အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့တွင် စုစုပေါင်းဒေါ်လာ ၂၈၈ သန်းကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီး

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့တွင် စုစုပေါင်းဒေါ်လာ ၂၈၈ သန်းကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီး
Published 27 June 2018

ဒေါ်လာ ၆၆ ဒသမ ၃၅ သန်းကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ရန်ကုန်မြို့ လှိုင်သာယာမြို့နယ် ကုန်တင်ယာဉ် ရပ်နားကွင်းအတွင်း ဇွန် ၂၆ ရက်က မီးရှို့ဖျက်ဆီးစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားများကို နေပြည်တော်၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့ အပါအဝင် မြို့ကြီးအများအပြားတွင် ပြုလုပ်ခဲ့ပြီး စုစုပေါင်းဒေါ်လာ ၂၈၈ သန်းကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

နေပြည်တော်

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေး အခမ်းအနားအား ဇွန် ၂၆ ရက်တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာတွင် ပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့်ပြည် နယ်ဝန်ကြီးချုပ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေး အခမ်းအနားတွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က မိန့်ခွန်းပြောကြားခြင်း၊ မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် စာစီစာကုံးပြိုင်ပွဲ ဆုရသူများအား ဒုတိယသမ္မတ ဦးမြင့်ဆွေက ဆုချီးမြှင့်ခြင်းများ ပြုလုပ်ခဲ့သည်။

ရန်ကုန်မြို့

(၃၁) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့တွင် ရန်ကုန်မြို့ လှိုင်သာယာမြို့နယ် အမှတ် (၉) လုံခြုံရေး ရဲတပ်ဖွဲ့ခွဲအနီး ကုန်တင်ယာဉ် ရပ်နားကွင်း၌ ဇွန် ၂၆ ရက် နံနက် ၈ နာရီက အမေရိကန်ဒေါ်လာ ၆၆ ဒသမ ၃၅  သန်းကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးခဲ့သည်။

မီးရှို့ဖျက်ဆီးခဲ့သည့် မူးယစ်ဆေးဝါး အမျိုးအစား ၂၅ မျိုးဖြစ်ပြီး ကာလတန်ဖိုး အမေရိကန်ဒေါ်လာ  ၆၆ ဒသမ ၃၅ သန်းကျော် (ကျပ် ၈၉ ဘီလျံကျော်) ဖြစ်ကြောင်း သိရသည်။

အဆိုပါ မီးရှို့ဖျက်ဆီးခဲ့သည့် မူးယစ်ဆေးဝါးများမှာ ဘိန်း ၀ ဒသမ ၂၁၈ ကီလို၊ ဘိန်းဖြူ ၃ ဒသမ ၉၅ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၂၇၆၉၈၆၄၅ ပြား၊ စိတ်ကြွအကြေမှုန့် ၁ ဒသမ ၆၇၅ ကီလို၊ စိတ်ကြွဆေးရည် ၀ ဒသမ ၀၃၅ လီတာ၊ အိုက်စ် ၃၀၅ ဒသမ၆၄ ကီလို၊  ဆေး ခြောက်  ၆၀ ဒသ မ ၀၂၂ ကီလို၊ ဘိန်းဆီခဲ ၀ ဒသမ  ၀၁၂ ကီလို၊ ဘိန်းစာရွက် ၁၄ ဒသမ ၃၈ ကီလို၊ ဘိန်းစာမှုန့် ၁၂၉၆ ဒသမ ၉၁ ကီလို၊ ဘိန်း စာပင် လေးပင်၊ ဘိန်းစာရည် ၁ ဒသမ  ၅၀၈ လီတာ၊ ဘိန်းဖြူရည် ၀ ဒသမ ၀၀၈၅ လီတာ၊ ချောင်းဆိုးပျောက်ဆေးရည် ၀ ဒသမ ၀၁၅ လီ တာ၊ အက်တက်စီဆေးပြား  ၃၇ ဒသမ ၅ ပြား၊ အက်တက်စီအကြေ ၀ ဒသ မ ၀၀၀၂၅ ကီလို၊ ဗျူပရီနော်ဖင်းဆေးပြား ၁၆ ပြား၊ ဗျူဗရီနော် ဖင်းထိုးဆေး ပုလင်း ၇၃၀၊ ဒိုင်ယာဇီပင် ထိုး ဆေး ၆၉ ပုလင်း၊ အက်ပရာဇို လမ်းဆေးပြား ၂၀၀၀၁၆ ပြား၊ ထရာမဒေါလ်ဆေးထောင့် ၉၁ ထောင့်၊ ထရာမဒေါလ်ထိုးဆေး ၃၉၉၉ ပုလင်း၊ BPC/CR/FOB ဆေးပြား ၆၀ ပြား၊ ဘုံရည် ၀ ဒသမ ၀၁၅ လီတာနှင့် ဆေးရှူရည် ၀ ဒသမ ၀၀၄ လီတာတို့ဖြစ်ကြောင်း သိရသည်။

