CCCC က ရေးဆွဲမည့် ရန်ကုန်မြို့သစ် စီမံကိန်းအကြို အဆိုပြုလွှာတွင် နည်းပညာ အချက်အလက်များ၊ ဘဏ္ဍာရေး အဆိုပြုချက်နှင့် စီးပွားရေးလုပ်ငန်း ပုံစံများ ပါဝင်မည်ဖြစ်ပြီး NYDC မှ သဘောတူ လက်ခံပြီးပါက အများပြည်သူသိရှိရန် ချပြမည်ဟု ဦးသိမ်းေ၀ ပြောကြား

CCCC က ရေးဆွဲမည့် ရန်ကုန်မြို့သစ် စီမံကိန်းအကြို အဆိုပြုလွှာတွင် နည်းပညာ အချက်အလက်များ၊ ဘဏ္ဍာရေး အဆိုပြုချက်နှင့် စီးပွားရေးလုပ်ငန်း ပုံစံများ ပါဝင်မည်ဖြစ်ပြီး NYDC မှ သဘောတူ လက်ခံပြီးပါက အများပြည်သူသိရှိရန် ချပြမည်ဟု ဦးသိမ်းေ၀ ပြောကြား
Published 5 May 2018

ရန်ကုန်မြို့သစ် စီမံကိန်းအကြို အဆိုပြုလွှာအတွက် ရန်ကုန်တိုင်းအစိုးရအဖွဲ့နှင့် တရုတ်ကုမ္ပဏီတို့ မူဘောင်သဘောတူညီချက် ရေးထိုးပွဲ ပြုလုပ်စဉ်

China Communication Construction Company (CCCC) မှ ရေးဆွဲမည့် ရန်ကုန်မြို့သစ် စီမံကိန်းအကြို အဆိုပြုလွှာတွင် နည်းပညာ အချက်အလက်များ၊ ဘဏ္ဍာရေး အဆိုပြုချက်နှင့် စီးပွားရေးလုပ်ငန်းပုံစံများ ပါဝင်မည်ဖြစ်ပြီး NYDC မှ သဘောတူ လက်ခံပြီးပါက အများပြည်သူ သိရှိရန် ချပြမည်ဟု ရန်ကုန်မြို့သစ်စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်မည့် New Yangon Development Co.,Ltd (NYDC) ၏ ဒုတိယဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ် (CEO) ဦးသိမ်းေ၀ (Mr.Serge Pun) က ပြောကြားသည်။

NYDC Challenge ၏ ခြေလှမ်းသစ် အနေဖြင့် ပြီးခဲ့သည့် ဧပြီ ၃၀ ရက်တွင် CCCC နှင့် NYDC တို့ စီမံကိန်းအကြို အဆိုပြုလွှာ (Pre-Project Documents – PPD) ကို ပြင်ဆင်တင်သွင်းရန် မူဘောင်သဘောတူညီချက် (Framework Agreement) ကို လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပြီး CCCC မှ တင်သွင်းလာသည့် PPD ကို NYDC က ပြန်လည်သုံးသပ်မည်ဖြစ်သည်။

“ဒီနေရာမှာ ကျွန်တော် တစ်ခုရှင်းအောင် ပြောချင်တာကတော့ Framework Agreement လက်မှတ်ရေးထိုးတာက CCCC ကို အခြေခံ အဆောက်အအုံတွေ ဆောက်လုပ်ခွင့် ပေးလိုက်တာ မဟုတ်ပါဘူး။ CCCC က စီမံကိန်း အကြိုအဆိုပြုလွှာကို ပြင်ဆင်ပြီး NYDC ကလည်း သဘောတူ လက်ခံပြီးပြီ ဆိုရင်တော့ ဒီ PPD ကို အများပြည်သူကို ချပြမှာ ဖြစ်ပါတယ်။ ဒီအချိန်မှာ ဒီအဆိုပြုလွှာထက် ပိုကောင်းအောင် တင်ပြနိုင်သူ ဘယ်သူမဆို ပါဝင်ယှဉ်ပြိုင်လို့ ရပါတယ်။ ဒါပေမဲ့ မူလသဘောတူညီချက်မှာပါတဲ့ သတ်မှတ်ချက်နဲ့ ကန့်သတ်ချက်တွေကိုတော့ အတိအကျ လိုက်နာရမှာ ဖြစ်ပါတယ်။ ဒါမှလည်း ကျွန်တော်တို့ ပန်းသီးနှစ်လုံး ဘယ်အလုံး ပိုကောင်းလဲဆိုတာ ယှဉ်ကြည့်သလို ကြည့်လို့ရမှာပါ” ဟု ဦးသိမ်းဝေက ဆိုသည်။

