ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တရုတ်နိုင်ငံကာကွယ်ရေးဝန်ကြီး General Wei Fenghe တို့တွေ့ဆုံ၍နှစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးနှင့် ပြည်သူများ လုံခြုံမှုရှိရေး ပူးပေါင်းဆောင်ရွက်မှုအခြေအနေများဆွေးနွေး

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တရုတ်နိုင်ငံကာကွယ်ရေးဝန်ကြီး General Wei Fenghe တို့တွေ့ဆုံ၍နှစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးနှင့် ပြည်သူများ လုံခြုံမှုရှိရေး ပူးပေါင်းဆောင်ရွက်မှုအခြေအနေများဆွေးနွေး
Published 16 June 2018

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တရုတ်နိုင်ငံကာကွယ်ရေးဝန်ကြီး General Wei Fenghe တို့ နေပြည်တော်၌ ဇွန် ၁၅ ရက်က တွေ့ဆုံစဉ် (ဓာတ်ပုံ-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တရုတ်နိုင်ငံ ဗဟိုစစ်ကော်မရှင်အဖွဲ့ဝင်၊ နိုင်ငံတော်ကောင်စီဝင်နှင့် ကာကွယ်ရေးဝန်ကြီး General Wei Fenghe  တို့ ဇွန် ၁၅ ရက်တွင်တွေ့ ဆုံ၍ နှစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးနှင့် ပြည်သူများလုံခြုံမှုရှိရေး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု အခြေအနေများ ဆွေးနွေးခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တရုတ် ပြည်သူ့သမ္မတနိုင်ငံ၊ ဗဟိုစစ်ကော်မရှင်အဖွဲ့ ဝင်၊ နိုင်ငံတော်ကောင်စီဝင်နှင့် ကာကွယ်ရေးဝန်ကြီးဖြစ်သူ  General Wei Fenghe အား ဇွန် ၁၅ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်ရှေ့၌ ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုကြောင်း သိရသည်။

ထို့နောက် တရုတ်နိုင်ငံ၊ ဗဟိုစစ်ကော်မရှင်အဖွဲ့ဝင်၊ နိုင်ငံတော်ကောင်စီဝင်နှင့် ကာကွယ်ရေးဝန်ကြီးသည် ဇေယျာသီရိဗိမာန် ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင်လက်မှတ်ရေးထိုးပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဧည့်ခန်းမဆောင်၊ အစည်းအဝေးခန်း၌တွေ့ဆုံဆွေးနွေးကြကြောင်း သိရသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တရုတ်ကာကွယ်ရေးဝန်ကြီးတို့ ဇေယျာသီရိဗိမာန်ရှေ့၌ ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူနေစဉ် (ဓာတ်ပုံ-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံ တပ်မတော် နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုပိုမိုတိုးတက် ကောင်းမွန်အောင် ဆောင်ရွက်မည့် အခြေအနေများ၊ နှစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးနှင့် ပြည်သူများ လုံခြုံမှုရှိရေးနှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုအခြေအနေများ၊ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်၊ မောင်တောဒေသတွင် ဖြစ်ပွားခဲ့သည့်အခြေအနေများအပေါ် တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံဘက်မှ ရပ်တည် ဆောင်ရွက်ပေးနေမှုများ၊ နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား မဟာဗျူဟာ အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုနှင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ၊ လေ့ကျင့်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ၊ စစ်ဘက်ဆိုင်ရာ ဆေးပညာများ အပြန်အလှန်ဖလှယ်ရေးနှင့် အားကစားကဏ္ဍများ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ အပြည်ပြည်ဆိုင်ရာ လုံခြုံရေးအခြေအနေများနှင့် မြန်မာနိုင်ငံ၏ပြည်တွင်းငြိမ်းချမ်းရေးရရှိရန်အတွက် အစိုးရနှင့် တပ်မတော်မှဆောင်ရွက်နေမှု အခြေအနေများအား ဆွေးနွေးခဲ့ကြောင်း သိရသည်။

တွေဆုံမှု၌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မြန်မာ-တရုတ်နှစ်နိုင်ငံသည် ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံများ ဖြစ်ပြီး နှစ်နိုင်ငံခေါင်းဆောင်များ အဆက်ဆက် ဆောင်ရွက်ခဲ့သည့်အတွက်ကြောင့် ယနေ့ထက်တိုင် ခိုင်မြဲသည့်ဆက်ဆံရေးရှိသည်ကိုတွေ့ရှိရကြောင်း၊ ပြည်သူချင်း၊ တပ်မတော်ချင်း၊ နိုင်ငံချင်းဆက်ဆံရေးသည်လည်း အမြဲခိုင်မာလျက်ရှိသည်ကို တွေ့ရှိရကြောင်း၊ ယခုခရီးစဉ်သည်လည်း နှစ်နိုင်ငံနှင့် နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုကိုပိုမို တိုးတက်ကောင်းမွန်စေမည်ဖြစ် ကြောင်းပြောကြားသည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အတူ တရုတ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးက ယခုကဲ့သို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ဖိတ်ကြားချက်အရ ပထမဦးဆုံးအကြိမ် လာရောက်သည့်ခရီးစဉ်ဖြစ်သည့်အတွက် ဝမ်းမြောက်ဂုဏ်ယူကြောင်း၊ နှစ်နိုင်ငံချင်းချစ်ကြည်ရင်းနှီးမှု၊ ပြည်သူချင်းချစ်ကြည်ရင်းနှီးမှုကိုတွေ့မြင်ရပါကြောင်း၊ နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား မဟာဗျူဟာမြောက်ပူး ပေါင်းဆောင်ရွက်မှုနှင့် တရုတ်-မြန်မာနှစ် နိုင်ငံဘက်စုံ မဟာဗျူဟာမြောက်ပူးပေါင်း ဆောင်ရွက်မှုတိုးမြှင့်၍ နှစ်နိုင်ငံအကျိုးစီးပွား တိုးတက်ရေးကိုအတူတကွပူးပေါင်း ဆောင်ရွက်ရန် လာရောက်ခြင်းဖြစ်ကြောင်း ပြောကြားသည်ဟု သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

အဆိုပါဂုဏ်ပြုကြိုဆိုပွဲနှင့် တွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ဗဟိုစစ်ကော်မရှင်အဖွဲ့ဝင်၊ နိုင်ငံ တော်ကောင်စီဝင်နှင့် ကာကွယ်ရေးဝန်ကြီးဖြစ်သူနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာတရုတ်နိုင်ငံ သံအမတ်ကြီး H.E Mr. Hong Liang ၊ တရုတ်ပြည်သူ့တပ်မတော်မှ Lieu-tenant  General Peng Bo နှင့် တပ်မတော်အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ စစ်သံမှူးတို့ တက်ရောက်ကြကြောင်း သိရသည်။

Most Read

Most Recent