တရုတ်သို့ ဆန်အများဆုံး တင်ပို့နေသည့် မူဆယ်နယ်စပ် ကုန်သွယ်ရေးစခန်းတွင် ဆန်ဝယ်လိုအား ကောင်းနေသဖြင့် တရုတ်ကုန်သည်များက နယ်စက်ပိုင်များအထိ တိုက်ရိုက်ဆင်းပြီး ဆန်ဝယ်ယူနေ

တရုတ်သို့ ဆန်အများဆုံး တင်ပို့နေသည့် မူဆယ်နယ်စပ် ကုန်သွယ်ရေးစခန်းတွင် ဆန်ဝယ်လိုအား ကောင်းနေသဖြင့် တရုတ်ကုန်သည်များက နယ်စက်ပိုင်များအထိ တိုက်ရိုက်ဆင်းပြီး ဆန်ဝယ်ယူနေ
Published 29 April 2018

ဘုရင့်နောင်ပွဲရုံအတွင်း ဆန်အရောင်းအဝယ် ပြုလုပ်နေသည့် ဆန်ပွဲရုံတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-ဇေယျာငြိမ်း)

တရုတ်နိုင်ငံသို့ ဆန်အများဆုံး တင်ပို့နေသည့် မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးစခန်းတွင် ဆန်ဝယ်လိုအားကောင်းနေသဖြင့် တရုတ်ကုန်သည်များက နယ်စက်ပိုင်များအထိ တိုက်ရိုက်ဆင်းကာ ဆန်ဝယ်ယူမှုများရှိနေကြောင်း ဘုရင့်နောင်ဆန်ကုန်စည်ဒိုင်မှ သိရသည်။

“နယ်စပ်ကုန်သွယ်ရေး ကောင်းလို့ရှိရင် ဘုရင့်နောင်တို့ ဘာတို့မှာစောင့်မဝယ်တော့ဘူး။ သူက နယ်မှာတင် အထိုင်ဈေးစက်ပိုင်တွေဆီမှာပဲ လိုက်ဝယ်လိုက်တာ။ တွဲကားတွေကလည်း ဘယ်ပဲဖြစ်ဖြစ် လွှတ်လို့ရတယ်လေ။ နယ်ကနေ တိုက်ရိုက်သွားတဲ့အခါကျတော့ ဘုရင့်နောင်ကို လာမယ့်စရိတ်၊ ဘုရင့်နောင်က ပွဲစားပွဲခ ပွဲရုံကို အကျိုးအမြတ်ပေးရမယ့် စရိတ်တွေကို သူတို့ကအကုန်ပေါင်းပြီးတော့ ဝယ်လို့ရတယ်။ တစ်အိတ်ကို ဘုရင့်နောင်မှာ ဝယ်တာထက် ၂၀၀၊ ၃၀၀ သက်သာတယ်။ နယ်ကို တိုက်ရိုက်လိုက်ဝယ်တယ်။ အဲဒီမှာ အခက်အခဲတွေက ဘာတွေဖြစ်လဲဆိုတော့ နယ်ကုန်သည်တွေဆီမှာ သူတို့က သေချာစစ်ဆေးပြီးတော့ မသယ်နိုင်ဘူး။ ကားတွေကလည်း အချိန်အခါမရှိရောက်တဲ့အချိန် မိုးချုပ်၊ အဲဒီလိုတင်တော့လေ။ အဲဒီအခါကျတော့ အစိုဓာတ်ပါတာတို့၊ ဆန်အရည်သွေးမမီတာတို့ မူဆယ်နယ်စပ်မှာ ဆန်တွေပျက်တာတွေ၊ အဝါဖောက်တာတွေ အဲဒီလိုဟာတွေ စကားများတာတွေ အရှုံးပေါ်တာတွေရှိတယ်” ဟု ဘုရင့်နောင်ဆန်ကုန်စည်ဒိုင်၊ အတွင်းရေးမှူး ဦးသန်းဦးက ပြောကြားသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းကလည်း မြန်မာ-တရုတ်နယ်စပ်မှ ကုန်သည်အချို့က ဧရာဝတီတိုင်းဒေသကြီးအထိဆင်းကာ ယင်းဒေသမှ ထွက်ရှိမည့်ဆန်များကို ပေါက်ဈေးထက်ပိုသော ဈေးနှုန်းဖြင့် ကြိုတင်ငွေပေးချေကာ ဝယ်ယူလျက်ရှိကြောင်း ဘုရင့်နောင်ဆန်ကုန်စည်ဒိုင်မှ သိရသည်။

“အခု ဧရာဝတီတိုင်းကထွက်မယ့် ဆန်ကို သူတို့ကထပ်ဝယ်ဖို့ရှိတယ်။ ထပ်ဝယ်ဖို့ရှိတဲ့ဟာက ရှမ်းမတွေက တိုက်ရိုက်ဆင်းဝယ်လာတယ်။ သူတို့ကလည်း သကြားတွေရောင်းထားတော့ ငွေတွေပိုနေတယ်။ လာဝယ်တော့ ဘုရင့်နောင်ပေါက်ဈေးထက် ပိုဝယ်တယ်။ နောက်ပြီးတော့ ဆန်ကို ငွေကိုကြိုပေးပြီးတော့ ဝယ်တယ်။ ဘုရင့်နောင်ကနေ အမြဲတမ်း နယ်စပ်ကိုတင်ပို့နေတဲ့လူတွေလည်း မလုပ်နိုင်တဲ့ဈေးနဲ့ သူတို့ကဝယ်တယ်။ သူတို့မှာ အားသာချက်ရှိတာက သူတို့ ဘုရင့်နောင်ကလူတွေ ဟိုမှာရောင်းရင် တစ်အိတ်ကို ၇၀၀ လောက် ၈၀၀ လောက် ပွဲခရတယ်။ အဲဒီပွဲခကို ဒီကနယ်စက်ပိုင်တွေဆီမှာ ပေါင်းပြီးတော့ ဝယ်လိုက်တဲ့အခါကျတော့ ဘုရင့်နောင်မှာ အမြဲတမ်းဝယ်တဲ့သူက မဝယ်နိုင်တော့ဘူးလေ” ဟု ဘုရင်နောင် ဆန်ကုန်စည်ဒိုင် အတွင်းရေးမှူး ဦးသန်းဦးက ပြောကြားသည်။

ထို့ပြင် ပဲခူတိုင်းဒေသကြီး အရှေ့ပိုင်းနှင့် အနောက်ပိုင်းဒေသများမှ ထွက်ရှိသည့် မနောသုခဆန်များကိုလည်း တိုက်ရိုက်ဆင်း ဝယ်မှုများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယခင်က ဆန်နှင့်ဆန်ကွဲတင်ပို့မှု စုစုပေါင်းပမာဏ၏ ရာခိုင်နှုန်း ၇၀ ကျော်ကို မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးစခန်းမှ တရုတ်နိုင်ငံသို့ အဓိကတင်ပို့နေခြင်းဖြစ်ပြီး ယခုဘဏ္ဍာနှစ်တွင် ပြည်ပဈေးကွက် ပိုမိုရှာဖွေနိုင်ခဲ့သည့်အတွက် ပင်လယ်ရေကြောင်းမှ ဆန်နှင့် ဆန်ကွဲတင်ပို့မှုများ မြင့်တက်လာကြောင်း သိရသည်။