အစိုးရ၏ ညွှန်ကြားချက်များကို မလိုက်နာသဖြင့် လုပ်ငန်းများ ရပ်ဆိုင်းခဲ့ရသည့် တောင်သမန်သစ္စာ စီမံကိန်းအား MIC က ခွင့်ပြုပေးခဲ့ပြီးနောက် မြေဧက ၄၀ ကျော်ပေါ်တွင် စီမံကိန်းလုပ်ငန်းများ ပြန်လည်အကောင်အထည်ဖော်

အစိုးရ၏ ညွှန်ကြားချက်များကို မလိုက်နာသဖြင့် လုပ်ငန်းများ ရပ်ဆိုင်းခဲ့ရသည့် တောင်သမန်သစ္စာ စီမံကိန်းအား MIC က ခွင့်ပြုပေးခဲ့ပြီးနောက် မြေဧက ၄၀ ကျော်ပေါ်တွင် စီမံကိန်းလုပ်ငန်းများ ပြန်လည်အကောင်အထည်ဖော်
Published 27 June 2018

တောင်သမန်သစ္စာစီမံကိန်း လုပ်ငန်းခွင် တစ်နေရာကို တွေ့ရစဉ်

အစိုးရ၏ ညွှန်ကြားချက်များကို မလိုက်နာသဖြင့် လုပ်ငန်းများ ရပ်ဆိုင်းခဲ့ရသည့် တောင်သမန်သစ္စာ စီမံကိန်းအား မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) က ခွင့်ပြုပေးခဲ့ပြီးနောက် မြေဧက ၄၀ ကျော်ပေါ်တွင် မြေဖို့ခြင်း လုပ်ငန်းများ စတင်လုပ်ဆောင်လျက်ရှိကြောင်း တောင်သမန်သစ္စာကုမ္ပဏီ ပြန်ကြားရေး တာဝန်ခံက ပြောကြားသည်။

မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်ရှိ တောင်သမန်အင်း အရှေ့တောင်ဘက်၌ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် တောင်သမန် ကျေးလက်ခရီးသွား အပန်းဖြေစခန်း ဝန်ဆောင်မှု Resort လုပ်ငန်း စီမံကိန်းအား လုပ်ငန်းပိုင်းဆိုင်ရာများကို ပြန်လည်စိစစ်ခဲ့ပြီးနောက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က မေလအတွင်းက ခွင့်ပြုပေးခဲ့ပြီးနောက် စီမံကိန်းလုပ်ငန်း အပိုင်း(၁)တွင် ပါဝင်သည့် ယာမြေဧက ၄၀ ကျော်ပေါ်တွင် မြေဖို့ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

“တောင်သမန်သစ္စာ စီမံကိန်းကို နိုင်ငံတော်အစိုးရကနေ ခွင့်ပြုပေးခဲ့ပြီး ဖြစ်ပါတယ်။ ခွင့်ပြုပေးတဲ့ အပိုင်းကတော့ စီမံကိန်းဧရိယာအတွက် မြေဧက ၄၀ ဒသမ ၂၇ ဧက ခွင့်ပြုပေးထားတာ ဖြစ်ပါတယ်။ ယခင်က ခွင့်မပြုသေးတဲ့အတွက် လုပ်ငန်းဆောင်ရွက်ခွင့် မရသေးဘူးပေါ့။ အခု မေလအတွင်းက စပြီးတော့ ခွင့်ပြုပေးလိုက်တဲ့အတွက် လုပ်ငန်းတွေ ဆက်လက်အကောင်ထည် ဖော်နေပါပြီ။ လုပ်ငန်းဆက်လက် အကောင်ထည် ဖော်တဲ့နေရာမှာ အဆောက်အအုံတွေကို အမြင့်ပေ ၄၀ ထက် ကျော်လို့မရပါဘူး။ ရှေးဟောင်းပုံစံအတိုင်း တည်ဆောက်သွားမှာပါ။ ဒါကြောင့်  ယခင်က အမြင့်ပေ ၅၀ အထိ တည်ဆောက်ထားတဲ့ အဆောက်အအုံတွေကို ပြန်ပြီးတော့ ဖြိုဖျက်သွားမှာပါ။ အစိုးရက သတ်မှတ်ထားတဲ့ အမြင့်ပေ ၄၀ အထိပဲ ဆောက်လုပ်သွားမှာပါ။ သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်ပြီး ကျွမ်းကျင်တဲ့ ပညာရှင်တွေနဲ့ စီမံကိန်းကို စိစစ်ထားပြီး ဖြစ်ပါတယ်။ သဘာဝပတ်ဝန်းကျင်ကို မထိခိုက်အောင် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ရေကြီးရေလျှံမှုတွေ မဖြစ်စေဖို့ ရေနုတ်မြောင်းတွေ တူးဖော်ဆောင်ရွက် သွားမှာပါ။ ဒီစီမံကိန်းဟာ  ဒေသခံတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ အများကြီးရရှိမှာ ဖြစ်သလို ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် အထောက်ကူပြုမှာ ဖြစ်ပါတယ်။ တောင်သမန်အင်းနဲ့ ဦးပိန်တံတားကိုလည်း မထိခိုက်အောင် ဆောင်ရွက်ထားပါတယ်။ ရှေးဟောင်း အဆောက်အအုံ တွေကိုလည်း မထိခိုက်စေဖို့ ဆောင်ရွက်သွားမှာပါ။ စီမံကိန်းက အာမခံပါတယ်။ မစိုးရိမ်ကြပါနဲ့လို့ ပြောချင်ပါတယ်။ ကျွန်တော်တို့ ကုမ္ပဏီနာမည်ကိုက တောင်သမန်သစ္စာ ဖြစ်တဲ့အတွက် တောင်သမန်အပေါ်မှာ သစ္စာရှိရှိနဲ့ ဆောင်ရွက်သွားမှာပါလို့ ကတိပေးပါတယ်” ဟု တောင်သမန်သစ္စာ ကုမ္ပဏီမှ ပြန်ကြားရေးတာဝန်ခံ ဦးခင်မောင်ထွန်းက ပြောကြားသည်။