“ဒီနေ့ကျင်းပတဲ့ အခမ်းအနားဟာ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီးခြင်းနဲ့အတူ  မြန်မာနိုင်ငံအနေနဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်ငန်းများကိုလည်း အမျိုးသားရေး တာဝန်တစ်ရပ် အနေနဲ့ ခံယူပြီး လူထုလှုပ်ရှားမှု အသွင်ဖြင့် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်နေကြတာကို လက်တွေ့ပြသတဲ့ အခမ်းအနားပဲ ဖြစ်ပါတယ်။ မူးယစ်ဆေးဝါး ပြဿနာဟာ လူမှုစီးပွားရေး ပြဿနာသာ မကဘဲ နောက်ဆက်တွဲ ဆိုးကျိုးဖြစ်တဲ့ ကျန်းမာရေး ပြဿနာလည်း ဖြစ်တာကြောင့် မိမိတို့နိုင်ငံအနေနဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းများကို ခေတ်အဆက်ဆက် အစိုးရများက အမျိုးသားရေးတာဝန် တစ်ရပ်အဖြစ် ကြိုးပမ်းဆောင်ရွက်ခဲ့ကြတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ကမ္ဘာ့နိုင်ငံ အသီးသီးမှာ ရင်ဆိုင်ကြုံတွေ့နေရတဲ့ ဘေးအန္တရာယ်ဆိုး ဖြစ်တာကြောင့် နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်မှုအနေနဲ့ ကမ္ဘာ့ကုလသမဂ္ဂ မူးယစ်ဆေးဝါးဆိုင်ရာ ကွန်ဗင်းရှင်း သုံးခုဖြစ်တဲ့ ၁၉၆၁ ခုနှစ်၊ ၁၉၇၁ ခုနှစ်၊ ၁၉၈၈ ခုနှစ် ကွန်ဗင်းရှင်းအသီးသီးမှာ ပါဝင်လက်မှတ်ရေးထိုးခဲ့ပြီး ကွန်ဗင်းရှင်းပါ ပြဋ္ဌာန်းချက်များနှင့်အညီ လိုအပ်တဲ့ ဥပဒေ နည်းဥပဒေများ ပြဋ္ဌာန်းကာ အခြားအဖွဲ့ဝင် နိုင်ငံများနှင့်အတူ ပူးပေါင်းဆောင်ရွက်လျက် ရှိပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်ဝင်းနိုင်က အဆိုပါ အခမ်းအနားတွင် ပြောကြားသည်။

တောင်ကြီးမြို့

ရှမ်းပြည်နယ်နှင့် ကယားပြည်တို့မှ ဖမ်းဆီးရမိသော ဒေါ်လာ ၁၀၉ သန်းကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို တောင်ကြီးမြို့ ကုန်းသာယာ မီးပုံးပျံကွင်းတွင် မီးရှို့ဖျက်ဆီးစဉ် (ဓာတ်ပုံ-စည်သာ (တောင်ကြီး))

မီးရှို့ဖျက်ဆီးမှုတန်ဖိုး လျော့နည်းသော်လည်း ဖမ်းဆီးရမိမှုပမာဏမှာ ယခင်နှစ်က ထက်ပိုများကြောင်း တောင်ကြီးမြို့ အမှတ် (၂) မူးယစ်တပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီး စောလေးဝါးက ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများ၊ ဓာတုပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများ မီးရှို့ဖျက်ဆီးခြင်း အခမ်းအနားတွင် ပြောကြားသည်။

