၂၁ ရာစု ပင်လုံအစည်းအဝေးများကို သတ်မှတ်ချိန်အတိုင်း ကျင်းပခြင်းထက် ထွက်ပေါ်လာမည့် ရလဒ်များသည် အရေးကြီးသဖြင့် ဆွေးနွေးဖက်များအကြား သဘောတူညီချက်များရရှိရေး အကျေအလည် ဆွေးနွေးရန် လိုအပ်ဟု UPDJC အတွင်းရေးမှူးများ သုံးသပ်

၂၁ ရာစု ပင်လုံအစည်းအဝေးများကို သတ်မှတ်ချိန်အတိုင်း ကျင်းပခြင်းထက် ထွက်ပေါ်လာမည့် ရလဒ်များသည် အရေးကြီးသဖြင့် ဆွေးနွေးဖက်များအကြား သဘောတူညီချက်များရရှိရေး အကျေအလည် ဆွေးနွေးရန် လိုအပ်ဟု UPDJC အတွင်းရေးမှူးများ သုံးသပ်
Published 25 May 2018

အစိုးရနှင့် NCA ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တို့ မေ ၁၉ ရက်က နေပြည်တော်တွင် ဒုတိယအကြိမ် လုံခြုံရေးကဏ္ဍ အလွတ်သဘောဆွေးနွေးပွဲ ပြုလုပ်နေစဉ် (ဓာတ်ပုံ-Myo Win)

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစု ပင်လုံအစည်းအဝေးများကို သတ်မှတ်ချိန်အတိုင်း ကျင်းပနိုင်ခြင်း၊ မကျင်းပနိုင်ခြင်းထက် ညီလာခံမှထွက်ပေါ်လာမည့် ရလဒ်များသည် အလွန်အရေးကြီးပြီး အလွတ်သဘော ဆွေးနွေးကြမည့် ဆွေးနွေးဖက်များ ကြားသဘောတူညီချက်များ ရရှိရေးအတွက် အကျေအလည်ညှိနှိုင်းဆွေးနွေးရန် လိုအပ်ကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အတွင်းရေးမှူးများက သုံးသပ်ပြောကြားသည်။

၂၁ ရာစု ပင်လုံအစည်းအဝေးများကို တစ်နှစ်လျှင် နှစ်ကြိမ်ပြုလုပ်ရန် အစိုးရအဖွဲ့က စီစဉ်ထားသော်လည်း တစ်နှစ်လျှင်တစ်ကြိမ်သာ ပြုလုပ်နိုင်သေးပြီး တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအချို့၏ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ပြုလုပ်ရန် ကန့်သတ်ခံရမှုသည်လည်း သတ်မှတ်ချိန်အတိုင်း ညီလာခံကျင်းပနိုင်ရေးကို အခက်အခဲဖြစ်စေသည်ဟု UPDJC အတွင်းရေးမှူးများက ပြောကြားသည်။

“နိုင်ငံရေးဆွေးနွေးမှုရဲ့ အဓိကအခြေခံကတော့ ကျွန်တော်တို့ အကျေအလည် ညှိနှိုင်းဆွေးနွေးမှုတွေနဲ့ နိုင်ငံရေးဆွေးနွေးကြတာဖြစ်တဲ့အတွက် နိုင်ငံရေးပြဿနာတွေ ငြိမ်းချမ်းစွာဖြေရှင်းဖို့လို့ ပြောတဲ့အတွက် အကျေအလည် ညှိနှိုင်းဖြေရှင်းမှုကို အခြေခံရမှာဖြစ်ပါတယ်။ အဲဒီတော့ ဒါကလည်း ကျွန်တော်တို့ အကျေအလည် ညှိနှိုင်းဆွေးနွေးမှုတွေနဲ့ သွားမယ်ဆိုတာကိုလည်း နှစ်ဖက်စလုံးမှာ နဂိုကတည်းက သဘောတူခဲ့ကြတာ ဖြစ်ပါတယ်။ အခုကတော့ အကျေအလည် ညှိနှိုင်းဆွေးနွေးမှုတွေဖြစ်ဖို့ အဲဒါဟာ အဓိကအချက်ပါပဲ” ဟု တိုင်းရင်းသားလက်နက်ကိုင်များ အစုအဖွဲ့မှ UPDJC အတွင်းရေးမှူးအဖွဲ့ဝင် ဦးခွန်မြင့်ထွန်းက ပြောကြားသည်။

၂၁ ရာစု ပင်လုံတတိယအစည်းအဝေးအား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပြည်ထောင်စု၏ အစိတ်အပိုင်းဟူသမျှသည် နိုင်ငံတော်မှ မည်သည့်အခါမျှ ခွဲမထွက်ရဆိုသည့်အချက်ကို အစိုးရနှင့် တပ်မတော်က ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်းတွင် ထည့်သွင်းလိုသော်လည်း တိုင်းရင်းသားများက လက်မခံနိုင်ကြောင်း၊ သို့သော် အဆိုပါအချက်ကို လက်ခံမှသာ အစိုးရနှင့် တပ်မတော်က တိုင်းရင်းသားများ လိုလားသည့် လူမျိုးရေးတန်းတူမှုနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို လက်ခံမည်ဖြစ်သည့်အတွက် အဆိုပါကိစ္စတွင် အကျေအလည်ညှိနှိုင်းဆွေးနွေးရန် လိုအပ်နေသည်ဟု ဦးခွန်မြင့်ထွန်းက ပြောကြားသည်။

NCA စာချုပ်တွင် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး စသည့် ဒို့တာဝန်အရေးသုံးပါးကို NCA စာချုပ်အား လက်မှတ်ရေးထိုးစဉ်ကတည်းကပင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများက လက်ခံထားပြီးသားဖြစ်သည့်အတွက် ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်းတွင် ခွဲမထွက်ရဆိုသည့်အချက်ကို ထည့်သွင်းရန် မလိုအပ်တော့ဟု နိုင်ငံရေးပါတီအစုအဖွဲ့မှ UPDJC အတွင်းရေးမှူးအဖွဲ့ဝင် ဒေါက်တာမနာမ်တူးဂျာက ပြောကြားသည်။

“တပ်မတော်က ခုနကပြောတဲ့စာသား (ခွဲမထွက်ရ) ကို ထည့်ကိုထည့်ရမယ်ပေါ့။ တိုင်းရင်းသားတွေက ခွဲထွက်ရေးမူကို စွဲကိုင်ထားတာ မရှိပါဘူး။ ခွဲထွက်ရေးမူမပါတဲ့ ဖက်ဒရယ်ပြည်ထောင်စုဆိုပြီး ပြောလာတယ်။ ပထမအစည်းအဝေးမှာလည်း ခွဲထွက်ရေးမပါဘူး။ ဒါက ဒို့တာဝန်အရေးသုံးပါးကို လက်ခံတဲ့သဘောပေါ့။ ဒါပေမဲ့ တပ်မတော်နဲ့အစိုးရကတော့ ခုနကစကားလုံးပါမှ စိတ်ချရမယ့်သဘောယူဆနေတယ်။ ဒါက နောက်တော့ ဖြေရှင်းလို့ ရတန်ကောင်းပါတယ်။ ဒီတိုင်းသွားနေလို့လည်း မဖြစ်ဘူးလေ” ဟု ဒေါက်တာမနာမ်တူးဂျာက ပြောကြားသည်။

၂၁ ရာစုပင်လုံအစည်းအဝေးများကို တစ်နှစ်လျှင်နှစ်ကြိမ် ကျင်းပခြင်း၊ မကျင်းပခြင်းထက် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံမှ အားလုံးသဘောတူလက်ခံသော ပြည်ထောင်စုသဘောတူညီချက် အစိတ်အပိုင်းများ ရရှိရေးကသာလျှင် ပိုမိုအရေးကြီးကြောင်း နိုင်ငံရေးပါတီအစုအဖွဲ့မှ UPDJC အတွင်းရေးမှူးအဖွဲ့ဝင် ဦးစိုင်းကျော်ညွန့်က ပြောကြားသည်။