တောင်သမန်သစ္စာကုမ္ပဏီက တောင်သမန်အင်းအတွင်း မြေဖို့ကာ စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှုနှင့် ပတ်သက်၍ ဇွန် ၂၆ ရက် နံနက်ပိုင်းက စီမံကိန်းဧရိယာ အနီးရှိ တောင်သမန် ဘိုးဘိုးကြီး နတ်နန်းတွင် ဒေသခံများ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဌာနမှ တာဝန်ရှိသူများ၊ ကုမ္ပဏီမှ တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးရာတွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးက စီမံကိန်း အကောင်အထည်ဖော်ရာတွင် သဘာဝပတ်ဝန်းကျင် မထိခိုက်စေရန် အရေးကြီးကြောင်းနှင့် ဒေသခံများအနေဖြင့် သဘာဝပတ်ဝန်းကျင်နှင့် ပတ်သက်၍ စီမံကိန်းတာဝန်ရှိသူများကို မေးမြန်းဆွေးနွေးသင့်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် ကုမ္ပဏီဘက်မှ တာဝန်ရှိသူများက စီမံကိန်းနှင့် ပတ်သက်၍ သဘာ၀ ပတ်ဝန်းကျင်ဆိုင်ရာ၊ စီမံကိန်းတည်ဆောက်ရေး လုပ်ငန်းခွင်ဆိုင်ရာများ၊ စီမံကိန်း ဆက်လက် အကောင်အထည် ဖော်ဆောင်မည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားသည်။ ဒေသခံများကလည်း စီမံကိန်းနှင့် ပတ်သက်၍ ဝင်ရောက်မေးမြန်း ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။

ယခင်အစိုးရ လက်ထက်က ခွင့်ပြုပေးခဲ့သည့် တောင်သမန်သစ္စာ စီမံကိန်းနှင့် ပတ်သက်၍ လက်ရှိအစိုးရသစ် တက်လာချိန် ၂၀၁၆ ခုနှစ် စက်တင်ဘာတွင် အဆိုပါစီမံကိန်းမှာ ခွင့်ပြုချက်များ၊ ညွှန်ကြားချက်များအား လိုက်နာမှုမရှိ ဟုဆိုကာ စီမံကိန်းကို ခေတ္တရပ်နားခိုင်းခဲ့ကာ အဖွဲ့ပေါင်းစုံပါဝင်သည့် အဖွဲ့များဖြင့် စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း၊ လက်ရှိအချိန်တွင် စီမံကိန်းအား မြေ ဧက ၄၀ ဒသမ ၂၇ ဧကကို ပြန်လည်ဖော်ဆောင်ခွင့် MIC က ခွင့်ပြုပေးခဲ့ပြီး မြေယာပြုပြင်ခြင်း၊ မြေဖို့ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကာ စီမံကိန်းကာလကို သုံးနှစ်မှ ငါးနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

“တောင်သမန်သစ္စာ စီမံကိန်းက တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ လမ်းညွှန်ချက်အတိုင်းပဲ လုပ်ငန်းဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ အဆောက်အအုံတွေကလည်း မြန်မာမှု ဟန်ပန်အတိုင်းပဲ လုပ်ဆောင်ရမှာ ဖြစ်သလို အမြင့်ပေက ပေ ၄၀ ထက်ကျော်လို့ မရဘူး။ အင်းရဲ့ သဘာဝပတ်ဝန်းကျင်၊ တံတားနဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေကို ထိခိုက်လို့ မရပါဘူး” ဟု သစ်တော၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးသစ်က ပြောကြားထားသည်။

တောင်သမန်သစ္စာ စီမံကိန်းနှင့် ပတ်သက်၍ ယခင်က ဦးပိန်တံတား အောက်ခြေအထိ မြေဖို့ခြင်းများ၊ အင်းအတွင်း မြေဖို့ခြင်းများကြောင့် ဝေဖန်ပြောဆိုမှုများ ဖြစ်ပေါ်ခဲ့ပြီး သက်ဆိုင်ရာ အစိုးရအဖွဲ့၏ လမ်းညွှန်ချက်များအား လိုက်နာမှု မရှိသဖြင့် လက်ရှိ အစိုးရသစ် လက်ထက်တွင် စီမံကိန်းကို ခေတ္တရပ်ခိုင်းခဲ့ပြီး မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း၊ ရှေးဟောင်းဌာန၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာန၊ အုပ်ချုပ်ရေး အစရှိသည့် အဖွဲ့ပေါင်းစုံ ပါဝင်သည့် အဖွဲ့ဖြင့် စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

လက်ရှိအချိန်တွင် စီမံကိန်းအား မြေဧက ၄၀ ကျော်ဖြင့် ပြန်လည် အကောင်အထည် ဖော်ဆောင်ခွင့်ကို MIC က ပြီးခဲ့သည့် မေလအတွင်းက ခွင့်ပြုပေးခဲ့သည်။