၂၀၁၈ ခုနှစ် ရှမ်းနှင့်ကယားတွင် ဖမ်းဆီးရမိခဲ့သော မူးယစ်ဆေးဝါးနှင့် ဓာတုပစ္စည်းများ အမေရိကန်ဒေါ်လာ ၁၀၉ သန်းကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးခြင်းသည် ယခင် ၂၀၁၇ ခုနှစ်ထက် အနည်းငယ် လျော့နည်းခဲ့ကြောင်း သိရသည်။

ထိုသို့ မီးရှို့ဖျက်ဆီးခြင်းသည် တရားရုံး ပြီးပြတ်သော အမှုတွဲများကိုသာ မီးရှို့ဖျက်ဆီးခြင်း ဖြစ်သဖြင့် ယခင်နှစ်ကထက် တန်ဖိုးအားဖြင့် ကွာခြားခြင်း ဖြစ်ကြောင်း၊ တရားရုံးတွင် မပြီးပြတ်သေးသော အမှုတွဲများလည်း ကျန်နေကြောင်း၊ ယခုနှစ် ၂၀၁၈ ခုနှစ်တွင် စံချိန်တင် အမြင့်ဆုံး မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခြင်းဖြစ်စဉ် အများအပြားရှိကြောင်း သိရသည်။

“ဒီထဲမှာ မပါဘဲနဲ့ ရှမ်းမြောက် မူဆယ်မှာလည်း ၂၄ ရက်က ဓာတုပစ္စည်းတွေ မီးရှို့ဖျက်ဆီးတာတွေ လုပ်ခဲ့တယ်။ HCL ဟိုက်ဒရိုကလိုရစ် အက်ဆစ်နဲ့ ဆာလ်ဖြူရစ်အက်စစ်တွေ ဂါလန် ၈၀၀၀၀ ကျော်နဲ့ ဂါလန် ၆၀၀၀၀ ကျော်ပေါ့။ တန်ဖိုးအားဖြင့် ကျပ်ငွေသိန်း ၆၀၀၀ ကျော်ပေါ့။ ကော်မတီအဖွဲ့ဖွဲ့ပြီးတော့ ကျင်းထဲကို ထည့်ပြီးတော့ သွန်ပစ်တာတွေ လုပ်ခဲ့တယ်။ ဖမ်းမိတာများတဲ့ အနေအထားရှိတယ်။ တန်ဖိုးအရနည်းပေမယ့် မီးရှို့တာကတော့ တရားရုံးပြီးပြတ် ချက်တွေကို မီးရှို့တာ ဖြစ်ပါတယ်” ဟု တောင်ကြီးမြို့ အမှတ် (၂) မူးယစ်တပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီး စောလေးဝါးက ပြောကြားသည်။

ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများ၊ ဓာတုပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများ မီးရှို့ဖျက်ဆီးခြင်း အခမ်းအနားကို ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ ကံကြီးရပ်ကွက် အဝေရာ ကုန်းသာယာ မီးပုံးပျံကွင်းတွင် ဇွန် ၂၆ ရက် ၁၀ နာရီခွဲက မီးရှို့ခြင်း အခမ်းအနား ကျင်းပခြင်းဖြစ်ပြီး တောင်ကြီးမြို့ မြို့တော်ခန်းမတွင် နံနက် ၈ နာရီတွင် ဆုပေးပွဲများ၊ ဟောပြောပွဲနှင့် ဖွင့်ပွဲအခမ်းအနား ပြုလုပ်ကာ ရှမ်းပြည်နယ် အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မော်လမြိုင်မြို့

မွန်ပြည်နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ် တိုက်ဖျက်ရေးနေ့ အခမ်းအနားကို ဇွန် ၂၆ ရက်က ပြည်နယ်ခန်းမ မော်လမြိုင်မြို့တွင် ကျင်းပရာ မွန်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဒေါ်တင်အိက အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