“နိုင်ငံရေးဖြစ်စဉ်မှာလုပ်နေတဲ့ အမျိုးသားအဆင့် နိုင်ငံရေးတွေ့ဆုံပွဲတို့၊ လူထုတွေ့ဆုံပွဲတို့ဆိုတာ ဘယ်လိုလဲဆိုတာ ဟိုဘက်ဒီဘက် နားလည်တာမတူဘူး။ မတူတော့ ဒီဘက်ကလုပ်ရင် ဟိုဘက်က ပိတ်တယ်ပေါ့ဗျာ။ အဲ့ဒီတော့ ပြောချင်တာက ဒီအခက်အခဲအကျပ်အတည်းတွေကို ဖြေရှင်းဖို့လိုတယ်။ မဖြေရှင်းဘဲနဲ့ ညီလာခံကို လုပ်လိုက်မယ်ဆိုရင်လည်း ညီလာခံမှာသွားပြီးတော့ တိုင်းသိ၊ ပြည်သိ ငြင်းခုံနေကြလို့လည်း ဘာထူးမလဲ။ အဲဒီတော့ ကြားထဲမှာရှိနေတဲ့ အခက်အခဲတွေ ဖြေရှင်းဖို့လိုတယ်။ နောက်ပြီးတော့ လုံခြုံရေးပိုင်းဆိုင်ရာမှာဆိုရင်လည်း တစ်ခုတည်းသော တပ်မတော်ဆိုတာ ဘယ်လို၊ ပြည်ထောင်စုတပ်မတော်ဆိုတာ ဘယ်လိုပေါ့။ ဒီဟာတွေကလည်း ဆွေးနွေးညှိနှိုင်းမှုတွေမရှိဘူး။ မရှိဘဲနဲ့ ဟိုမှာသွားပြီး ရန်ဖြစ်နေကြရင်လည်း ဘာထူးမှာလဲ။ ဟိုဘက်က DDR ပြောတယ်။ ဒီဘက်က SSR ပြောတယ်။ ဟိုဘက်က DDR ပဲ ဆွေးနွေးမယ်။ SSR လုံးဝမဆွေးနွေးဘူး။ အဲဒါမျိုးတွေကအစ ဒါတွေက ပွဲမလုပ်ခင်ကတည်းက အပြင်မှာ ကြေကြေညက်ညက်ဖြစ်ဖို့လိုတယ်။ ဒါကြောင့်မို့ တိုင်းရင်းသားလက်နက်ကိုင်တွေအနေနဲ့ အစိုးရနဲ့ လာပြီးဆွေးနွေးတယ်။ အလွတ်သဘော နှစ်ခါဆွေးနွေးတယ်။ ဒါပေမဲ့ သဘောတူညီမှုမရသေးဘူး။ ဒီအလွတ်သဘောကတော့ များများတွေ့ဖို့လိုတယ်။ အလွတ်သဘောတွေက ပြေလည်ခါနီးပြီး အဖြေတွေထွက်ဖို့လိုတယ်” ဟု ဦးစိုင်းကျော်ညွန့်က ပြောကြားသည်။

၂၁ ရာစုပင်လုံ တတိယအစည်းအဝေး ကျင်းပနိုင်ရေးအတွက် အစိုးရနှင့် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ယခုလကုန်ပိုင်းတွင် အလွတ်သဘော ပြန်လည်ဆွေးနွေးကြမည်ဖြစ်ပြီး နှစ်ဖက်အဖွဲ့အစည်းများအကြား ညှိနှိုင်းမှုအဆင်ပြေမှသာ ညီလာခံကျင်းပမည်ဟု အစိုးရနှင့် အလွတ်သဘော တွေ့ဆုံဆွေးနွေးရေးအဖွဲ့တွင် ပါဝင်ခဲ့သူ ဦးခွန်မြင့်ထွန်းက ပြောကြားသည်။