၁၈၇၉ ကွက်၊ အကျိုးတူ ၇၉ ကွက်၊ မိုးညှင်း မော်လူး-မော်ဟန် ရတနာမြေတွင် ပုဂ္ဂလိက လုပ်ကွက် ၂၇၄၀ ကွက်၊ နန့်ယားဆိပ် ရတနာမြေတွင် ပုဂ္ဂလိကလုပ်ကွက် ၂၇ ကွက် ရှိနေကြောင်း အစိုးရစာရင်းအရ သိရသည်။

ကချင်ပြည်နယ် ဖားကန့်ဒေသတွင် ဦးသိန်းစိန်အစိုးရ လက်ထက်တွင် သတ္တုတွင်းဝန်ကြီးဌာန၏ စာရင်းများအရ ဖားကန့်ဒေသတွင် ပုဂ္ဂလိကကုမ္ပဏီ ၈၀၈ ခု၊ တစ်ဧက လုပ်ကွက်ပေါင်း ၁၅၆၃၈ ကွက်၊ အကျိုးတူကုမ္ပဏီ ၂၂၂ ခု၊ လုပ်ကွက်ပေါင်း ၃၀၂ ကွက် ရှိခဲ့ရာတွင် NLD အစိုးရလက်ထက်တွင် သက်တမ်းကုန်များကို သက်တမ်းထပ်တိုးခွင့် မပြုဘဲထားရှိခဲ့သည်။

Most Read

Most Recent