ယင်းနောက် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ သဝဏ်လွှာကို မွန်ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာနဝန်ကြီး ဗိုလ်မှူးကြီး ဝင်းနိုင်ဦးက ဖတ်ကြားပြီး အထိမ်းအမှတ်ပြိုင်ပွဲ ဆုရသူများကို ဆုချီးမြှင့်ပြီး အမှတ်တရဓာတ်ပုံ ရိုက်ကူး၍ မူးယစ်ဆေးဝါး ဆန့်ကျင်မှုပြခန်း၊ လူကုန်ကူးမှုပြခန်း၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းပြခန်း၊ လူမှုဝန်ထမ်းပြခန်း၊ အရပ်ဘက် အဖွဲ့အစည်းများ၏ပြခန်း၊ ပြခန်းသုတ အမေးအဖြေပြခန်းများကို တက်ရောက်လာသော ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်အဆင့် တာဝန်ရှိသူများ၊ ကျောင်းသားများ၊ မိဘများက လှည့်လည် ကြည့်ရှုခဲ့ကြောင်း သိရသည်။

မန္တလေးမြို့

အမေရိကန်ဒေါ်လာ ၁၁၃ ဒသမ ၂၇ သန်းကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို မန္တလေးမြို့ ရွှေမန်းတောင် အားကစားကွင်းတွင် မီးရှို့ဖျက်ဆီးနေစဉ် (ဓာတ်ပုံ-သက်ထွန်းအောင် )

(၃၁) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားနှင့် ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးခြင်း အခမ်းအနားကို မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ရွှေမန်းတောင် အားကစားကွင်းတွင် ဇွန် ၂၆ ရက်နံနက် ၈ နာရီက ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ မြို့တော်ဝန် ဒေါက်တာရဲလွင်က အဖွင့်အမှာစကား ပြောကြားခြင်း၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ဥက္ကဋ္ဌ၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေထံမှ ပေးပို့သည့် သဝဏ်လွှာအား မန္တလေးတိုင်းဒေသကြီး မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် တားဆီးကာကွယ်ရေး အဖွဲ့ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ကျော်ကျော်မင်းက ဖတ်ကြားခြင်း၊ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပန်းချီပြိုင်ပွဲ ဆုရရှိသူ ကျောင်းသား ကျောင်းသူများကို ဆုချီးမြှင့်ခြင်းနှင့် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးများနှင့် ဧည့်သည်တော်များက မီးရှို့ဖျက်ဆီးမည့် မူးယစ်ဆေးဝါးများကို ဖျက်ဆီးရန်အတွက် စက်ခလုတ်နှိပ်ကာ မီးရှို့ဖျက်ဆီး ခဲ့ကြသည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် တစ်ဝန်းလုံးတွင် မူးယစ်ဆေးဝါး ဆန့်ကျင်တိုက်ဖျက်ရေး အခမ်းအနားနှင့် လှုပ်ရှားမှုများကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေပြီး ရလဒ်အဖြစ် နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်၊ ချင်းပြည်နယ်တို့မှ ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများကို မန္တလေးမြို့တွင် အဋ္ဌမအကြိမ်မြောက် မီးရှို့ဖျက်ဆီးခြင်း ဖြစ်ကြောင်း သိရပြီး မူးယစ်ဆေးဝါးများဖြစ်သည့် ဘိန်းဖြူ ၄၄ ကီလိုကျော်၊ ဘိန်းစိမ်း ၂၅၅ ကီလိုကျော်၊ ဘိန်းဆီခဲ ၄၄ ကီလိုကျော်၊ အဆင့်နိမ့်ဘိန်းသုံးကီလိုကျော်၊ ဘိန်းရည် ၃၅ လီတာကျော်၊ ဆေးခြောက် ၃၂ ကီလိုကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား ၄၅ သိန်းကျော်၊ ဒိုင်ယာဇီပင် ခုနစ်ပုလင်း၊ ဆေးပြား  ၁၆၇၈ ပြား၊ အယ်ပါရာဇိုလမ် ၄၀၀၀၀ ကျော်၊ Tramado (ထရာမဒေါလ်) ဆေးပြား ၁၆၉ တောင့်၊ ထိုးဆေး ၃၇ ပုလင်း၊ ကဖင်း ၃၈ ကီလိုကျော်၊ အက်ဖီဒရင်းအမှုန့် ရှစ်ကီလိုကျော် အပါအဝင် စုစုပေါင်း မူးယစ်ဆေးဝါး ၂၄ မျိုး ကာလတန်ဖိုး ကျပ် ၁၅၂၉၁၅ ဒသမ ၄၁ သန်းခန့် (အမေရိကန်ဒေါ်လာ ၁၁၃ ဒသမ ၂၇ သန်းကျော်) မီးရှို့ဖျက်ဆီးခဲ့ခြင်း ဖြစ်ကြောင်း၊ ယခင်နှစ် အကြိမ် ၃၀ မြောက်တွင် မူးယစ်ဆေးဝါး အမျိုးအစား ၃၁ မျိုး မီးရှို့ဖျက်ဆီးခဲ့ပြီး စုစုပေါင်း တန်ဖိုး ကျပ် ၃၁၉၆၀၅၁၀၄၃ (ဒေါ်လာ၂၃၅၀၀၃၇ သန်း) ရှိခဲ့ကြောင်း သိရသည်။