အခြားကုမ္ပဏီတစ်ခုက CCC က တင်သွင်းထားသည့် PPD ထက် ပိုမိုကောင်းမွန်သော ကမ်းလှမ်းချက်များဖြင့် ယှဉ်ပြိုင်လာပါက CCCC အနေဖြင့် ဒုတိယကုမ္ပဏီ၏ ကမ်းလှမ်းချက်များအတိုင်း ပြန်လည်ယှဉ်ပြိုင်ခွင့်ရှိမည် ဖြစ်သကဲ့သို့ လက်လွှတ်ခံ၍လည်း ရကြောင်း၊ လက်လွှတ်ခံလိုက်ပါက ဒုတိယကုမ္ပဏီက လုပ်ပိုင်ခွင့်ရရှိမည်ဖြစ်ပြီး PPD ပြင်ဆင်ခြင်း၏ ကုန်ကျစရိတ် အားလုံးတို့ကို အနိုင်ရကုမ္ပဏီက CCCC ကိုပြန်လည် ပေးအပ်ရမည် ဖြစ်ကြောင်းနှင့် NYDC နှင့် CCCC တို့မှ ယင်းကုန်ကျစရိတ်များကို တင်ဒါဖိတ်ခေါ်ခြင်း မစတင်မီကတည်းက ကြိုတင်ညှိနှိုင်း သဘောတူညီမှု ရယူထားမည်ဖြစ်ပြီး ယင်းသဘောတူညီပြီး ကုန်ကျစရိတ်များကို တင်ဒါခေါ်ယူမည့် PPD ထဲတွင် ထည့်သွင်းဖော်ပြ သွားမည်ဖြစ်ကြောင်း သိရသည်။

“ပြီးခဲ့တဲ့လက NYDC ဖွင့်ပွဲအပြီးမှာ လူမှုကွန်ရက်နဲ့ သတင်းမီဒီယာ တချို့မှာ NYDC က ဘာလို့ တရုတ်ကုမ္ပဏီတစ်ခုနဲ့ ပေါင်းလုပ်နေတာလဲ။ မြန်မာနိုင်ငံအပေါ် တရုတ်နိုင်ငံရဲ့ လွှမ်းမိုးမှု အတိုင်းအတာ စိုးရိမ်စရာ အခြေအနေလား အစရှိတဲ့ မေးခွန်းတွေကို တွေ့ရပါတယ်။ ဒီရန်ကုန်မြို့သစ်လို ကြီးမားတဲ့ စီမံကိန်းအတွက် ပထမအဆင့်အနေနဲ့ ကျွမ်းကျင်အတွေ့အကြုံရှိပြီး ငွေကြေးအင်အား တောင့်တင်းတဲ့ ကုမ္ပဏီတွေနဲ့အတူ လက်တွဲလုပ်ကိုင်နိုင်ဖို့ အရေးကြီးပါတယ်။ CCCC က အလားတူတဲ့ အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးတိုးတက်မှုတွေကို နိုင်ငံတကာမှာ ဆောင်ရွက်ခဲ့ဖူးပြီး စီမံကိန်းရေးဆွဲခြင်း၊ ဒီဇိုင်းပုံစံထုတ်ဖော်ခြင်း၊ ငွေကြေးရင်းနှီးမြှုပ်နှံခြင်းနဲ့ ဆောက်လုပ်ခြင်း အပိုင်းတို့မှာလည်း လုပ်ဆောင်နိုင်စွမ်းနဲ့ လုံလောက်တဲ့ အတွေ့အကြုံတွေ ရှိတယ်လို့ ယုံကြည်တဲ့အတွက် ရွေးချယ်ခဲ့ပါတယ်” ဟု ၎င်းက ပြောကြားသည်။

ရန်ကုန်မြို့သစ် စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်မည့် NYDC ကို ဖွဲ့စည်းထူထောင်ကြောင်း မတ် ၃၁ ရက်တွင် စတင်ကြေညာ ခဲ့ခြင်းဖြစ်သည်။ NYDC ၏ ရည်မှန်းချက်မှာ ရန်ကုန်မြစ် အနောက်ဘက်ရှိ မြေနေရာကို ဖွံ့ဖြိုးတိုးတက်လာစေရန် ဆောင်ရွက်ခြင်းဖြင့် စီးပွားရေး၊ နေအိမ်များနှင့် အလုပ်အကိုင်များ တိုးတက်လာစေရန် ဖြစ်သည်။ ယင်းဖွံ့ဖြိုးရေးလုပ်ငန်းသည် ရန်ကုန်မြို့သစ်ဟု အမည်တွင်မည်ဖြစ်ပြီး တည်ဆောက်မှု ပြီးစီးပါက ယင်းဒေသသည် စင်ကာပူနိုင်ငံ အရွယ်အစားထက် နှစ်ဆကျယ်ဝန်းမည်ဖြစ်သည်။

NYDC ကို အထူးကုမ္ပဏီများအက် ဥပဒေဖြင့် ဖွဲ့စည်းထူထောင်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ရာခိုင်နှုန်းပြည့် ပိုင်ဆိုင်သည်။ မြို့သစ်တည်ဆောက်ရေးလုပ်ငန်း ပထမအဆင့်နှင့် ဆက်စပ်သည့် အခြေခံအဆောက်အအုံ လုပ်ငန်းသည် ပျမ်းမျှအားဖြင့် ဒေါ်လာ ၁ ဒသမ ၅ ဘီလျံကျော် ကုန်ကျမည်ဟု မျှော်မှန်းသည်။ အဆိုပါ လုပ်ငန်းများတွင် ရွာမြို့နယ် ငါးခု၊ တံတားနှစ်စင်း၊ ၂၆ ကီလိုမီတာအရှည်ရှိ ပင်မလမ်းကြောင်းများ၊ ၁၀ စတုရန်းကီလိုမီတာရှိ စက်မှုဇုန်၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုစက်ရုံ၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး အဆောက်အအုံများ၊ ရေသန့်နှင့်  ရေဆိုးထုတ် စက်ရုံများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent