လှိုင်သာယာ ရွှေလင်ဗန်းစက်မှုဇုန်ရှိ ရွှေဘူးထုတ်လုပ်သည့်စက်ရုံ မီးလောင်မှုဖြစ်ပွား

လှိုင်သာယာ ရွှေလင်ဗန်းစက်မှုဇုန်ရှိ ရွှေဘူးထုတ်လုပ်သည့်စက်ရုံ မီးလောင်မှုဖြစ်ပွား
Published 8 April 2018

ရွှေဘူးထုတ်လုပ်သည့် စက်ရုံအတွင်း မီးလောင်မှုကို ငြှိမ်းသတ်နေစဉ် (ဓာတ်ပုံ-မျိုးထက်ပိုင်)

လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်၊ ပိတောက်လမ်းရှိ Jewel Park International Myanmar Co.,Ltd ပိုင်သည့် ရွှေဘူးထုတ်လုပ်သည့်စက်ရုံသည် ဧပြီ ၇ ရက် ညနေ ၅ နာရီ မိနစ် ၄၀ ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါမီးလောင်မှုသည် ညနေ ၅ နာရီ မိနစ် ၄၀ ခန့်က စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး ၅ နာရီ ၅၂ မိနစ်ခန့်တွင် Level 3 အဆင့်ဖြင့် ဆက်လက်ငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။ ထိုမီးလောင်မှုသည် စက်ရုံသန့်ရှင်းရေးဝန်ထမ်းများက စက်ရုံမျက်နှာကြက်များအား သန့်ရှင်းရေးပြုလုပ်ရာ ဝိုင်ယာကြိုးများနှင့် ထိခိုက်မိသဖြင့် ဝါယာရှော့ဖြစ်ကာ စတင်လောင်ကျွမ်းခြင်းဖြစ်ကြောင်း သိရသည်။

“စက်ရုံဆင်းချိန် ဝန်ထမ်းတွေ အကုန်ပြန်သွားကြတော့ ကျွန်တော်က စက်ရုံတံခါးတွေ လိုက်ပိတ်တယ်။ အဲဒီအချိန်မှာ သန့်ရှင်းရေးလုပ်နေတဲ့ ဝန်ထမ်းတွေက မျက်နှာကြက်က အမှိုက်တွေကိုရှင်းရင်းက ဝိုင်ယာကြိုးတွေကိုထိမိပြီး ဝိုင်ယာရှော့ဖြစ်ရာက မီးစလောင်တာ။ မီးလောင်တဲ့အချိန် မီးငြှိမ်းသတ်သေးတယ်။ ဒါပေမဲ့ မီးကများလို့မနိုင်တာပါ” ဟု အဆိုပါစက်ရုံရှိ လုံခြုံရေးဝန်ထမ်းတစ်ဦးက ပြောကြားသည်။

မီးလောင်မှုဖြစ်ပွားရာနေရာသို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ နယ်မြေခံတပ်ရင်းမှ တပ်မတော်သားများပါ မီးငြှိမ်းသတ်ခဲ့ကြသည်။

စက်ရုံတွင်း မီးလောင်မှုကို တာဝန်ရှိသူများ ငြှိမ်းသတ်နေစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)

“မီးလောင်တော့ ကျွန်တော့်ကို ဆက်သွယ်လို့ရောက်လာတယ်။ တာဝန်ရှိသူတွေကို ဆက်သွယ်တယ်။ မြို့နယ်က အင်အားသုံးပြီးတော့ ဆင်းလာတယ်။ ရဲတပ်ဖွဲ့ဝင်တွေရော၊ တပ်မတော်သားတွေပါ လာရောက်ကူညီကြတယ်။ ဒီစက်ရုံမှာ အဓိကထုတ်တာက ရွှေဘူးတွေပါ။ လက်ဝတ်ရတနာဆိုင်တွေမှာ ရွှေထည်ပစ္စည်းတွေထည့်တဲ့ ဘူးတွေထုတ်တာပါ။ အစ်ကိုတို့က မီးသတ်ကားတွေ ဝင်ထွက်ရလွယ်အောင် လမ်းတွေရှင်းလင်းပေးတယ်။ လုံခြုံရေးလည်း ယူပေးပါတယ်” ဟု ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဇော်မိုးအောင်က ပြောကြားသည်။ ထို့နောက် ည ၇ နာရီတွင် မီးထိန်းနိုင်ခဲ့ပြီး စက်ရုံအတွင်းပိုင်းအတွင်း လှိုက်လောင်နေသည့်မီးများအား ဆက်လက်ငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။

“လောလောဆယ်တော့ ဝိုင်ယာရှော့လို့ သိထားတယ်။ အသေအချာတော့မသိသေးဘူး။ မီးကတော့ ထိန်းနိုင်သွားပြီ။ အတွင်းပိုင်းကတော့ လှိုက်ပြီးလောင်နေသေးတယ်။ အဲ့ဒါကိုတော့ မီးသတ်တပ်ဖွဲ့ဝင်တွေ ကြိုးစားငြှိမ်းသတ်နေပါတယ်။ ရွှေဘူးတွေထုတ်တဲ့ စက်ရုံဆိုတော့ လောင်စာများတယ်။ ထိခိုက်ဒဏ်ရာရတာတွေတော့မရှိဘူး” ဟု မီးလောင်မှုဖြစ်ပွားရာနေရာရှိ တာဝန်ကျမီးသတ်အရာရှိတစ်ဦးက ပြောကြားသည်။ အဆိုပါမီးလောင်ကျွမ်းမှုကို Level 3 အဆင့်သတ်မှတ်ခဲ့ပြီး မီးလောင်မှုကြာချိန် နှစ်နာရီခန့်တွင် မီးထိန်းနိုင်ခဲ့ပြီး ဆက်လက်ငြှိမ်းသတ်လျက်ရှိကြောင်း သိရသည်။