မြိတ်မြို့

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားကို မြိတ်မြို့တွင် ပြုလုပ်ပြီး ဆုရကျောင်းသား ကျောင်းသူများနှင့် ဓာတ်ပုံရိုက်စဉ်

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားကို မြိတ်မြို့တွင် ကျင်းပခဲ့ပြီး လူငယ်များကြား မူးယစ်ဆေးဝါးသုံးစွဲမှု များပြားနေမှုအပေါ် ပြည်သူလူထုမှလည်း ပူးပေါင်းပါဝင်ကြရန် တာဝန်ရှိသူများက တိုက်တွန်းပြောကြားခဲ့သည်။

၃၁ နှစ်မြောက် အဆိုပါ အခမ်းအနားကို ဇွန် ၂၆ ရက်က မြိတ်မြို့ပုလဲရတနာခန်းမတွင် ကျင်းပခဲ့ပြီး ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရာတွင် ပါဝင်ကူညီ ဆောင်ရွက်နေသူများ၊ ကျောင်းသူ ကျောင်းသားများနှင့် ရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မူးယစ်ဆေးဝါး ဖမ်းဆီးရာတွင် မြိတ်ဒေသဘက်၌ ရေလမ်းခရီး ပေါများသည့်အတွက် အခက်အခဲတချို့ ရှိကြောင်း ပြည်သူလူထု ပူးပေါင်းဝင်မှု မရှိပါက အနာဂတ်တွင် များစွာရင်လေးစရာ ဖြစ်နေကြောင်း တာဝန်ရှိသူများက ပြောကြားသည်။

အခမ်းအနားတွင် မူးယစ်ဆေးဝါးနှင့် ပတ်သက်ပြီး ပညာပေးပန်းချီ၊ စာစီစာကုံး၊ ကဗျာနှင့် ကွန်ပျူတာပန်းချီဆု ရရှိသည့် ကျောင်းသူကျောင်းသားများကို ဆုချီးမြှင့်ခဲ့ပြီး မူးယစ်ဆေးဝါး တိုက်ဖျက်ရာတွင် ပါဝင်ကူညီ စွမ်းဆောင်နိုင်ခဲ့သော ရဲတပ်ဖွဲ့ဝင်များ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများနှင့် ပြည်သူတချို့ကို ဂုဏ်ပြုဆုများ ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ကလေးမြို့

ကလေးမြို့တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားကို ဇွန် ၂၆ ရက် နံနက်တွင် ကလေးမြို့ မြို့တော်ခန်းမတွင် ကျင်းပခဲ့ပြီး လူငယ်များအနေဖြင့် မူးယစ်ဆေးဝါးကို စမ်းသပ်သုံးစွဲခြင်းမပြုရန် ကလေးမြို့ မူးယစ်တပ်ဖွဲ့စု (၅) မှ ဒုရဲမှူး တင်စိုးက ပြောကြားသည်။

“မူးယစ်ဆေးဝါး လျော့ပါးသွားအောင်၊ လူတွေဟာ ကောင်းတဲ့အလုပ်ကို သွားကြအောင်ခေါ်ရင် ခက်သလို မကောင်းတဲ့ နေရာကိုခေါ်ရင် အေး ... သွားကြမယ် ဆိုတာမျိုးပေါ့။ မူးယစ်ဆေးဝါးကိုလည်း စမ်းကြမယ်ဆို ပြီးတော့ စမ်းရင်းနဲ့ စွဲသွားတာ ဖြစ်ပါတယ်။ မူးယစ်ဆေးဝါးက စမ်းကောင်းတဲ့အရာ မဟုတ်ဘူး။ လုံးဝမစမ်းသပ်ပါနဲ့။ စမ်းသပ်ရင်းနဲ့ စွဲသွားတာပါ။ စမ်းမိလို့ စွဲသွားရင်လည်း အင်မတန်ဖြတ်လို့ ခက်ပါတယ်။ ၁၀ ရက် ၁၅ ရက် ဆေးရုံတက်ပြီးတော့ ဖြတ်ရုံနဲ့ မူးယစ်ဆေးဝါး ဖြတ်တဲ့ရောဂါဟာ မပြတ်ပါဘူး။ ၁၀ ရက်၊ ၁၅ ရက်နဲ့ သာမန် ဆေးလိပ်၊ ကွမ်းယာတောင် မပြတ်ဘဲနဲ့ မူးယစ်ဆေးဝါးဆိုတာ အင်မတန် ဖြတ်လို့ခက်ခဲတဲ့ အရာဝတ္ထု ဖြစ်တဲ့အတွက် မူးယစ်ဆေးဝါးအစ စမ်းသပ်ခြင်းကလို့ ပြောချင်ပါတယ်” ဟု ကလေးမြို့ မူးယစ်တပ်ဖွဲ့စု (၅) ကလေးမြို့မှ ဒုရဲမှူးတင်စိုးက ဆိုသည်။

ကလေးခရိုင်အတွင်း မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ ၂၀၁၇ ခုနှစ် အတွင်း မူးယစ်မှု ၁၅၁ မှုရှိခဲ့ပြီး တရားခံအနေဖြင့် အမျိုးသား ၁၉၉ ဦးနှင့် အမျိုးသမီး ၂၇ ဦး ရှိခဲ့ကာ ၂၀၁၈ ခုနှစ် ဇန်နဝါရီမှ ဇွန် ၂၃ ရက်အထိ မူးယစ်ဆေးဝါး အမှုပေါင်း ၆၈ မှု၊ တရားခံ အမျိုးသား ၈၀  နှင့် တရားခံ အမျိုးသမီး ၁၁ ဦး ဖမ်းဆီးရရှိခဲ့သည်ဟု သိရသည်။

ဘားအံမြို့

(၃၁) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်    ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားကို ဇွန် ၂၆ ရက် နံနက် ၉ နာရီက ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ကရင်ပြည်နယ်လွှတ် တော်ဥက္ကဋ္ဌ ဦးစောချစ်ခင်က အဖွင့်အမှာ စကားပြောကြားပြီး ကရင်ပြည်နယ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ အတွင်းရေးမှူး ပြည်နယ်ရဲတပ်ဖွဲ့မှူးရဲမှူး ကြီးကြည်လင်းက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ဥက္ကဋ္ဌ၊ ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေထံမှ ပေးပို့သည့် သဝဏ်လွှာအား ဖတ်ကြားပြီး ဘားအံတက္ကသိုလ် ကျောင်းသားများ၏ Youth Power လူငယ့်စွမ်းအားအဖွဲ့မှ တစ်ခန်းရပ်ပြဇာတ်၊ အထက (၄) ဘားအံမှ စတုတ္ထတန်းကျောင်းသူ မသစ်သစ်သာက ပုံပြင်ဖြင့် တင်ဆက်ဖျော်ဖြေကြောင်း သိရသည်။

စစ်ကိုင်းမြို့

စစ်ကိုင်းခရိုင်တွင် လေးနှစ်အတွင်း ကျပ်သိန်းပေါင်း ၃၀၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

ဇွန် ၂၆ ရက်က စစ်ကိုင်းမြို့ မြို့တော်ခန်းမ၌ ကျင်းပသော (၃၁) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ (International Day Against Drug Abuse And ILLicit Trafficking) အထိမ်းအမှတ် အခမ်းအနားတွင် စစ်ကိုင်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးအောင်ဇော်ဦးက ထည့်သွင်းပြောကြား ခဲ့ခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်

ရခိုင်ပြည်နယ်အတွင်း ၂၀၁၇ ခုနှစ်က မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှု ၁၂၃ မှုရှိခဲ့ပြီး ၂၀၁၈ ခုနှစ် ဇန်နဝါရီမှ ဇွန်အထိ ခြောက်လတာအတွင်း ၇၄ မှု ဖမ်းဆီးနိုင်ခဲ့ကြောင်း ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အောင်မြတ်မိုး၏ ပြောကြားချက်အရ သိရသည်။

ရခိုင်ပြည်နယ်သည် မူးယစ်ဆေးဝါးသုံးစွဲမှုနှင့် ရောင်းဝယ်ဖောက်ကားမှုများ မြင့်မားနေသည့် ပြည်နယ်တစ်ခုဖြစ်ပြီး ပြီးခဲ့သည့် ၂၀၁၇ အတွင်းက မူးယစ်ဆေးဝါး ဖမ်းဆီးရမိ မှု ၁၂၃ မှုရှိပြီး ၂၀၁၈ ခုနှစ် ဇန်နဝါရီမှ ဇွန်အထိ ခြောက်လတာအတွင်း ၇၄ မှုဖမ်းဆီးနိုင်ခဲ့ကာ ယခင်နှစ်ကထက် ပိုမိုဖမ်းဆီး နိုင်ခဲ့ကြောင်း ဇွန် ၂၆ ရက်က စစ်တွေမြို့တွင် ကျင်းပသော အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ (၃၁) ကြိမ်မြောက် အခမ်းအနားတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

“အဲဒီဖမ်းဆီးမိတဲ့ မူးယစ်ဆေးဝါးတွေဟာ ရှမ်းပြည်မြောက်ပိုင်းကနေ ရန်ကုန်၊ ဧရာဝတီနဲ့ မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသတွေကို နည်းမျိုးစုံနဲ့ ဖြတ်သန်းဝင်ရောက် လာခဲ့တာဖြစ်ပြီး ရခိုင်ပြည်နယ်နဲ့ နယ်စပ်ချင်း ထိစပ်နေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို တင်ပို့နေတဲ့ ဆေးဝါးတွေ ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်အတွင်းမှာ ရခိုင်ပြည်နယ်က ဖမ်းဆီးနိုင်ခဲ့တဲ့ စိတ်ကြွရူးသွပ်ဆေးပြား ကာလတန်ဖိုး ကျပ်သန်း ၁၅၈၉ ဒသမ ၁၈၄ သန်းဖိုးခန့်ရှိတဲ့ ဆေးပြားပေါင်း ၁၄၅ သိန်းခန့်ကို ဖမ်းဆီးနိုင်ခဲ့တာ ဖြစ်ပါတယ်” ဟု ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အောင်မြတ်မိုးက ပြောကြားသည်။

မြစ်ကြီးနား

(၃၁) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်   ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားကို ဇွန် ၂၆ ရက် နံနက်က မြစ်ကြီးနားမြို့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်တွင် ၂၀၁၈ ခုနှစ် ဇန်နဝါရီမှ မေလကုန်အထိ အမှုပေါင်း ၆၇၃ မှု၊ ကျားမ တရားခံ ၉၅၁ ဦး၊ ကာလတန်ဖိုးကျပ် ၇၇၇၂ သိန်းကျော် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

၂၀၁၇ ခုနှစ်တွင် အမှုပေါင်း ၁၈၁၄ မှု၊ တရားခံပေါင်း ၂၄၀၇ ဦး၊ မူးယစ်ဆေးဝါး ဖမ်းဆီးခဲ့သည့် ကာလတန်ဖိုးပေါင်း ၈၅၂၁၆ သိန်းကျော်ရှိကြောင်း ကချင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသူရမျိုးတင်က အဆိုပါ အခမ်းအနားတွင် ပြောကြားခဲ့ကြောင်း သိရသည်။